သောကြာ၊ မေလ ၁၀ရက်၊ ၂၀၂၄

သစ်တောပြုန်းတီးမှုအကျိုးဆက်ကြောင့် ရာသီဥတုဖောက်ပြန်ကာ မိုးခေါင်၍ ရခိုင့်လယ်ယာလုပ်ငန်းထိခိုက်မှုရှိနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 805

မြန်မာနိုင်ငံက မိုးများဆုံးရွာသွန်းသည့် ဒေသများအထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် ရခိုင်ဒေသတွင် ရာသီဥတုဖောက်ပြန်မှုနှင့်အတူ မိုးပုံမှန်ရွာသွန်းမှုမရှိ၍ လယ်ယာစိုက်ပျိုးလုပ်ငန်းကို ထိခိုက်မှု ရှိလာသည်ဟု  သဘာဝပတ်ဝန်းကျင်အရေးတက်ကြွလှုပ်ရှားသူများက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ရခိုင်ဒေသတွင် မိုးခေါင်ခြင်း(သို့)မိုးရေချိန်နည်းပါး​​ခြင်း၊ ပုံမှန်မိုးရွာရက်နောက်ကျခြင်း၊ အဆမတန် အပူချိန်လွန်ကဲ​ခြင်းများကြောင့် ထွန်ယက်စိုက်ပျိုးမြေများပျက်စီးမှု၊ စိုက်ပျိုးသီးနှံများ သေကြေပျက်စီးမှုများကို ယခုနောက်ပိုင်း နှစ်များတွင် ပိုမိုကြုံတွေ့လာရသည်ဟုလည်း သိရသည်။

မိုခါမုန်တိုင်းဝင်ရောက်ခဲ့သည့် ယခုနှစ်စိုက်ပျိုးရာသီတွင်လည်း ဇူလိုင်လတတိယအပတ်ထိ မိုးရွာသွန်းမှု မရှိ သလောက်နည်းပါးနေဆဲဖြစ်ပြီး စိုက်ပျိုးပြီးစ စပါးခင်းများသေကြေပျက်စီးမှုများရှိနေကြောင်း ပုဏ္ဏားကျွန်းမြို့နယ် ၊ မင်းဇီချောင်းကျေးရွာမှ လယ်သမားတစ်ဦးက နိရဥ္စရာသို့ပြောသည်။

" ကျွန်တော်တို့ရွာက လယ်သမားတွေမှာတော့ အခုကမိုးမမှန်လို့ စိုက်ပျိုးထားတဲ့ စပါးပင်တွေ ခြောက်လိုခြောက်၊ ချစ်ချစ်တောက် ပူလိုပူ။ ကြဲထားပြီးသားစပါးပင်တွေလည်း နေပူပြင်းလို့ သေသွားတာတွေရှိနေကြတယ်။ အပင်ပေါက်ကလေးတွေက နေပူပြင်းတော့ ရေပူနဲ့ စိမ်ထားသလို ဖြစ်ပြီး အကုန်ခြောက်ပြီး သေကုန်ကြတယ်" ဟု သူက​ပြောသည်။

လက်ရှိတွင် လယ်သမားများစိုက်ပျိုးထားသော စပါးပင်ပေါက်ကလေးများမှာ မိုးရေမရရှိသည့်အပြင် ပြင်းထန်လွန်းသည့် နေပူချိန်ကြောင့် ဝါကြင်ရာမှတဆင့် ခြောက်သရောင်းထကာ သေကြေ ပျက်စီးနေကြောင်း၊ လယ်သမားအများစုမှာလည်း ကျန်ရှိနေသည့်ထွန်ယက်မြေများကို မထွန်ယက်နိုင်ဘဲဖြစ်နေကြောင်း သူကဆက်ပြောသည်။

" ကျွန်တော်တို့မှာ ထွန်ဖို့ကျန်နေတဲ့ လယ်တွေလည်း အကုန်ခြောက်ကပ်နေပြီးတော့ ထွန်လို့မရဘူး။ နေပူချိန်ကလည်း အရမ်းပြင်းတယ်။ လယ်ထဲဆင်းရင်တောင် ညနေ ၄ နာရီ၊၅ နာရီလောက်မှ ဆင်းနိုင်တယ်" ဟု သူကပြောသည်။

 မိုးရေချိန်နည်းပါးကာ လယ်မြေထဲတွင်ရေများခမ်းခြောက်နေသည့်အတွက် ကြဲပက်စိုက်ပျိုးထားပြီးစ
စပါးခင်းများအား ကြွက်အုပ်များနှင့် ငှက်များက အလွယ်တကူဝင်ရောက် ဖျက်ဆီး စားသောက်မှု များလည်း ရှိနေသည်ဟု မင်းပြားမြို့နယ်၊ ကျားပိုက်ကေကျေးရွာမှ လယ်သမား ဦးကိုကိုနိုင်က နိရဥ္စရာသို့ ပြောသည်။

" မိုးမရွာတော့ စပါးတွေကအပင်မပေါက်တာတွေရှိပါတယ်။ စာငှက်တွေ စားတာရှိပါတယ်။ ကြွက်တွေ ဖောက်တာတွေ ရှိပါတယ်။မိုးနည်းလို့ လယ်ထဲမှာရေတစက်မှမရှိတော့ ကြွက်တွေလည်း ကြဲထားပြီးစ စပါးတွေ ဝင်ဖျက်ဆီးစားသောက်တာတွေရှိနေပါတယ်" ဟု သူကပြောသည်။

မိုးရွာသွန်းမှုမရှိဘဲ ရေစိမ်ထားသည့်မျိုးစပါးများအား ကြဲမိသူများတွင်လည်း အပူချိန်ကြောင့် မျိုးစပါးများမှာ အပင်မပေါက်တော့ဘဲ ပုပ်ဆွေးသွားသည်ဟုသူက ပြောသည်။

" တချို့ဆိုရင်လယ်ကလည်းအကုန်ထွန်ပြီးပြီ။ စပါးကြဲဖို့လောက်ကျန်ပါတယ်။ မျိုးစပါးတွေလည်း ရေစိမ်ထားပြီးပြီ။ နေပူနေတော့စပါးကမကြဲရဲဖြစ်နေတယ်။ တချို့ နေပူနေတုန်းလည်း ကြဲလိုက်တဲ့ သူတွေမှာ အဲဒီစပါးတွေ ပုပ်သွားကြတယ်" ဟု ပြောသည်။

လယ်သမားများ၏ စိုက်ပျိုးပြီး ရက်ပေါင်း ၃၀ ကြာ ကြီးထွားစစပါးပင်များမှာလည်း ရေမရရှိသဖြင့် ဝါကြင်နွမ်းခြောက် နေပြီဟု ကျောက်တော်မြို့နယ်၊ တူးမြောင်းကျေးရွာမှ လယ်ဧက ၅၀ ခန့်ကို လုပ်ကိုင်နေသည့် ဦးမောင်မောင်သန်းက နိရဥ္စရာသို့ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စိုက်ပျိုးရာသီကလည်း ရခိုင်ပြည်နယ်ထဲမှ မင်းပြား၊မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းမြို့နယ်များတွင် မိုးရေချိန်အလွန်နည်းပါးပြီး အပူချိန်လွန်ကဲမှုကြောင့် လယ်သမားများ၏ စိုက်ပျိုးပြီးစပါးပင်များသေကြေပျက်စီးခဲ့သလို ထွန်ယက်မြေအများအပြားလည်း ခြောက်သရောင်းထ အက်ကွဲပျက်စီးမှုများရှိခဲ့သည်။

ရခိုင်ပြည်သည်  ဒေသအတွက်အရေးပါသည့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဖြင့် အဓိက တည်မှီ အသက်မွေးသူများပြားပြီး မြေဆီဩဇာကောင်းမွန်သည့် စိုက်ပျိုးမြေအမြောက်အများ ရှိရာ ဒေသတစ်ခုဖြစ်သည်။

သဘာဝဘေးအန္တရာယ်ဆိုးများနှင့် ရာသီဥတုဒဏ်ကိုကာကွယ်ပေးနိုင်သည့် ရခိုင်သစ်တောနှင့် ဒီရေတော ဧရိယာများပြုန်းတီးပျောက်ကွယ်လာခြင်းကြောင့် မိုးရွာသွန်းမှုနည်းပါးခြင်း၊ မိုးခေါင်ခြင်း စသည့် ရာသီဥတု ပြောင်းလဲမှုဖြစ်စဥ်များဖြစ်ပေါ်လာပြီး ယခုအခါ ဒေသ၏ အသက် သွေးကြောလုပ်ငန်းဖြစ်သည့် လယ်ယာလုပ်ငန်းကိုပါ ထိခိုက်ပျက်စီး လာခဲ့ရခြင်းဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်အရေးတက်ကြွလှုပ်ရှားသူများက ပြောသည်။

သစ်တောများသည် မိုးရွာသွန်းမှုကို အထောက်အကူပြုသလို ရွာသွန်းသောမိုးများက လယ်ယာမြေများကို မြေဆီဩဇာကောင်းမွန်စေကြောင်း၊ မိုးရွာသွန်းမှုနည်းပါးခြင်းမှာ သစ်တောပြုန်းတီးလာမှုနှင့် တိုက်ရိုက် သက်ဆိုင်နေကြောင်း အမ်းမြို့က ဒီရေတောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစိုက်ပျိုးရေးဆောင်ရွက်နေသူ ကိုမျိုးလွင်က နိရဥ္စရာသို့ပြောသည်။

" အထူးသဖြင့် သစ်တောရဲ့ဂေဟစနစ်သည် မြေဆီမြေလွှာအရည်အသွေးကောင်းမွန်ဖို့အတွက် သူက အထောက်အကူပြုတယ်ပေါ့နော်။နောက်ပြီးတော့ ပင်လယ်ထဲကလာတဲ့ မိုးတိမ်တိုက်တွေ မိုးရွာသွန်းဖို့အတွက် သစ်တောကထွက်တဲ့အခိုးအငွေ့တွေက အထောက်အကူပြုတယ်။ ဆိုတော့ သစ်တောသည် မိုးရွာသွန်းမှုကိုလည်း အထောက်ကူပြုတယ်။ နောက်ပြီးမြေဆီမြေလွှာ ကောင်းမွန်ဖို့လည်း အထောက်အကူပြုတယ်။ ရေအရင်းအမြစ်ရဖို့လည်း  အထောက်အကူ ပြုတယ်။ သစ်တောမရှိတော့ အခိုးအငွေ့တွေဖွဲ့မှုနည်းပြီးတော့ မိုးရွာသွန်းမှုအားနည်းတယ်" ဟု သူကပြောသည်။

ရခိုင်ရိုးမပေါ်မှ သစ်တောဧရိယာများပျောက်ကွယ်လာခြင်းမှာ ဒေသလိုအပ်ချက်အရမဟုတ်ဘဲ နှစ်စဉ် သစ်တန်ချိန်ပေါင်းများစွာ ပြည်ပနိုင်ငံများသို့တင်ပို့ရောင်းချသည့် တရားမဝင်သစ်မှောင်ခို လုပ်ငန်းများကြောင့်ဖြစ်ကြောင်းလည်း ကိုမျိုးလွင်က ထောက်ပြပြောဆိုသည်။

အလားတူ ရခိုင်ကမ်းရိုးတန်းမှ ဒီရေတောဧရိယာများ ပျောက်ကွယ်လာခြင်းမှာ မီးသွေးဖုတ် လုပ်ငန်းများနှင့် အုတ်ဖိုလုပ်ငန်းများမှ ခုတ်လှဲမှု၊ ပုစွန်နှင့်ငါးမွေးမြူရေကန်များ၏ ဒီရေတောများကို ခုတ်ထွင်းရှင်းလင်းကာ တိုးချဲ့လုပ်ကိုင်လာမှုတို့ကြောင့် ဖြစ်ကြောင်း သူက ဆက်ပြောသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလမှ စက်တင်ဘာလအထိ တရားမဝင် သစ်တန်ချိန် ၈၉၂ ဒသမ ၄၈၈၂ တန် ၊အောက်တို ဘာလမှ ဒီဇင်ဘာလထိ ၂၄၂ ဒသမ ၆၄၅၄ တန်နှင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် ၄၉၄ ဒသမ  ၇၉၅၅ ဖမ်းဆီးမိခဲ့ကြောင်း သစ်တောဦးစီးဌာန၏
စာရင်းအရသိရသည်။

ရခိုင်သစ်တောဖုံးလွှမ်းမှုဧရိယာ တဖြည်းဖြည်းပျောက်ကွယ်လာသည်နှင့်အမျှ မိုးခေါင်ခြင်း၊ ရေကြီးခြင်းစသည့် ရာသီဥတုပြောင်းလဲမှုဖြစ်စဥ်များကို ဒေသနေပြည်သူများ ပိုမိုကြုံတွေ့လာနေရခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် သစ်တောဖုံးလွှမ်းမှုကျဆင်းနေသည်ဟု စစ်ကောင်စီ၏ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ဇူလိုင် ၂ ရက်၊ နံနက်က စစ်တွေရှိ ရခိုင်ပြည်နယ် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးရုံး၌ သစ်တောဦးစီးဌာနမှ ပြည်နယ်၊ ခရိုင်၊မြို့နယ်အဆင့်တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ပြောဆိုသွားခဲ့သည်။

ယခု မိုးရာသီကာလ ပြန်လည်စိုက်ပျိုးမည့်သစ်ပင် ၂ဝ၄,၂ဝဝ ကို အထူးတာဝန်တရပ်အနေဖြင့် စိုက်ပျိုးရမည် ဟုလည်း သူက ပြောဆိုခဲ့သည်။

သို့သော်လည်း ရခိုင်သစ်တောဖုံးလွှမ်းမှုကျဆင်းခြင်း(သို့မဟုတ်) သစ်တောဧရိယာများ ပြုန်းတီး ပျောက်ကွယ်လာခြင်းမှာ အစိုးရ၏ သစ်တောမူဝါဒနှင့် ဥပဒေအရ စနစ်တကျ ထိန်းသိမ်းမှု မရှိသလောက်နည်းပါးခဲ့၍ဖြစ်သည်ဟု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး တက်ကြွ လှုပ်ရှားသူများက ပြောဆိုကြသည်။(NN-23)

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!