Preview

စစ်တွေ-ရန်ကုန် ကားလမ်းတစ်လျှောက်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ် ၁၀ ကျော်က ငွေကြေးတောင်းခံမှုကြောင့် ကုန်ကားသမားများ အခက်အခဲရှိနေ

ဇူလိုင် ၁၇/ ၂၀၂၃ | ကြည့်ရှုသူ :6962
ရခိုင် သတင်း

ရခိုင်ပြည်နယ်မှ စစ်တွေအပါအဝင် မြို့များနှင့်ရန်ကုန်အကြား ကားလမ်းတစ်လျှောက်ရှိ  စစ်ကောင်စီစစ်ဆေးရေးဂိတ် ၁၀ ခုကျော်က ငွေကြေးတောင်းခံနေမှုများကြောင့် ကုန်ကားသမားများ အထူးအခက်အခဲရှိနေကြောင်း ကားသမားများက ပြောသည်။

ရခိုင်ပြည်နယ်အတွင်းဖြတ်သန်းသွားလာနေသောကုန်တင်ကားများကို  ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး လက်မှတ်ဖြင့်  ဖြတ်သန်းသွားလာခွင့်ပြုထားပြီး နယ်လုံလက်မှတ် မပါလျှင် ကုန်ကားတစ်စီးကို စစ်ကောင်စီ ဂိတ်တစ်ခုက ငွေကျပ် ၁ သောင်းမှ ၃ သောင်းခန့်အထိ တောင်းခံသည်ဟု  အမည်မဖော်လိုသည့် ကားသမားတစ်ဦးက ပြောသည်။

''လွန်ခဲ့တဲ့ ၂ နှစ် လောက်ကတည်းက ခက်ခဲနေတာ။ နယ်လုံဆီ လက်မှတ်ရဖို့ စာတင်ရင် အရမ်းကြာတယ်။ ဒါကြောင့် ဂိတ်တွေကို ငွေပေးပြီးမှ သွားနေကြရတာပါပဲ။ လမ်းခရီးတလျှောက်ကို သိန်းနဲ့ ချီပြီး ပေးနေ၇တယ်''ဟု ဆိုသည်။

နယ်လုံလက်မှတ် မပါလျှင် စစ်တပ်စစ်ဆေးရေးဂိတ်များကို ဖြတ်ခွင့်မပေးဘဲ ငွေပေးမှသာလျှင် ဖြတ်သန်းခွင့် ပြုကြောင်း ကားသမားများက ပြောဆိုသည်။

နောက်ထပ် စစ်တွေကားဂိတ်မှ ကားသမားတစ်ဦးက “  ငွေမပေးရင် အချိန်ကြာကြီးစစ်တယ်။ ဟိုမေးဒီမေးလုပ်တယ်။ သွားခွင့်မပြုဘူး။ ကုန်တင်ကားတွေက ကုန်စိမ်းတွေပါလာရင် အချိန်နဲ့ တပြေးညီရောက်ဖို့လိုတယ်။ ဒီတော့ အချိန်အကြာကြီးနေလို့ မရတော့ သူတို့တောင်းတဲ့ပိုက်ဆံကို ပေးကြရတာပါဘဲ။ အခုဖြစ်နေတာက အထိန်းအကွပ် မရှိဘူး၊ အကုန်လုံးကို ကြောက်နေရတယ်။ မတရားတောင်းတာကို တွေ့ရင်လည်း တိုင်လို့မရဘူး။ တကယ့်ဥပဒေမဲ့ဖြစ်နေပါပြီ။   ၇သူတောင်းစားအဲသလိုဖြစ်နေတာ” ဟု ပြောဆိုသည်။




ရန်ကုန် - စစ်တွေ ကားလမ်းတလျှောက်တွင် စစ်ကောင်စီ ဂိတ် ၁၂ ဂိတ်ခန့်ချထားပြီး ဂိတ်တစ်ခုကို ဖြတ်တိုင်း ကားရပ်ပြီး ငွေကြေးကောက်ယူနေသည်ဟု ကားသမားများထံမှ သိရသည်။

ရက္ခိုင့်တပ်တော်(AA)ကမူ ကားလမ်းတစ်လျှောက် အချို့နေရာများတွင် စစ်ဆေးမှုများရှိသော်လည်း စစ်ကောင်စီ တပ်သားများကဲ့သို့ ငွေကြေးတောင်းယူခြင်းမရှိဟု ကားသမားများက ပြောသည်။

အမည်မဖော်လိုသည့် ကားသမားတစ်ဦးက ''ဂိတ်က ၁၂ ဂိတ်လောက် ဖြတ်ရတယ်။ စကစကလည်း စစ်သလို AA ကလည်းစစ်တယ်။ AA ကို ငွေပေးရတာတော့ မရှိပါဘူး''ဟု ဆိုသည်။

ယခုကဲ့သို့ စစ်ကောင်စီဂိတ်များက ပိုက်ဆံကောက်ခံသဖြင့် ကုန်တင်ကားများအနေဖြင့် ပို့ဆောင်သည့် ပစ္စည်းများကို အသေးတစ်ထုပ်မှ စတင်ကာ အဖိုးအခအဖြစ် ကျပ် ၃၀၀၀ မှစပြီး ကောက်ခံနေကြရသည်ဟု ဆိုသည်။

မင်းပြားဒေသခံ အမျိုးသမီးတစ်ဦးက ''ရန်ကုန်က ပစ္စည်းတစ်ခုမှာတာ လက်ဝါးလောက်ပဲရှိမယ်။ ရန်ကုန်ကနေ မြောက်ဦးကားဂိတ်ကို ၄၀၀၀ ပေး၇တယ်။ အဲ့ဒါက ပစ္စည်းတန်းဖိုးထက် ကားခက ပိုပြီး ဈေးတက်သွားတယ်''ဟု ဆိုသည်။

ယင်းကဲ့သို့ အဖိုးအခ အများအပြားပေးရသည့်အတွက် ဒေသခံများမှာလည်း အခက်အခဲ ကြုံနေကြရသည်ဟု သိ၇သည်။

စစ်ကောင်စီအနေဖြင့် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်မှစတင်ကာ ၇ခိုင်ပြည်နယ်သို့ ဆေးဝါးနှင့် ကျွန်းသစ်များကို လုံး၀ တင်သွင်းခွင့် ပိတ်ထားပြီး ကုန်စည်နှင့် တခြား အိမ်ဆောက်ပစ္စည်းများမှအစ နယ်လုံလက်မှတ်ပါမှ သွားလာခွင့်ပြုထားခြင်းဖြစ်သည်။

ယင်းအပြင် ရခိုင်ပြည်နယ်တွင် တိုက်ခတ်သွားသည့် မိုခါ မုန်တိုင်းအပြီးတွင်လည်း အိမ်ဆောက်ပစ္စည်း သယ်ယူခွင့်များကို ကန့်သတ်မှုများရှိနေဆဲဟု သိရသည်။

ယင်းကဲ့သို့ ကန့်သတ်မှုများကြောင့် စစ်ကောင်စီအား ဝေဖန်မှုများရှိနေသော်လည်း ဖြေလျှော့ပေးမှုမရှိသေးကြောင်း ရခိုင်မှ တက်ကြွလှုပ်ရှားသူများက ထောက်ပြကြသည်။

ယခုကဲ့သို့ ကားလမ်းမတစ်လျှောက် စစ်ကောင်စီတပ်က ကန့်သတ်ပိတ်ပင်ထားမှုများကြောင့် ရခိုင်ပြည်နယ်တွင် ကုန်စည်ဈေးနူန်းများမှာ အဆမတန် မြင့်မားလျက်ရှိပြီး ဒေသခံများအနေဖြင့်လည်း စားဝတ်နေရေး အခက်အခဲများ ရှိနေကြရသည်ဟု သိ၇သည်။ (NN-18)

ဓာတ်ပုံ - ကျောက်တော်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တစ်ခုကို တွေ့၇စဉ်။

#ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.