တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

မုန်တိုင်းကြောင့် မြေခခဲ့ရသည့် သမိုင်းဝင်ကျောက်တော်တောင်စေတီထီးတော် ငွေကြေးအခက်အခဲကြောင့်ပြန်မတင်နိုင်သေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 1.1k

မေလ ၁၄ ရက်ကတိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် မြေခခဲ့ရသည့် သမိုင်းဝင် ကျောက်တော်တောင်စေတီ ထီးတော်အား ငွေကြေးအခက်အခဲကြောင့် ထီးတော်သစ် ပြန်တင်နိုင်ခြင်း မရှိသေးကြောင်း သတင်းရရှိသည်။

မိုခါမုန်တိုင်းကြောင့် ကျောက်တော်တောင်စေတီထီးတော်နှင့် စိန်ဖူးတော်တို့ မြေခဲ့ရပြီး လျှောက်လမ်းနှင့် စောင်းတန်းများလည်း ပြိုပျက်သွားခဲ့ရသည်ဟု သိရသည်။

လက်ရှိတွင် ထီးတော်သစ်တင်လှူရန် ကျပ်သိန်း ၁၇ဝ ၊ ထီးတော်သစ်တင်ရာတွင် အသုံးပြုမည့် မြန်းကို သံဖြင့်ပြုလုပ်ရန် ကျပ်သိန်း ၁ဝဝ ၊ ထီးတော်သစ်တင်ပွဲကျင်းပရန် ကျပ်သိန်း ၁ဝဝ နှင့် ရွှေသင်္ကန်းကပ်လှူရန် ကျပ်သိန်း ၁၅ဝ၊ စုစုပေါင်း ကျပ်သိန်း ၅၂ဝ လိုအပ်လျက်ရှိသည်ဟု သိရသည်။



ထီးတော်သစ်အတွက် လိုအပ်သည့် ကျပ်သိန်း ၁၇ဝ ကို ယခင်ထီးတော် အလှူရှင်များက ထည့်ဝင်လှူဒါန်းကြရန်ကတိပြုထားပြီး ကျန် ကျပ်သိန်း ၃၅၀ ကိုလိုအပ်နေကြောင်း  ကျောက်တော်တောင် စေတီဂေါပကအဖွဲ့မှ အထွေထွေအတွင်းရေးမှူး ဦးခိုင်မြတ်ကျော်က နိရဥ္စရာကိုပြောသည်။

“အထူးသဖြင့်တော့ ပွဲတော်ကျင်းပဖို့ သိန်း ၁ဝဝ နဲ့ မြန်းအတွက် သိန်း ၁ဝဝ ရယ်၊ ရွှေသင်္ကန်းအတွက် သိန်း ၁၅ဝ ဆိုတော့ သိန်း ၃၅ဝ ကိုတော့ အပြင်က သီးသန့်အလှူခံရမယ်”ဟု ပြောသည်။

ထီးတော်သစ်တင်လှူရာတွင်အသုံးပြုမည့်မြန်းမှထွက်ရှိလာသောသံများကိုလည်း ပြိုပျက်သွားသည့်စောင်းတန်းများအားပြုပြင်ရာတွင် ပြန်လည်အသုံးပြုသွားမည်ဟု ဆိုသည်။

လက်ရှိတွင် ကျောက်တော်တောင်စေတီထီးတော်သစ်တင်လှူနိုင်ရေး အလုပ်အမှုဆောင် ကော်မတီတစ်ရပ်ကိုလည်း ဇူလိုင်လ ၂၃ ရက်၊ နေ့လယ် ၁ နာရီတွင် ကျောက်တော်မြို့၌ ဖွဲ့စည်းခဲ့ကြသည်။

ယင်းကော်မတီတွင် ကျောက်တော်မြို့ရှိ သံဃာ့နာယကအဖွဲ့၊ ကျောက်တော်တောင်ဘုရားဂေါပအဖွဲ့၊ မြို့မိမြို့ဖများနှင့် အရပ်ဘက်လူမှုအဖွဲ့ခေါင်းဆောင်များ ပါဝင်ပြီး ထီးတော်သစ်တင်လှူနိုင်ရေး ဘဏ္ဍာငွေရှာဖွေရေးလုပ်ငန်းများကို စတင်လုပ်ဆောင်နေပြီဟု ကော်မတီပြန်ကြားရေးအဖွဲ့ဝင် ဦးမောင်အေးစောက နိရဉ္စရာသတင်းဌာနကိုပြောသည်။

“အသစ်တင်တဲ့အခါမှာလည်း ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က လှူတဲ့အလှူမျိုးမဟုတ်ဘဲ ဗဟု၊ အားလုံး ပါဝင်ပြီးတော့ လှူဒါန်းတဲ့ ပုံစံမျိုး ဖြစ်ဖို့ဟာကို ကျနော်တို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ပြောသည်။

အဆိုပါထီးတော်သစ်ကို လာမည့် နိုဝင်ဘာလ၊ တန်ဆောင်မုန်းလပြည့်မတိုင်မီ တင်လှူနိုင်ရန် ကြိုးစားနေကြသည်ဟုလည်း ဆိုသည်။

ထီးတော်မြေခခဲ့သည့် ကျောက်တော်တောင်စေတီသည် ရခိုင်ပြည်မှ အထင်ကရ သမိုင်းဝင်စေတီတစ်ဆူဖြစ်သော်လည်း  စစ်ကောင်စီတာဝန်ရှိသူများက မုန်တိုင်းပြီးနောက် ၂ လကျော်ကြာသည့်တိုင် လာရောက်ကြည့်ရှုခြင်းလည်း မရှိသေးဟု ဆိုသည်။ 

ကျောက်တော်တောင်သည် မဟာသက္ကရာဇ် ၁၂၃ ခုနှစ်တွင် ဗုဒ္ဓဘုရားရှင် ဓညဝတီရခိုင်ပြည်သို့ ကြွရောက်ခဲ့စဉ် ဆင်းသက်ရပ်နားတော်မူခဲ့သည့်တောင်ဟု ရခိုင်သမိုင်းမှတ်တမ်းများတွင် ဖော်ပြထားသည်။

ယခုမြေခခဲ့သည့် ထီးတော်မှာ ၂ဝ၁၇ ခုနှစ်က အများစုပေါင်း တင်လှူပူဇော်ထားခဲ့သည့် ထီးတော်ဖြစ်သည်ဟုလည်း ဂေါပအဖွဲ့က ပြောသည်။  (NN-16)

ဆက်စပ် သတင်းများ