သောကြာ၊ မေလ ၁၀ရက်၊ ၂၀၂၄

ဘူးသီးတောင် မယူတောင်ထဲ AA နှင့် ARSA တိုက်ပွဲဖြစ်ပွားဟု ဒေသခံများပြောဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 1.5k

ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ်ရှိ မယူတောင်ထဲတွင် ရက္ခိုင့်တပ်တော်(AA)နှင့် ARSA လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။

ယမန်နေ့၊ ဇူလိုင်လ ၁၈ ရက်၊ ညနေ ၃ နာရီခန့်တွင် ဘူးသီးတောင်မြို့နယ်၊ အာကာပျံနှင့် ကျောက်စာတိုင်ကြားရှိ မယူတောင်ထဲတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဘူးသီးတောင်မြို့နယ်မှ ဒေသခံတစ်ဦးက နိရဥ္စရာကို ပြောသည်။

"တိုက်ပွဲဖြစ်တာက ဟုတ်တယ်။ မနေ့က ညနေ ၃ နာရီလောက်မှာဖြစ်တာ။ ARSA အဖွဲ့နဲ့ AA နဲ့ဖြစ်ကြတာ။ နှစ်ဘက် သေနတ်ပစ်သံတော့ ကြားခဲ့ရတယ်။ ဒီနေ့တော့ ပစ်သံတွေမကြားရဘူး"ဟု ပြောသည်။

အဆိုပါတိုက်ပွဲအတွင်း အထိအခိုက်အကျအဆုံးရှိ/မရှိကိုမူ လောလောဆယ် မသိရသေးဟု ဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး AA ပြောခွင့်ရသူ ဦးခိုင်သုခကို နိရဥ္စရာက မေးမြန်းထားသော်လည်း တုံ့ပြန်ဖြေကြားခြင်းမရှိသေးသဖြင့် သီးခြားအတည်ပြု၍တော့ မရရှိသေးပါ။

ARSA အဖွဲ့သည် ၂ဝ၁၇ ခုနှစ်က ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ နယ်ခြားစောင့် ရဲစခန်းများနှင့် တပ်စခန်းအချို့ကို တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် မောင်တောနှင့် ဘူးသီးတောင်ဒေသကို ထိန်းချုပ်နိုင်ရန်ကြိုးစားနေသည့် လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည်။

ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်၊ နံနက်ကလည်း မောင်တောမြောက်ပိုင်း သစ်တုံးနားခွဆုံကျေးရွာနှင့် ၂ မိုင်အကွာရှိ "လဘော်ဝ"အရပ်တွင် စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေးသွားလုပ်စဉ် ARSA အဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

၂ဝ၂၁ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်ကလည်း မောင်တောမြို့နယ်မြောက်ပိုင်း လိပ်ရနယ်မြေအပိုင် ဇီးပင်ချောင်းကျေးရွာဟောင်းအနီးတွင် ARSA နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ ARSA အဖွဲ့ဝင်ငါးဦးကို သေနတ် ၂ လက်နှင့်အတူ ဖမ်းမိခဲ့ကြောင်း သိရသည်။

အလားတူ ယင်းနှစ်၊ မေလ ၁၂ ရက်၊ နံနက်ကလည်း မောင်တောမြို့နယ်၊ အောင်ချမ်းသာကျေးရွာအနီးရှိ နယ်ခြားစောင့်တပ်တစ်ခုကို ARSA အဖွဲ့က လာရောက်ပစ်ခတ်မှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ နယ်ခြားစောင့်ရဲတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ARSA ဘက်မှ တစ်ဦးကျဆုံးခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်းကလည်း မောင်တောမြို့နယ်၊ ခုံတိုင်ကျေးရွာသား ၂၀ ကျော်ခန့်သည် တောထဲသို့ဝါးသွားခုတ်သွားစဉ် ARSA အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်၍ ကျေးရွာသားတစ်ဦးဒဏ်ရာရရှိသွားခဲ့သည်ဟု သိရသည်။ (NN-16, NN-12)

ဆက်စပ် သတင်းများ