အင်္ဂါ၊ မေလ ၁၄ရက်၊ ၂၀၂၄

တောင်ကုတ်ရှိ ပြည်သူပိုင် ဦးဥတ္တမကလေးကစားကွင်းကို မြို့ခံများ၏ဆန္ဒမပါဘဲ မြို့နယ်စည်ပင်က လေလံတင်ရောင်းချလိုက်ပြီ (စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းက လေလံအောင်မြင်)


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 520

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ ပန်းတောင်း-တောင်ကုတ်လမ်းမကြီးဘေးတည်ရှိသည့် အများပြည်သူပိုင် ဦးဥတ္တမကလေးကစားကွင်းကို ယနေ့ဇူလိုင်လ ၁၇ ရက်တွင် မြို့နယ်ထွေအုပ်ရုံး၌ လေလံတင်ပွဲပြုလုပ်၍ ရောင်းချလိုက်ပြီဟု သတင်းရရှိသည်။

ယင်းသို့လေလံတင်ရောင်းချခဲ့ရာ ကလေးကစားကွင်းလုပ်ကိုင်ခွင့်ကို တစ်လလျှင် ကျပ် ၁၅ သိန်းနှုန်းဖြင့် တောင်ကုတ်မြို့မှ စားသောက် ဆိုင်လုပ်ငန်းရှင်များအသင်းက လေလံအောင်မြင်ခဲ့ကြောင်း သိရသည်။

"လေလံတင်ပွဲက ဒီနေ့မနက်ကပဲပြီးသွားပြီ။ စားသောက်ဆိုင်လုပ်ငန်းရှင်အသင်းက လေလံအောင်သွားတယ်လို့ သိရတယ်" ဟု တောင်ကုတ်မြို့ခံအမျိုးသားတစ်ဦးက နိရဥ္စရာသို့ပြောသည်။

လေလံအောင်မြင်ခဲ့သည့် တောင်ကုတ်မြို့စားသောက်ဆိုင်လုပ်ငန်းရှင်အသင်းမှ ဆိုင်ပိုင်ရှင်တစ်ဦးကလည်း ကလေးကစားကွင်းလေလံတင်ပွဲတွင် မိမိတို့အသင်းမှ လေလံအောင်မြင်ခဲ့ကြောင်းနှင့် ကလေးကစားကွင်းကို မကြာမီဖွင့်လှစ်သွားမည်ဟု လူမှုကွန်ရက်စာမျက်နှာတွင် မျှဝေထားသည်။

အဆိုပါအမျိုးသားက "တောင်ကုတ်မြို့ မိဖပြည်သူများနှင့် ကျောင်းသားကျောင်းသူ ခလေး သူငယ်များ ပျော်ရွှင်အပန်း ဖြေ အနားယူနိုင်ရန်အတွက် တောင်ကုတ်မြို့ ခလေးကစားကွင်းကို မကြာမှီ ဖွင့်လှစ်ပီး အဆင့်မြင့် ကစားကွင်းအဖြစ်သို့ ရောက်ရှိလာအောင် ကျွန်တော်တို့ တောင်ကုတ်မြို့ စားသောက်ဆိုင်လုပ်ငန်းရှင်များ အသင်းမှ တာဝန်ယူဆောင်ရွက်ပေးပါမည်ဟု သတင်းကောင်းပေးပါတယ် ခင်ဗျာ" ဟု ရေးသားထားခြင်းဖြစ်သည်။



အဆိုပါဦးဥတ္တမကလေးကစားကွင်းကို တောင်ကုတ်မြို့စည်ပင်သာယာအဖွဲ့က ၄င်းတို့ဌာနပိုင်ဆိုင်သည်ဟုဆိုကာ မြို့သူများသားများ၏ သဘောဆန္ဒမပါဘဲ ကစားကွင်းလေလံရောင်းချရေးကော်မတီဖွဲ့စည်းကာ ရောင်းချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇွန်လ ၂၃ ရက်နေ့စွဲနှင့် ကလေးကစားကွင်းလေလံရောင်းချရေးကော်မတီ(တောင်ကုတ်မြို့)၏ လေလံကြော်ငြာစာထဲတွင် ကလေးကစားကွင်းရောင်းချမည့်ကြမ်းခင်းစျေးကို ၆၃၀၀၀၀၀  ကျပ် သတ်မှတ်ထားသည်ကိုတွေ့ရသည်။

လေလံအောင်မြင်သည့်သူများအနေဖြင့် ကလေးကစားကွင်းကို ၂၀၂၃ ခုနှစ် ၊ ဧပြီလ ၁ ရက်မှ ၂၀၂၄ ခုနှစ် ၊ မတ်လ ၃၁ ရက်အထိ ကာလအပိုင်းအခြားအရ လုပ်ကိုင်ခွင့်ရရှိမည်ဟု လေလံကြော်ငြာစာထဲတွင် ပါရှိသည်။

ကလေးကစားကွင်းလေလံတင်ရောင်းချသည့်အခြေအနေပတ်သက်၍ တောင်ကုတ်မြို့၊ စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်စိန်အားဆက်သွယ်ခဲ့ရာ ဖုန်းကိုင်သော်လည်း တုံ့ပြန်ပြောခြင်းတစ်စုံတစ်ရာမရှိခဲ့ပါ။



လက်ရှိလေလံတင်ရောင်းချလိုက်ပြီဖြစ်သည့် ကလေးကစားကွင်း၏ ဧရိယာမှာ ၂ ဧကခန့်ကျယ်ပြီး တောင်ကုတ်မြို့၊ သိမ်တောင်ရပ်ကွက်၊ ပန်းတောင်း-တောင်ကုတ်လမ်းမကြီးဘေး ဆရာတော်ဦးဥတ္တမရုပ်တုအနီးတည်ရှိသည်။

ကစားကွင်းဖြစ်မြောက်ရေးအတွက် တောင်ကုတ်မြို့မှ ဒေသခံများအနေဖြင့် ၂၀၁၈ ခုနှစ်မှစ၍ အကောင်ထည်ဖော်ရန် ကြိုးစားခဲ့ကြခြင်းဖြစ်ပြီး ကျပ်သိန်းပေါင်း ၆၀၀ အကုန်အကျခံတည်ဆောက်ကာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်တွင်ဖွင့်လှစ်ခဲ့သည်။

ကလေးကစားကွင်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ပုံမှန်လည်ပတ်စေရေးတို့ကို ယခင်က တောင်ကုတ်မြို့ခံတချို့က တာဝန်ယူဦးစီးလုပ်ကိုင်လာခဲ့သော်လည်း လက်ရှိတွင် စည်ပင်သာယာအဖွဲ့က ၄င်းတို့အပိုင်ဟုဆိုကာ လေလံတင်ရောင်းချခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ကလေးကစားကွင်းကို ပုဂ္ဂလိကအပိုင်အဖြစ် ဖွင့်လှစ်တော့မည်ဖြစ်၍ ယခင်ကထက် ဝင်ကြေးနှင့် ကစားကွင်းအသုံးပြုခများအား တိုးကောက်မည်ကို မြို့ခံအချို့က စိုးရိမ်နေကြသည်။

ယခင်က ကစားကွင်းဝင်ကြေးအဖြစ် လူတစ်ဦးလျှင် ကျပ် ၃ဝဝ နှင့် ကစားကွင်းအတွင်း လူ ၃ ဦးစီးနိုင်သည့် ဘဲလှေစီးလျှင် ကျပ် ၃ဝဝဝ ရှိခဲ့သည်ဟု သိရသည်။

အဆိုပါကစားကွင်းကို ပြီးခဲ့သည့် မတ်လ ၂ဝ ရက်မှစတင်ကာ ယခုထိ မြို့နယ်စည်ပင်အဖွဲ့က ယာယီပိတ်ထားခဲ့ခြင်းဖြစ်သည်။ (NN-23)

Photo - Ko Zaya Kyaw


ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!