တနင်္ဂနွေ၊ မေလ ၁၂ရက်၊ ၂၀၂၄

ရခိုင်တွင် Grade 11 နှင့် Grade 12 ၌ ဘာသာတွဲပြောင်းလဲခွင့်ကန့်သတ်လိုက်၍ ကျောင်းသားများ အခက်အခဲဖြစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 853

အခြခံပညာအထက်တန်းအဆင့် Grade 11 နှင့် Grade 12 ၌ ဘာသာတွဲပြောင်းလဲခြင်းအား ကန့်သတ်လိုက်၍ ကျောင်းသား၊ ကျောင်းသူများ အခက်အခဲဖြစ်နေကြရကြောင်း သိရသည်။

ယခုနှစ် Grade-10 စတင်တက်ရောက်နေသည့် ကျောင်းသားများအနေဖြင့် သြဂုတ်လ ကုန်ထိ ဘာသာတွဲပြောင်းလဲခွင့် (၁)ကြိမ်သာပေးထားပြီး Grade 11 နှင့် Grade 12 တို့တွင် တက်ရောက်နေသည့်ကျောင်းသားများအား ဘာသာတွဲ ပြောင်းလဲခွင့် လုံးဝ ခွင့်မပြုရန် ရခိုင်ပြည်နယ်ပညာရေးမှူးဦးဘထွီးစိန်လက်မှတ်ရေးထိုးပြီး ဇူလိုင်လ ၁၂ ရက်တွင် ထုတ်ပြန်ထားသည်။

Grade 11 နှင့် Grade 12 တို့မှ BIO တွဲယူထားသည့် ကျောင်းသားများမှာ BIO တွဲကိုသာ ဆက်တက်ရမည်ဖြစ်ပြီး ဘောဂတွဲသို့ ပြောင်းခွင့်မရှိတော့သည့်သဘောဖြစ်သည်။

အလားတူ ဘောဂတွဲ ကျောင်းသားများမှာလည်း ဝိဇ္ဇာတွဲသို့ ပြောင်းခွင့် မရှိတော့ဟု သိရသည်။

ယခုကဲ့သို့ အချိန်လွန်မှ ထုတ်ပြန်လိုက်သည့်အတွက် ကျောင်းသားများအနေဖြင့် ထိခိုက်မှုများ ရှိသည်ဟု အထက်တန်းပြဆရာတစ်ဦးက ထောက်ပြသည်။

''အခု အသစ်တက်နေတဲ့ Grade 10 က ကလေးတွေက အခက်အခဲမဖြစ်ဘူး။ Grade 11 နဲ့ Grade 12 တက်နေတဲ့ ကလေးတွေကသာ အခက်အခဲဖြစ်နေတာ။ စာက နဂိုကတည်းက ထွက်ခဲ့ရမှာ။ အခုက Grade 11/12 တက်နေတဲ့ကလေးတွေက စာမလိုက်နိုင်တော့ ဘောဂတွဲကနေ ဝိဇ္ဇာတွဲပြောင်းကြတယ်။ အခုက ပြောင်းမရတော့ အခက်အခဲ ဖြစ်သွားတာပေါ့ ''ဟု ဆိုသည်။



ကျောင်းသူတစ်ဦးကလည်း ကျောင်းစတက်သည့်အချိန်မှ စပြီး Grade 11 နှင့် Grade 12 မှ ကျောင်းသားများမှာ ဘာသာတွဲ အပြောင်းအလဲလုပ်ထားခဲ့ပြီး လက်ရှိအချိန်ရောက်မှ ပြောင်းမရသည့်အတွက် စာသင်ချိန်များ နစ်နာမှုရှိသည်ဟု ပြောသည်။

''ကျမတို့က ဘောဂတွဲ မလိုက်နိုင်လို့ ဝိဇ္ဇာတွဲပြောင်းလိုက်တယ်။ ဒါပေမဲ့ အခု ပြောင်းမရတော့ဘူး။ ပြန်တက်ရမယ်ဆိုတော့ တစ်လလောက် တက်ထားတဲ့ စာတွေ အလကားဖြစ်သွားတယ်'' ဟု ဆိုသည်။

ယခုကဲ့သို့ ဘာသာတွဲပြောင်းလဲခွင့်အား ကန့်သတ်လိုက်မှုကို ရခိုင်ပြည်နယ်ရှိ အခြေခံပညာရေး ကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ သိရှိလိုက်နာရေး ကြပ်မတ်ဆောင်ရွက်ရန် အကြောင်းကြားသည်ဟုလည်း ပြည်နယ်ပညာရေးမှူးရုံး၏ အမိန့်စာတွင် ဖော်ပြထားသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် ပညာရေးမှူး ဦးဘထွီးစိန်အား နိရဥ္စရာက ဆက်သွယ်ခဲ့သော်လည်း မအားသေးဟုဆိုကာ ဖုန်းချသွားသည်။

ရခိုင်ပြည်နယ်တွင် ယခုနှစ် ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ်အတွင်း ကျောင်းသူ၊ ကျောင်းသား ၅၃၄,ရဝဝ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိသည်ဟု ပြည်နယ်စစ်ကောင်စီထုတ်ပြန်ချက်အရ သိရသည်။ (NN-18)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!