Preview

ကျောက်ဖြူရှိ ဟောင်ကောင်ကုမ္ပဏီပိုင် သဘာ၀ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားစက်ရုံများအားလုံး ရပ်ဆိုင်းသွားပြီ

ဇူလိုင် ၂၀/ ၂၀၂၃ | ကြည့်ရှုသူ :1615
ရခိုင် သတင်း

ကျောက်ဖြူမြို့နယ်ရှိ ဟောင်ကောင်အခြေစိုက် Vpower ကုမ္ပဏီက ရင်းနှီးမြှုပ်နှံ တည်ဆောက်ထားသော သဘာ၀ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၃ ခုစလုံးမှာ လိုအပ်သောသဘာ၀ဓာတ်ငွေ့  မရရှိသဖြင့် အပြီး ရပ်ဆိုင်းသွားပြီဟု သိ၇သည်။

အဆိုပါ ဟောင်ကောင် Vpower ကုမ္ပဏီ၏ လျှပ်စစ် ဓာတ်အားပေးစက်ရုံ ၃ရုံတွင် ၂၀၁၉ ခုနှစ်ကစ တင်လည်ပတ်ခဲ့သော Vpower 1 စက်ရုံနှင့် Vpower2 တို့ကိုလည်း ကုမ္ပဏီအနေဖြင့် ၂၀၂၂ ခုနှစ် အောက်တိုဘာလကပင် အပြီးရပ်တန့်ကာ စက်များကိုလည်း တပါတည်းဖြုတ်ယူ သွားခဲ့ကြောင်း၊  နောက်ဆုံးလည်ပတ်ခဲ့သည့် Vpower 3 ဓာတ်အားပေး စက်ရုံမှာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလလောက်ပင် သဘာ၀ဓာတ်ငွေ့ လုံလုံလောက်စွာမရရှိသဖြင့် ရပ်ဆိုင်းသွားခဲ့သည်ဟု ကျောက်ဖြူမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖိုးစံက နိရဉ္စရာသို့ပြောသည်။

"V power 3 စက်ရုံက ၂၀၂၂ ခုနှစ် နိုဝင်ဘာလထိသူတို့ပေးခဲ့တယ်။ အဲဒီနောက်ပိုင်းမှာတော့ ပြတ်တောက် ပြတ်တောက် ပေးလာတယ်။ သူတို့ကိုမေးကြည့်တော့ သူတို့က ဓာတ်ငွေ့ လုံလုံလောက်လောက်မရရှိတဲ့အတွက် သူတို့အဲဒီလိုပြတ်တောက် ပြတ်တောက်ဖြစ်နေတယ်ဆိုတဲ့ အကြောင်းကို ကျွန်တော်တို့ အဲဒီစက်ရုံထဲသွားကြည့်တော့ သိခဲ့ရတယ်။ နောက်ပိုင်းမှာအခုတော့ Vpower 3 ကိုလည်း ရပ်ထားတယ်လို့ သိရပါတယ်။ ရပ်လိုက်တာ သိပ်မကြာသေးပါဘူး" ဟု ပြောသည်။

စက်ရုံတာဝန်ရှိသူများ၏ပြောပြချက်အရVpower 3 စက်ရုံများမှာ မဂ္ဂါဝပ် ၁၅၀ ထုတ်လုပ်နိုင်ကြောင်း ၎င်းက ပြောသည်။


ယခုကဲ့သို့ လျှပ်စစ်ဓာတ်အားပေးစက်ရုံများရပ်တန့်လိုက်သည့်အတွက် နိုင်ငံ၏လျှပ်စစ်ဓာတ်အား အခက်အခဲရှိနေသည့်အချိန်တွင် ဒေသတွင်းလျှပ်စစ်လိုအပ်ချက်ကိုပါ ထိခိုက်လာနိုင်သည်ဟု ဦးဖိုးစံက သုံးသပ်ပြောဆိုသည်။

လက်ရှိအခြေအနေအရ ကျောက်ဖြူမြို့တွင်ပင် လျှပ်စစ်မီးပုံမှန်မရရှိဘဲဖြစ်နေ၍ အသေးစား စက်မှုလုပ်ငန်းများ၊ ရေခဲစက်လုပ်ငန်းများအပြင် လျှပ်စစ်မီးနှင့်အဓိကလုပ်ကိုင်ရသည့် လုပ်ငန်းများမှာ ပုံမှန်လည်ပတ်ရန်ခက်ခဲနေပြီး ပြည်သူလူထုမှာလည်း လျှပ်စစ်မီးအခက်အခဲနှင့်ကြုံတွေ့နေသည်ဟု သူက ပြောသည်။

"ကျွန်တော်တို့အခုက လျှပ်စစ်က အပြည့်အ၀မရရှိတော့ဘူး။ အဲလိုဖြစ်နေတယ်။လျှပ်စစ်မီးက ပြတ်တောက် ပြတ်တောက်ဖြစ်နေတယ်။ အဲဒါကြောင့်မလို့ ဒေသအနေနဲ့တော့ထိခိုက်တာပေါ့လေ။ ဒီမှာအသေးစားစက်မှုလုပ်ငန်းတွေရှိတယ်။ ရေခဲစက်တွေရှိတယ်။ နောက်ပြီးရေလုပ်ငန်းနဲ့ ပတ်သက်တာတွေရှိတယ်။ အများပြည်သူသုံးစွဲနေတဲ့ လျှပ်စစ်မီးကလည်း ပြတ်တောက် ပြတ်တောက်ဆိုတော့ ဘယ်အချိန်ကို လျှပ်စစ်မီးပြတ်မှာလဲမသိဘူး။ ဘယ်အချိန်ပြန်ပြီး လင်းမယ်ဆိုတာလည်း မသိဘူး။ ဆိုတော့ ဒီမှာလျှပ်စစ်နဲ့လုပ်ကိုင်ဆောင်ရွက်နေတဲ့ ဌာနတွေမှာရော ပြည်သူလူထုတွေမှာရော ထိခိုက်မှုတော့ရှိတယ်ဗျ။"ဟု ပြောသည်။

ကျောက်ဖြူမြို့နယ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများဖြစ်သည့် သဘာ၀ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် စက်ရုံ ၄ ခုရှိပြီး ဟောင်ကောင် Vpower ကုမ္ပဏီ၏ စက်ရုံ ၃ ခုနှင့် တရုတ်အစိုးရပိုင်လုပ်ငန်းPower China Resources နှင့် ပြည်တွင်းကုမ္ပဏီ Supreme Group တို့၏ လျှပ်စစ်ဓာတ်အားစက်ရုံ ၁ ရုံတို့ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် Vpower ကုမ္ပဏီ၏ စက်ရုံများအားလုံးရပ်တန့်လိုက်ပြီဖြစ်သည့်အတွက် Power China စက်ရုံတစ်ခုသာ လျှပ်စစ်ဓာတ်အားဆက်လက်ထုတ်လုပ်ပြီး မဟာဓာတ်အားလိုင်းသို့ ပို့လွှတ်ပေးနေသည်ဟု သိရသည်။

ယခုရပ်တန့်သွားသည့် Vpowerကုမ္ပဏီ၏ စက်ရုံများကို ကျောက်ဖြူမြို့နယ်၏ အထင်ကရ တန်းခိုးကြီး သမိုင်းဝင် ကံ့ကော်တောဘုရားအနီးတွင် ၂၀၁၉ ခုနှစ်မှ စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ (NN-23)

 

Photo - Center for Peace and Development-CPD

 

#ကျောက်ဖြူ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.