သောကြာ၊ မေလ ၁၀ရက်၊ ၂၀၂၄

ဗြိတိန်ခရီးသွားများအတွက် မြန်မာနိုင်ငံအတွင်း အန္တရာယ်ရှိနေရာများထုတ်ပြန်ရာတွင် ရခိုင်ဒေသအချို့ပါဝင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 1.3k

ဗြိတိန်နိုင်ငံ၏ ဓနသဟာယနှင့် ဖွံ့ဖြိုးတိုးတက်ရေးရုံး (Foreign, Commonwealth & Development Office - FCDO)က မြန်မာနိုင်ငံအတွင်း ဗြိတိန်နိုင်ငံသားခရီးသွားများအတွက် အန္တရာယ်ရှိနေရာများ သတိပေးချက်ထုတ်ပြန်ရာတွင် ရခိုင်ဒေသအချို့လည်း ပါဝင်နေကြောင်း သိရသည်။

FCDO က မြန်မာနိုင်ငံအတွင်း ရန်ကုန်၊ နေပြည်တော်၊ ပဲခူး၊ ဧရာဝတီနှင့် ရခိုင်ပြည်နယ်တောင်ပိုင်းမှ အပ ကျန်ပြည်နယ်နှင့် တိုင်းအားလုံးရှိ ဒေသများသည် ခရီးသွားများအတွက် အန္တရာယ်ရှိနေသည်ဟု ယမန်နေ့ ဇူလိုင်လ ၁၉ ရက်တွင် သတိပေးချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အဆိုပါသတိပေးချက်တွင် ဗြိတိန်နိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံအတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများအပါအ၀င် မွန်၊ ကချင်၊ ချင်း၊ ကယား၊ ကရင်၊ စစ်ကိုင်းနှင့် မကွေးတိုင်းသို့ ခရီးမသွားကြရန် ထည့်သွင်းတားမြစ်ထားသည်။

အလားတူ ရခိုင်ပြည်နယ်အလယ်ပိုင်းအပါအ၀င် ရှမ်းပြည်နယ်၊ မန္တလေးတိုင်းနှင့် တနင်္သာရီတိုင်းသို့လည်း ခရီးမသွားကြရန်နှင့် မသွားမဖြစ်မှသာ သွားကြရန်လည်း  FCDO က တိုက်တွန်းထားသည်။

မြန်မာနိုင်ငံအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်း၊ ဗုံးကြဲခြင်း၊ မြေမြှုပ်မိုင်းအန္တရာယ်နှင့် လက်နက်ကိုင်တိုက်ပွဲများဖြစ်ပေါ်နေပြီး ပဋိပက္ခနှင့် သိသာထင်ရှားသော အကြမ်းဖက်မှုများရှိနေသည်ဟုလည်း သတိပေးချက်တွင် ဖော်ပြထားသည်။

FCDO က အန္တရာယ်ရှိဒေသများအဖြစ်ထုတ်ပြန်ရာတွင်ပါဝင်သော ရခိုင်ပြည်နယ်တွင်မူ ၂ဝ၁၈ ခုနှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အထိနှင့် ၂ဝ၂၂ ခုနှစ်တို့တွင်သာ မြန်မာစစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ပြီး ဒေသမတည်မငြိမ်ဖြစ်နေခဲ့ခြင်းဖြစ်သည်။

၂ဝ၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်မှစတင်ကာ စစ်ကောင်စီတပ်နှင့် AA တို့ နှစ်ဘက်နားလည်မှုဖြင့် ယနေ့အထိ အပစ်အခတ်ရပ်စဲလျက်ရှိရာ FCDO ကထုတ်ပြန်ထားသလို ရခိုင်တွင် တိုက်ပွဲများဖြစ်ပွားခြင်းများနှင့် အကြမ်းဖက်တိုက်ခိုက်မှုများရှိမနေဘဲ ဒေသတည်ငြိမ်နေသည်ဟု ဒေသခံများက ပြောသည်။ (NN-16)

(ဓာတ်ပုံ) - FCDO

ဆက်စပ် သတင်းများ