တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

မိုခါမုန်တိုင်းအလွန် ရသေ့တောင်ရှိ ကျေးရွာပေါင်း ၅ဝ ကျော်ကို ULA/AA က အခမဲ့ဆေးကုသပေးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 1k

မိုခါမုန်တိုင်းအလွန်  ရသေ့တောင်မြို့နယ်ရှိ ကျေးရွာပေါင်း ၅ဝ ကျော်မှဒေသခံများကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)က အခမဲ့ဆေးကုသပေးလျက်ရှိကြောင်း ULA/AA က ဇူလိုင်လ ၂ဝ ရက်၊ နံနက် ၁ဝ နာရီခန့်တွင် သတင်းထုတ်ပြန်လိုက်သည်။

ULA/AA လက်အောက်ခံ အာရက္ခပြည်သူ့အစိုးရ၏ ကျန်းမာရေးဝန်ထမ်းများနှင့် ULA/AA ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များက မိုခါမုန်တိုင်းပြီးနောက် အဆိုပါကျေးရွာများအထိ သွားရောက်ကာ လူမျိုး ဘာသာမရွေး အခမဲ့ ဆေးကုသပေးနေခြင်းဖြစ်သည်။

 



ရသေ့တောင်မြို့နယ်ရှိ ရီကောင်းချောင်း၊ အောင်ဆိပ်၊ ဆင်ခုံးတိုင်(မွတ်ဆလင်ရွာ)၊ သက်ပေကျ၊ ခရုချောင်း၊ မင်းဖူး၊ အုန်းချောင်း၊ ဇေယျာမြိုင်၊ အိုးဖောက်၊ အာကာတောင်(မူဆလင်ရွာ)၊ ကံဆိပ်(မွတ်ဆလင်ရွာ)၊ ကုန်တန်း၊ သမီးလှ(ရွာသစ်)၊ သမီးလှ(ရွာဟောင်း)၊ ပြိန်းတော ၊ င/စံဘော်၊ ညောင်ပင်လှ၊ ဗောဓိကုန်း၊ ရီမျက်၊ စဖိုကျွန်း၊ အောင်ဇေကုန်း၊ ပြင်ဝန်း၊ ဒိုးဝေချောင်း၊ ကြိမ်တန်း၊ မှန်နီပြင်၊ ကျောက်ရံ၊ မော်ထက်၊ စေတီပြင်၊ အောက်ကျောင်းတောင်၊ ခမောင်တုံး၊ ကညင်ချောင်း၊ ကျွန်းပေါ်ပေါက်တော၊ အောင်သာယာ၊ ကျုံးပြင်၊ ရွှကံပြင်၊ နေဗီဆိပ်၊ ဆင်အိုး၊ သစ်ကတိုး၊ မီးကျောင်းရီသောက်၊ ကျောက်စာတိုင်၊ ဈီးကုန်တန်း၊ မိညိုထောင့်နှင့် လုံးတင် အစရှိသော ကျေးရွာများအပါအဝင် ကျေးရွာပေါင်း (၅၀) ကျော်ကို နေ့စဉ်ရက်ဆက် ဆေးကုသပေးလျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 

ရခိုင်ပြည်နယ်နေရာအများအပြားတွင် မိုခါမုန်တိုင်းအလွန်တွင် တုတ်ကွေးနှင့် ရာသီအလိုက် ဖြစ်ပွားသော ရောဂါများဖြစ်ပွားမှုများနေသည်ဟု ဒေသခံများကတစ်ဆင့် သိရှိရသည်။

နောက်ထပ်ကျေးရွာများရှိ အာရက္ခပြည်သူများကိုလည်း ဆက်တိုက် ဆေးကုသပေးနေသည်ဟုလည်း ဆိုထားသည်။




ယခုကဲ့သို့လာရောက်ကုသပေးရာတွင် ULA/AA ဆေးဝန်ထမ်းများက လူနာများကို နွေးနွေးထွေးထွေး ဆက်ဆံကြသလို ကိုယ့်ရခိုင်လူမျိုးအချင်းချင်းဖြစ်သည့်အတွက် ပြောဆိုဆက်ဆံကြရာတွင်လည်း ပိုပြီး ပွင့်ပွင့်လင်းလင်းရှိကာ ဒေသခံများအနေဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်နေကြရသည်ဟု မီးကျောင်းရေသောက် ကျေးရွာသားတစ်ဦးက နိရဥ္စရာကိုပြောသည်။

“နေမကောင်းတဲ့သူတွေကိုလည်း နွေးနွေးထွေးထွေးဆက်ဆံတယ်။ ပြီးတော့ ကိုယ်တို့ဘက်က လူတွေဆိုတော့ အားလုံး ပွင့်ပွင့်လင်းလင်းပေါ့။ ဗမာစကားနဲ့လည်း ပြောစရာမလိုဘူး။ ကိုယ်တို့လူတွေနဲ့အတူ ပြနေရတယ်ဆိုတော့ နွေးနွေးထွေးထွေး ပြောလို့ဆိုလို့ အဆင်ပြေတယ်။ လူတွေကတော့ စိတ်ချမ်းသာကြတယ်ပေါ့”ဟု ပြောသည်။

ယင်းသို့လာရောက်ကုသပေးရာတွင် ဘာသာရေးအဆောက်အဦများနှင့် ဘုန်းတော်ကြီးကျောင်းများ၌ နံနက်ပိုင်းမှ ညနေပိုင်းအထိ ယာယီဆေးခန်းဖွင့်ကာ ကုသပေးခြင်းဖြစ်သည်။

ကျေးရွာများအတွင်းမှလည်း သာမန်နေမကောင်းဖြစ်သူများမှစ၍ နာတာရှည်ရောဂါသည်များအထိ သွားရောက်ပြသလျက်ရှိသည်ဟုလည်း ဒေသခံများက ပြောသည်။

မီးကျောင်းရေသောက်ကျေးရွာသားတစ်ဦးက “တချို့ နာတာရှည်ရောဂါတွေ၊ သူတို့ ယာယီ ဆေးခန်းလာဖွင့်တော့ သူတို့ကနေပြီးတော့ ပျောက်အောင်အထိ ကုသလို့မရတဲ့ရောဂါတွေရှိတယ်။ အဲဒီဟာတွေဆိုလည်း သူတို့ကနေပြီးတော့ သူတို့ သတ်မှတ်ထားတဲ့ Center တွေမှာ လာပြီး ကုသပေးဖို့၊ ခွဲစိတ်ဖို့ဟာတွေကိုတောင်မှ အဲလို သူတို့သတ်မှတ်ထားတဲ့နေရာတွေမှာ လာပြီး ကုသပေးဖို့အတွက် ညွှန်ကြားတာတွေလည်း ရှိတယ်”ဟု ပြောသည်။




ULA/AA လက်အောက်ခံ အာရက္ခပြည်သူ့အစိုးရ၏ ကျန်းမာရေးဝန်ထမ်းများနှင့် ULA/AA ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များသည် ရခိုင်ပြည်အတွင်း မိုခါမုန်တိုင်းမတိုက်မီကပင် မုန်တိုင်းပြီးသွားသည့် ယနေ့အထိ လူမျိုးမရွေး၊ ဘာသာမရွေး နေ့စဉ်ရက်ဆက် ဆေးကုသပေးလျက်ရှိသည်ဟု ULA/AA ၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းအပြင် ULA/AA လက်အောက်ခံ အာရက္ခအရေးပေါ်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးကော်မတီ(ERRCA)ကလည်း ရခိုင်တွင် မိုခါမုန်တိုင်းမတိုက်မီ ကာလ၌ မုန်တိုင်းဒဏ် ကျရောက်နိုင်သည့်နေရာများမှ ပြည်သူများအား ဘေးလွတ်ရာသိုရွှေ့ပြောင်းပိုဆောင်ပေးခဲ့သလို မုန်တိုင်းကာလနှင့် မုန်တိုင်းလွန်ကာလတို့၌လည်း မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် အရေးပေါ်အကူအညီများ ဆောင်ရွက်ပေးလျက်ရှိသည်ဟုလည်း ဆိုထားသည်။ (NN-16)

ဆက်စပ် သတင်းများ