တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

ရခိုင်မြို့နယ် ၁၇ ခုကို သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသအဖြစ် နောက်ထပ် ၂ လ စစ်ကောင်စီသတ်မှတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 2.3k

ရခိုင်မြို့နယ် ၁၇ ခုကို သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသအဖြစ် နောက်ထပ်  ၂ လထပ်မံသတ်မှတ်လိုက်သည်ဟု စစ်ကောင်စီထုတ်ပြန်သည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုနည်းဥပဒေ ပုဒ်မ ၂၆ အရ သဘာဝ ဘေးအန္တရာယ် ကျရောက်လျက်ရှိသော ဒေသများအဖြစ် ဇူလိုင်လ ၁၅ ရက်မှ စက်တင်ဘာလ ၁၄ ရက်ထိ နှစ်လတာသတ်မှတ်လိုက်ကြောင်း စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်မှတ်ထိုးထုတ်ပြန်သည်။

ရခိုင်ပြည်နယ် အတွင်းမှ ကျောက်ဖြူမြို့နယ်၊ မာန်အောင်မြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ အမ်းမြို့နယ်၊ စစ်တွေမြို့နယ်၊ ပေါက်တောမြို့ နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ဂွမြို့နယ်၊ တောင်ကုတ်မြို့နယ်၊ သံတွဲမြို့နယ်၊ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောက်တော်မြို့ နယ်၊ မင်းပြားမြို့နယ်၊ မြောက်ဦးမြို့ နယ်၊ မြေပုံမြို့နယ်တို့သည် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သော မြို့နယ်များအဖြစ် စစ်ကောင်စီက သတ်မှတ်ထားသည်။  

အဆိုပါမြို့နယ်များကို ပုံမှန်အနေအထားသို့ အပြည့်အဝပြန်လည် ရောက်ရှိလာစေရန် နိုင်ငံတော်အစိုးရ၏ဦးဆောင်မှုဖြင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော အချိန်ကာလဖြစ်သည်ဟု ကြေညာချက်တွင်ရေးသားထားသည်။

အဆိုပါမြို့နယ် ၁၇ ခုကို အင်အားပြင်မိုခါဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ပြီး တစ်ရက်ခန့်အကြာ မေလ ၁၅ ရက်ကလည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများအဖြစ်စစ်ကောင်စီက ကြေညာခဲ့သည်။


စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇူလိုင်လ ၁၀ ရက်နေ့ က ရခိုင်ပြည်နယ်သို့ရောက်ရှိလာပြီး ၎င်းရက်ပိုင်းအတွင်း စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်စသည့်မုန်တိုင်းသင့်မြို့နယ်များသို့သွားရောက်ကာ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကိုကြည့်ရှုညွှန်ကြားခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်လည်း တွေ့ဆုံခဲ့သည်။

ရခိုင်သို့ရောက်ရှိလာခဲ့သည့် စစ်ကောင်စီဥက္ကဋ္ဌမှာ မုန်တိုင်းတိုက်ခတ်မှု ၂ လ အတွင်း ပြန်လည်ထူထောင်ရေးအခြေအနေ တိုးကောင်းမွန်သည်ဟု ပြည်နယ် စစ်ကောင်စီတာဝန်ရှိသူများနှင့်တွေ့ဆုံစဥ် ထုတ်ဖော်ပြောဆိုခဲ့သည်။

သို့သော်လည်း မုန်တိုင်းအလွန် ၂ လတာ ကာလအထိ စစ်ကောင်စီ၏ ကူညီထောက်ပံ့မှုမှာ အလွန့်အလွန်နည်းပါးကာ မဖြစ်စလောက် အကူအညီသာ ဖြစ်ပြီး ပြန်လည် ထူထောင်ရေးမှာလည်း လွန်စွာနှေးကွေးနေသဖြင့် ပြည်တွင်းပြည်ပ ဝေဖန်မှုများ ဆက်တိုက်ထွက်ပေါ်လျက်ရှိသည်။

၎င်းအပြင် ယူအန်အပါအဝင် နိုင်ငံတကာ အကူအညီများကိုလည်း ကန့်သတ် ပိတ်ပင်ထားသဖြင့် မုန်တိုင်းသင့် ရခိုင်ပြည်သူများမှာ လွန်စွာ အတိဒုက္ခ ရောက်နေကြရသည်ဟု ဒေသအတွင်းက လာသော သတင်းများအရ သိရသည်။

မုန်တိုင်းအလွန်ကပင် ပြည်သူများကို ကိုယ်တိုင်သွားရောက်ကူညီပေးနေသည့် ရခိုင်ကျောင်းသားများနှင့် လူမှုရေးတက်ကြွလှုပ်ရှားသူများကမူ စစ်ကောင်စီသည် မုန်တိုင်းတိုက်ခတ်မှု ၂ လပြည့်ခဲ့သည်အထိ လေဘေးသင့်ပြည်သူများကို ထိရောက်စွာကူညီကယ်ဆယ်မှု မပြုလုပ်သေးကြောင်း ပြောဆိုထားသည်။ (NN-23)

ဆက်စပ် သတင်းများ