ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

စစ်တွေမြို့ နေရာအချို့တွင် လုံခြုံရေးတင်းကျပ်ပြီး စစ်ဆေးမှုများပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 1.3k

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နေရာ အချို့တွင် ရဲ၊ စစ်သားများနှင့် ယာဥ်ထိန်းရဲများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က စစ်ဆေးရေးများ တင်းတင်းကျပ်ကျပ် ပြုလုပ်နေသည်ဟု သတင်းရရှိသည်။

ယနေ့ ဇူလိုင်လ ၁၈ ရက်၊ နံနက် ၈ နာရီခန့်မှစတင်ပြီး စစ်တွေမြို့အဝင် မုခ်ဝအလွန်လမ်းဆုံ၊ မီးစက်ကြီးလမ်းဆုံ၊ ဆတ်ရိုးကျရပ်ကွက်ရှိ ဝါးဆိပ်အလွန်နှင့် ကျေးတောရွာလမ်းဆုံတို့တွင် စစ်ဆေးရေးများပြုလုပ်နေသည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

"ကျွန်တော်တို့ကို စစ်ဆေးနေတုန်းက ၁၂ နာရီလောက်ရှိပြီ။ ရဲတွေ၊ စစ်သားတွေ၊ ယာဥ်ထိန်းရဲတွေလည်း ပါပါတယ်။ ပူးပေါင်းစစ်ဆေးနေကြတာ။ အဲ့ဒီဘက်မှာ အင်အား ၃၀ လောက်ပါတယ်။ ဆိုင်ကယ်ဘောက်တွေကို ဖွင့်ပြခဲ့ရပါတယ်" ဟု ပြောသည်။

ယင်းအပြင် မီးစက်ကြီးလမ်းဆုံတွင်လည်း ရဲ၊ စစ်သား၊ ယာဥ်ထိန်းရဲများက အင်အားအများအပြားဖြင့် စစ်ဆေးရေးများပြုလုပ်နေသည်ဟု မင်းဂံရပ်ကွက်မှ အမျိုးသားတစ်ဦးက ပြောသည်။

"ကျနော်က မြို့ထဲသွားတာ။ ကျနော်တို့အခေါ်  ချပိုးခွဆုံ၊ အဲ့ဒီအနားမှာလည်း စစ်တယ်။ ပြီးရင် မီးစက်ကြီးလမ်းဆုံမှာလည်း စစ်ဆေးနေတယ်။ ဘာလို့စစ်တာလဲတော့ မသိပေမဲ့ တစ်ခုခုအကြောင်းထူးလို့စစ်တာဖြစ်မယ်" ဟု ပြောသည်။

စစ်တွေတွင် ရဲ၊ စစ်သားများနှင့် ယာဥ်ထိန်းရဲများပူးပေါင်းပြီး မကြာခဏဆိုသလို လမ်းဆုံလမ်းခွတို့တွင် စစ်ဆေးမှုများပြုလုပ်နေ၍ မြို့တွင်းသွားလာနေသူများ အနေဖြင့်လည်း စိုးရိမ်မှုများရှိနေကြသည် မြို့ခံများက ပြောဆိုကြသည်။

 



(NN-12)

 

ဓာတ်ပုံ - လူမှုကွန်ရက်

ဆက်စပ် သတင်းများ