စနေ၊ မေလ ၁၁ရက်၊ ၂၀၂၄

အမ်း-တပ်တောင်ကားလမ်းတလျှောက်ရှိ ကျေးရွာ၈ ရွာမှ လမ်းဧရိယာနှင့်မလွတ်သည့် နေအိမ်များကိုဖယ်ရှားရန် လမ်းဦးစီးညွှန်ကြား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 802

ရခိုင်ပြည်နယ်၊ အမ်းမြို့နှင့် တပ်တောင်မြို့ကိုဆက်သွယ်ထားသည့် ကားလမ်းတစ်လျှောက်မှ ကျေးရွာများရှိ လမ်းဧရိယာနှင့် မလွတ်သည့် နေအိမ်များကို ဖယ်ရှားပေးရန် လမ်းဦးစီးဌာနက ညွှန်ကြားထားကြောင်း သတင်းရရှိသည်။

အဆိုပါကားလမ်းတစ်လျှောက်တွင်ရှိသည့် နေအိမ်များအား ဇူလိုင်လ ၂၀ ရက်နောက်ဆုံးထား ဖယ်ရှားပေးရန်နှင့်  သတ်မှတ်ထားသည့် လမ်းဧရိယာအကျယ် ၇၅ ပေမှ တစ်ဖက်တစ်ချက် ဘေးလွတ်သည်အထိ ဖယ်ရှားပေးရန် အမ်းမြို့နယ်လမ်းဦးစီးဌာနမှ ဇူလိုင်လ ၁၉ ရက်ကစာထုတ် ညွှန်ကြားထားခြင်းဖြစ်သည်။

ထိုသို့ညွှန်ကြားထားသော်လည်း နေအိမ်ပိုင်ရှင်များအနေဖြင့် နေအိမ်များဖြိုဖျက်ရန် မဖြစ်နိုင်သဖြင့် သတ်မှတ်ရက် ကျော်လွန်သည်ထိ ဖယ်ရှားပေးခြင်း မရှိသေးကြောင်း သိရှိရသည်။

တပ်တောင်မြို့မှ နေအိမ်ပိုင်ရှင်အမျိုးသမီးတစ်ဦးက "ဒီလ ၂၀ ရက်နေ့မှာ လမ်းဧရိယာထဲက ဆုတ်ပေးရမယ်လို့ စာထုတ်ပြီးပေးလာပါတယ်။ လမ်းဧရိယာ ပေ ၁၅၀ မှာ ဟိုဘက်ခြမ်း ၇၅ ပေ၊ ဒီဘက်ခြမ်း ၇၅ ပေကနေ နောက်ဆုတ်ပေးရမယ်ပေါ့။ ဒါပေမယ့် အခုထိတော့ အိမ်ပိုင်ရှင်တွေက ဘာမှမလုပ်ကြသေးပါဘူး။ တကယ်လို့ဖယ်ရှားပေးရရင် ကျွန်မတို့ဘယ်မှာနေရမလဲဆိုတာတောင် မစဉ်းစားရဲဘူး" ဟု ပြောသည်။

အမ်း- တပ်တောင်ကားလမ်းတလျှောက်တွင် ကျေးရွာပေါင်းအနည်းဆုံး ၈ ရွာခန့်ရှိပြီး င,ရုပ်တောင်၊ စိန်ပိုက်၊ မွန်လှ၊ နွန်ကျော်၊ တိုက်မော်၊ စခန်းမော်၊ ဂါယ်လောင်းနှင့် လုံးရွာများဖြစ်ကြောင်း သိရသည်။

လမ်းဦးစီးဌာန၏ ညွှန်ကြားချက်အရဆိုလျှင် အဆိုပါကျေးရွာများတွင်ရှိသည့် လမ်းဘေး တစ်ဘက်တစ်ချက်မှ နေအိမ်များအားလုံးကို ဖယ်ရှားပေးရမည့်အခြေအနေဖြစ်နေပြီး အမ်းမြို့ ၊ ရပ်ကွက်သုံးခုရှိ အဆောက်အဦများကိုလည်း ဖယ်ရှားပေးရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါနေအိမ်ပိုင်ရှင်အမျိုးသမီးက "အမ်းနဲ့တပ်တောင်ကြားမှာရှိတဲ့ ကားလမ်းဘေးက ရွာတွေက အိမ်တွေအကုန်လုံးကို ဖယ်ခိုင်းနေတာပါ။ ဒီမှာ နေအိမ်မြေနေရာတွေက ပေ ၃၀- ၄၀ လောက်ပဲရှိတာပါ။ သူတို့ခိုင်းတဲ့အတိုင်းဖယ်ပေးရင် မြေတစ်လက်မတောင်ကျန်မှာမဟုတ်ပါဘူး" ဟု ပြောသည်။

သံတွဲမြို့နှင့် ဂွမြို့ကြား ကားလမ်းတစ်လျှောက်တွင် တည်ဆောက်ထားသည့် လမ်းနယ်နိမိတ်နှင့် မလွတ်ကင်းသော ဆိုင်ခန်း၊ အဆောက်အဦများအားလုံးကိုလည်း ဇူလိုင် ၁၀ ရက်နောက်ဆုံးထားကာ ဖယ်ရှားပေးရန် ဇွန်လ ၂၇ ရက်က ဂွမြို့နယ် လမ်းဦးစီးဌာနက ညွှန်ကြားခဲ့သေးသည်။

 

(NN-23)

ဆက်စပ် သတင်းများ