သောကြာ၊ မေလ ၁၀ရက်၊ ၂၀၂၄

ဘူးသီးတောင်တွင် AA နှင့် ARSA တိုက်ပွဲဖြစ်သည့်နေရာအနီး စစ်ကောင်စီက အင်အားရာချီဖြည့်တင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 2.8k

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် ပြီးခဲ့သည့်ရက်ပိုင်းက ရက္ခိုင့်တပ်တော်(AA)နှင့် အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့သည့် နေရာအနီး စစ်ကောင်စီတပ်က အင်အားရာနှင့်ချီဖြည့်ထားပြီး တစ်ဖွဲ့နှင့်တစ်ဖွဲ့ စောင့်ကြည့်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

AA နှင့် ARSA အဖွဲ့တို့သည် ဇူလိုင်လ ၁၈ ရက်၊ ညနေပိုင်းနှင့် ဇူလိုင် ၁၉ ရက်၊ နံနက်ပိုင်းတို့တွင် ဘူးသီးတောင်မြို့နယ်၊ အာကာပျံနှင့် ကျောက်စာတိုင်ကြားရှိ မယူတောင်ထဲ၌ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ယင်းသို့ဖြစ်ပွားအပြီး ဇူလိုင် ၂၁ ရက်မှစတင်ကာ စစ်ကောင်စီ၏ ကမ်းထိုးရေယာဉ်တစ်စီးသည် စစ်တွေမှတဆင့် ဘူးသီးတောင်ဆိပ်ကမ်းသို့ ဆိုက်ကပ်လာခဲ့သည်ဟု မျက်မြင်များက ပြောသည်။

ယင်းနေ့ မွန်းတည့်ပိုင်းတွင် ကမ်းထိုးရေယာဉ်ပေါ်ရှိ စစ်ကောင်စီတပ်သား အင်အား ၁ဝဝ ကျော် အပါအဝင် ရိက္ခာနှင့် လက်နက်အပြည့်အစုံ တင်ဆောင်လာသည့် စစ်ကား ၄ စီးသည် ဘူးသီးတောင် ဆိပ်ကမ်းမှတဆင့် တိုက်ပွဲဖြစ်ပွားရာနေရာအနီးတဝိုက်ဖြစ်သော သပိတ်တောင်၊ ကင်းချောင်း၊ စိမ့်ညှင်းပြား၊ နပျိုးချောင်း၊ ဖရုံချောင်းစသည့်ရွာများသို့ အင်အားဖြည့်တင်းခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “အခုကတော့ ထူးခြားမှုမရှိသေးဘူး။ အဲလို အခြေအနေကတော့ တင်းမာ နေကြတယ်ပေါ့။ AA ၊ ARSA နဲ့ စစ်တပ် တစ်ယောက်နဲ့ တစ်ယောက် စောင့်ကြည့်နေတဲ့အဆင့်ပဲ ရှိတယ်”ဟု ပြောသည်။

ယင်းသို့ ၃ ပွင့်ဆိုင် အခြေအနေတင်းမာနေသည့်အတွက် တိုက်ပွဲများ ထပ်ဖြစ်မည်ကိုလည်း အထူးစိုးရိမ်နေကြသည်ဟုလည်း ဒေသခံများက ပြောသည်။

ဘူးသီးတောင်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေကမူ ယခုကိစ္စမှာ  ကြီးကြီးကျယ်ကျယ်ထပ်ဖြစ်နိုင်မည်မဟုတ်ဟု နိရဥ္စရာကို သုံးသပ်ပြောသည်။

“ဒါကတော့ အရမ်းကြီးကြီးကျယ်ကျယ်ဖြစ်မယ်လို့တော့ မမြင်ဘူး။ နောက်ပြီး ARSA ဆိုတာကလည်း လူမျိုးတွေကို ကိုယ်စားပြုတာလည်း မဟုတ်ဘူး။ သူတို့အုပ်စုတစ်အုပ်စုကိုပဲ ဖြစ်တယ်။ အများနဲ့ ဆက်စပ်တာလည်း မဟုတ်ဘူး။ ဒါကြောင့် ကြီးကျယ်တဲ့ ပြဿနာတွေ ဖြစ်လာမယ်လို့ မမြင်ဘူး”ဟု ပြောသည်။

ယခုတိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာမှာ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း မယူတောင်ထဲတွင်ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

မယူတောင်အတွင်း ARSA က ခြေကုပ်ယူရန်ကြိုးစားသည်ကို ဒေသခံများက အနီးရှိ စစ်ကောင်စီတပ်စခန်းများသို့ တိုင်ကြားကြသော်လည်း တစ်ခုမျှ ဆောင်ရွက်ပေးခြင်းမရှိ၍ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(AA)ထံ တိုင်ကြားရာမှ ULA/AA က သွားရောက် နယ်မြေရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယင်းနေ့ကတိုက်ပွဲအတွင်း ARSA ဘက်မှ ၁ဝ ဦးထက်မနည်းကျဆုံးပြီး တစ်ဦးအရှင်ဖမ်းမိခဲ့သလို AA ဘက်က ၂ ဦး အသေးစား ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုကြားသိရကြောင်းလည်း ဒေသခံတစ်ဦးက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး AA ပြောခွင့်ရသူ ဦးခိုင်သုခကို နိရဥ္စရာက ဇူလိုင်လ ၂၁ ရက်မှ စတင် မေးမြန်းထားသော်လည်း ဇူလိုင်လ ၂၃ ရက်၊ ညနေပိုင်းအထိ တစ်စုံတရာ တုံ့ပြန် ဖြေကြားခြင်းမရှိသေးပါ။

ARSA အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်အတွင်းနှင့် ရခိုင်ပြည်နယ် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များအတွင်း စိမ့်ဝင်လှုပ်ရှားနေသည့် အဖွဲ့တစ်ခုဖြစ်သည်။

၂ဝ၁၆ ခုနှစ်နှင့် ၂ဝ၁၇ ခုနှစ်တို့က မောင်တောမြို့နယ်ရှိ နယ်ခြားစောင့် ရဲစခန်းများနှင့် တပ်စခန်းအချို့ကို ARSA က ဝင်ရောက် တိုက်ခိုက်မှုကြောင့် မြန်မာစစ်တပ်ဘက်က အထိအခိုက်အကျအဆုံးများရှိခဲ့၍ မြန်မာစစ်တပ်က အကြီးအကျယ် နယ်မြေရှင်းလင်းခဲ့သည်။

ယင်းနောက်ပိုင်း ၂ဝ၂၁ ခုနှစ်နှင့် ၂ဝ၂၂ ခုနှစ်တို့တွင်လည်း ARSA သည် မောင်တောမြို့နယ်ရှိ နေရာအချို့တွင် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် ထိတိုက်တိုက်ပွဲအချို့ ဖြစ်ပွားခဲ့သေးသည်။ (NN-16)

ဓာတ်ပုံ - ရခိုင်ရှိ စစ်ကောင်စီတပ်သားအချို့ကို တွေ့ရစဉ်။

ဆက်စပ် သတင်းများ