ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

မိုခါမုန်တိုင်း ရခိုင်ကို တိုက်ခတ်မှု ၂ လပြည့်ပြီ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 2.4k

(ရခိုင်ရှိ စာသင်ကျောင်းဆောင်အများအပြား ပြန်မပြုပြင်နိုင်သေး)

ယနေ့ ဇူလိုင် ၁၄ ရက်နေသည့် ဆိုင်ကလုန်မိုခါမုန်တိုင်း ရခိုင်ကို တိုက်ခတ်မှုမှာ နှစ်လကြာခဲ့ပြီဖြစ်ပြီး လက်ရှိအချိန်ထိ  ရခိုင်ရှိ ကျေးရွာ အများအပြားတွင် စာသင်ကျောင်းဆောင်များကို ပြန်လည်ပြုပြင်နိုင်ခြင်းမရှိသေးဟု သတင်း ရရှိသည်။

မိုခါမုန်တိုင်းကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ဂဏန်းတောင်ကျေးရွာရှိ စာသင်ကျောင်းဆောင် ၂ ဆောင်အနက် ခေါင်မိုးပါသွားသည့် စာသင်ဆောင်ကို ခေါင်မိုး မိုးပြုပြင်ပြီးစီးခဲ့သော်လည်း ပြိုကျပျက်စီးသွားသည့် ကျန် ၁ ဆောင်မှာ ယခုအချိန်ထိမပြုပြင်ရသေးကြောင်း ကျေးရွာသားတစ်ဦးဖြစ်သူ ဦးမောင်စံဝင်းက ပြောသည်။

"စာသင်ဆောင်က ၂ ဆောင်ရှိတာ။ ၂ ဆောင်မှာ ၁ ဆောင်က ခေါင်မိုးပဲ ပါသွားတာ။ အဲ့ဒါကို ခေါင်မိုးကိုပြန်ပြုပြင်လိုက်တယ်။ နောက် ၁ ဆောင်က လုံးဝပျက်စီးသွားတာ။  ဘာမှမလုပ်ရသေးဘူး။ ခေါင်မိုးပြန်ပြုပြင်လိုက်တဲ့ စာသင်ဆောင်မှာတော့ ကလေးတွေစာသင်နေရတယ်"ဟု ပြောသည်။

လက်ရှိတွင် ကျေးရွာရှိ ကျောင်းသား၊ ကျောင်းသူများမှာ ပြန်ပြင်ထားသည့် စာသင်ဆောင်တစ်ခုတည်း၌ အတန်းလိုက် ခွဲကာ အသုတ်လိုက် နှစ်ဖြတ်ခွဲပြီး စာသင်ကြားနေကြရသည်ဟုလည်း သိရသည်။

တာဝန်ကျနေသည့် အမည်မဖော်လိုသူ ကျောင်းဆရာတစ်ဦးက "ကလေးတွေကို Grade ခွဲပြီးတော့ နှစ်ဖြတ်ပြနေရတယ်။ အရင်ကတော့ စာသင်ဆောင် ၂ ဆောင်ရှိတော့ အဆင်ပြေတယ်။ အခုက ၁ဆောင်တည်းနဲ့အဆင်မပြေလို့ အလှည့်ကျခွဲပြီးစာသင်နေရပါတယ်" ဟု ပြောသည်။




ယင်းအပြင် ကျောက်တော်မြို့နယ်ရှိ ဘုရားပေါင်း၊ သင်္ဘောကွေ့၊ သရက်အုပ်၊ င/တပေါင်း၊ ပုလဲကိုင်း၊ မင်းသားဆိပ်၊ သုံးခွ၊ ပြိုင်းချောင်း စသည့်ကျေးရွာများ အပါအဝင် ကျေးရွာအများအပြားတွင်လည်း ပြိုကျသွားသည့် စာသင်ကျောင်းဆောင်များကို မပြုပြင်ရသေးဟု သိရသည်။

ဘုရားပေါင်းကျေးရွာမှ ဒေသခံတစ်ဦးက "ကျွန်တော်တို့ရွာမှာက စာသင်ကျောင်းက လုံးလုံးပြိုကျသွားတာ။ အခုချိန်ထိမပြုပြင်ရသေးဘူး။ အစိုးရက ပြုပြင်ပေးတာလည်း မရှိဘူး။ မုန်တိုင်းပြီးတာ ၂ လပြည့်ပြီ။ ကိုယ့်အိမ်ကိုယ်တောင် သေသေချာချာမပြုပြင်နိုင်သေးဘူး။ အစိုးရကမပြင်ပေးတဲ့ ကျောင်းကို ကျွန်တော်တို့က ကိုယ့်အားကိုယ်ကိုးစနစ်နဲ့ ကိုယ်ထူကိုယ်ထ လုပ်ဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူးလေ"ဟု ပြောသည်။

ထို့အတူ ခေါင်မိုးများမရှိတော့သည့် စာသင်ကျောင်းဆောင်များတွင်လည်း တာပေါ်လင်စများဖြင့် ယာယီမိုးကာထားရပြီး ကျေးရွာရှိဘုန်းကြီးကျောင်း၊ ဓမ္မာရုံစသည့် သာသနိက အဆောက်အအုံများတွင်လည်း အချိန်ခွဲ၍ စာသင်ကြားနေရသည်ဟု သိရသည်။

ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဒေါ်မစိုးက "ကျွန်မတို့က ကလေးတွေစာသင်ရဖို့ ပြိုကျသွားတဲ့ ကျောင်းဆောင်တွေကို တာဝန်ရှိတဲ့သူတွေကို အမြန်ဆုံး ပြန်ပြုပြင်ပေးစေချင်တယ်။ အခုက အဆင်ပြေသလို တက်နေရတော့ ကလေးတွေက ကျောင်းတက်လိုက်မတက်လိုက်နဲ့ဖြစ်နေတယ်။ တချို့ရွာတွေမှာဆို ဒီအချိန်ထိ ကျောင်းမတက်ရသေးဘူး" ဟု ပြောသည်။

မေလ ၁၄ ရက်က တိုက်ခတ်သည့် မိုးခါမုန်တိုင်းကြောင့် လုံးဝ ပြိုပျက်သွားသည့် ရခိုင်ရှိစာသင်ကျောင်းအများစုမှာမိုခါမုန်တိုင်းအပြီး ၂ လကြာသည်အချိန်ထိ ပြန်မပြုပြင်နိုင်သေး၍ ကျောင်းသား၊ ကျောင်းသူများမှာ စာသင်ယူခွင့်မရဘဲ ရှိနေသည်ဟုလည်း သိရသည်။

ရခိုင်တွင် အခြေခံပညာစာသင်ကျောင်း ၃၁၉၃ ကျောင်းရှိသည့်အနက် ၁၃၃၇ ကျောင်းသည် မေလ ၁၄ ရက်က တိုက်ခတ်သွားသည့် မိုခါမုန်တိုင်းကြောင့် ဆိုးဆိုးဝါးဝါး ပျက်စီးသွားခဲ့သည်။




စစ်ကောင်စီက ဇွန်လ ၁ ရက်တွင် တစ်နိုင်ငံလုံးရှိ ကျောင်းများနှင့်အတူ ရခိုင်ရှိ ပြိုပျက်နေသည့်ကျောင်းများအပါအဝင် ကျောင်းပေါင်း ၂၄၁၀ ကျောင်းကို ဖွင့်လှစ်ပေးခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သော်လည်း လက်တွေ့မြေပြင် အခြေအနေနှင့်များစွာကွဲလွဲမှု ရှိနေသဖြင့်​ ဝေဖန်မှုများမြင့်တက်ခဲ့သည်။

သို့ရာတွင် လက်ရှိအချိန်ထိ ပုဏ္ဏားကျွန်းမြို့နယ်အပါအဝင် စစ်တွေမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်တော် မြို့နယ်နှင့် ပေါက်တောမြို့နယ်တို့မှ ကျေးလက်ဒေသရှိ ကျောင်းအများအပြားမှာ ပြိုပျက်နေသေးသဖြင့် ပြန်လည်မပြုပြင်နိုင်သေးသလို ဖွင့်လှစ်နိုင်ခြင်းလည်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။ (NN-12)

ဆက်စပ် သတင်းများ