သောကြာ၊ မေလ ၁၀ရက်၊ ၂၀၂၄

ဘူးသီးတောင်မြို့နယ် ဖရုံချောင်းနှင့် နပျိုးချောင်းရွာနှစ်ရွာကို AA ထံမှ တိုက်ယူထား၍ ရွာထဲကနေ ထွက်မပေးနိုင်ကြောင်း စစ်ကောင်စီတပ်ဆိုလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 1.6k

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှ အိမ်ခြေ ၄၀ ကျော်ခန့်ရှိသည့် နပျိုးချောင်း (ငှက်ပျောချောင်း)နှင့် ဖရုံချောင်းရွာအား စစ်ကောင်စီတပ်က ရက္ခိုင့်တပ်တော် (AA) ထံမှ တိုက်ယူထားခြင်းဖြစ်၍ ရွာထဲကနေ ထွက်မပေးနိုင်ကြောင်း ပြောဆိုလာသည်ဟု ကျေးရွာသားများထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်တွင် AA နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက် အပစ်ခတ်ရပ်ခဲ့ပြီး တပတ်အကြာ ဒီဇင်ဘာလမှ စတင်ကာ စစ်ကောင်စီ လက်အောက်ခံ တပ်မ (၂၂)က နပျိုးချောင်းနှင့် ဖရုံချောင်းရွာ တို့တွင် ဝင်ရောက် တပ်စွဲနေထိုင်ခဲ့သည်။

ယင်းနောက် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၃၀ ရက်တွင် တပ်မ (၂၂)က တပ်ဖွဲ့ဝင် (၄)ဦး ထွက်ပြေးသွားပြီးနောက် မေလ (၄)ရက်နေ့မှစပြီး ကျေးရွာသားများအား စစ်တပ်က ရွာမှနှင်ထုတ်ခဲ့သည်။

ယင်းအချိန်မှ လက်ရှိအချိန်ထိ ကျေးရွာသားများကို ရွာအတွင်းသို့ အဝင်မခံသကဲ့သို့ သူတို့ပိုင် လယ်မြေများကိုလည်း ထွန်ယက်စိုက်ပျိုးခွင့်လည်း မရကြောင်း ရွာသားများက ပြောသည်။

ရွာသားများအနေဖြင့် ကျေးရွာအတွင်း၌နေထိုင်ရန် တောင်းခံသည့်အပေါ် စစ်တပ်အနေဖြင့် ၎င်းကျေးရွာ နှစ်ရွာကို AA ထံမှ တိုက်ယူထားခြင်းဖြစ်သည့်အတွက် မထွက်ပေးနိုင်ကြောင်း ပြောဆိုလာသည်ဟု အမည်မဖော်လိုသည့် ဖရုံချောင်း ကျေးရွာသားတစ်ဦးက ပြောသည်။

''အရင်သွားပြောတဲ့ အခေါက်တွေ လုပ်ပေးမယ် ဘာညာ ပြောတယ်။ အခုက ရွာထဲကို လုံးဝ ပေးမဝင်တော့ဘူး။ ရွာကို AA နဲ့ တိုက်လို့ သိမ်းယူထားတယ်လို့ ပြောလာတယ်။ ဒါကြောင့် သူတို့ မထွက်ပေးနိုင်ဘူးလို့ ပြောပါတယ် ''ဟု ဆိုသည်။

ကျေးရွာတွင် မနေထိုင်ရသည့်အတွက် ဒေသခံများအနေဖြင့် လယ်ယာများ မထွန်ယက် မစိုက်ပျိုးနိုင်သလို အလုပ်အကိုင်လည်း မရှိ၍ စားဝတ်နေရေး၊ နေထိုင်ရေး အခက်အခဲများ ရင်ဆိုင်နေရသည်ဟု ဆိုကြသည်။

မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများတွင်လည်း ခိုလှုံရန် အခက်အခဲရှိနေသည်ဟု ဖရုံချောင်းမှ အမျိုးသမီးတစ်ဦးက ဆိုသည်။

''မြို့ပေါ်မှာ သွားနေဖို့ကလည်း အဲဒီမှာ လုပ်စားဖို့ မတတ်တဲ့ လူတွေများတယ်။ ကယ်ဆယ်ရေးပေးတဲ့ ဆန်လောက်နဲ့က ဘာမှ ဝယ်မစားနိုင်ဘူး။ ရွာမှာဆိုရင် တခုမှ စားစရာမရှိရင် ငါး ရှာစားလို့ရတယ်။ ဟင်းခူးစားလို့ရတယ်။  မြို့ပေါ်မှာက ပိုက်ဆံရှိမှ အဆင်ပြေမှာလေ။ အဲ့ဒါကြောင့် မသွားချင်ဘူး'' ဟု ဆိုသည်။

လက်ရှိတွင် ယင်းရွာသားများမှာ နီးစပ်ရာ ကျေးရွာများနှင် ဆွေးမျိုးရှိသည့် ကျေးရွာများတွင် ခိုလှုံနေရကြောင်း နပျိုးချောင်း ကျေးရွာသားတစ်ဦးက ဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအား ဖုန်းဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိပေ။

ဖရုံချောင်းကျေးရွာတွင် အိမ်ခြေ ၁၈ ဆောင်နှင့် နပျိုးချောင်း ကျေးရွာတွင် အိမ်ခြေ ၂၃ ဆောင်ရှိပြီး နှစ်ရွာပေါင်း လူဦးရေ ၁၀၀ ကျော် ရှိကြောင်း သိရသည်။ (NN-18)

ဆက်စပ် သတင်းများ