အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

ရခိုင်မှကျောက်ဖြူမြို့နှင့် တရုတ်နိုင်ငံကျီလင်မြို့တို့ကို ချစ်ကြည်ရေးမြို့အဖြစ်တည်ဆောက်ရန် လက်မှတ်ရေးထိုး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 816

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နှင့် တရုတ်နိုင်ငံ၊ ကျီလင်မြို့တို့ကို ချစ်ကြည်ရေးမြို့အဖြစ်  တည်ဆောက်ရန် ဇူလိုင်လ ၂၄ ရက်နေ့က လက်မှတ်ထိုးလိုက်ပြီဖြစ်ကြောင်း သိရသည်။

ကျောက်ဖြူမြို့သည် တရုတ်နိုင်ငံ၏ အရေးပါသည့် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ အဓိကတည်ရှိရာ ရခိုင်ပြည်နယ်မှ မြို့တစ်မြို့ဖြစ်ပြီး တရုတ်နိုင်ငံ ကျီလင်မြို့မှာ စက်မှုထွန်းကားနေသော ကျီလင်ပြည်နယ်၏  မြို့တော်ဖြစ်ကြောင်း သိရသည်။

ကျောက်ဖြူနှင့် ကျီလင်မြို့အား ချစ်ကြည်ရေးမြို့ အဖြစ်တည်ဆောက်ရသည့် ရည်ရွယ်ချက်မှာ တရုတ်-မြန်မာသံတမန်ဆက်ဆံရေး၊ ထူထောင်ရေးအခြေခံမူများနှင့်အညီ နှစ်နိုင်ငံ ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုများ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရန်၊ နှစ်နိုင်ငံပြည်သူများအကြား နားလည်မှုနှင့်ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကျီလင်ခရိုင်၊ ကျီလင်မြို့နှင့် ရခိုင်ပြည်နယ်ကျောက်ဖြူမြို့တို့ကို ချစ်ကြည်ရေးမြို့အဖြစ်တည်ဆောက်ရန် နှစ်ဖက်စလုံးမှ ရည်ရွယ်ကြောင်း တရုတ်- မြန်မာ နှစ်ဘာသာဖြင့်ရေးသားထားသည့် စာချုပ်တွင် ရေးသားထားသည်။

ယင်းအပြင် "နှစ်ဦးနှစ်ဘက်တန်းတူညီမျှမှုနှင့် အကျိုးဖြစ်ထွန်းမှုကိုအခြေခံ၍ နှစ်နိုင်ငံပြည်သူများ ချစ်ကြည်ရင်းနှီးမှု၊ စီးပွားကူးသန်း ရောင်းဝယ်ရေးဖလှယ်မှု၊ သိပ္ပံနှင့်နည်းပညာ၊ ယဉ်ကျေးမှု၊ အားကစား၊ ပညာရေး လူ့စွမ်းအားအရင်းအမြစ်နှင့် အခြားနယ်ပယ်အသီးသီးတွင် ပူးတွဲမြှင့်တင်ကာ တက်ကြွစွာ အတူတကွပူးပေါင်းဆောင်ရွက်ကြမည်ဟု မျှော်လင့်မိသည်" ဟုလည်း ရေးသားထားသည်။

လက်မှတ်ရေးထိုးပွဲသို့ တရုတ်နိုင်ငံ ကျီလင်မြို့တော်ဝန်၊ တရုတ်ကွန်မြူနစ်ပါတီ၏ ကျီလင်မြို့တော်ကော်မတီအတွင်းရေးမှူး မစ္စတာဟူဘင် ဦးဆောင်သည့်အဖွဲ့နှင့် ကျောက်ဖြူခရိုင်ဒေသခံတိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးအသင်း (KDNEDA)ဥက္ကဋ္ဌ ဦးငြိမ်းချမ်းမောင် ဦးဆောင်သည့်အဖွဲ့တို့တက်ရောက်ခဲ့ကြသည်။


အဆိုပါလက်မှတ်ရေးထိုးပွဲကို ရန်ကုန်မြို့ရှိ တရုတ်-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးမြှင့်တင်ရေးအသင်း ညီလာခံခန်းမတွင် ဇူလိုင်လ ၂၄ ရက်၊ ညနေ ၄ နာရီက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတွေ့ဆုံပွဲတွင် ကျီလင်မြို့တော်ဝန် မစ္စတာ ဟူဘင်က ကျောက်ဖြူမြို့သည် တရုတ်နိုင်ငံ၏ ခေတ်သစ် ပိုးလမ်းမကြီးဟုခေါ်သည့် One Belt, One Road တစ်ခုတည်းသော ရပ်ဝန်းနှင့် လမ်းမကြီးများ၏ အချက်အချာကျသည့် ပထဝီမြေအနေအထား၌ တည်ရှိနေပြီး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများမှတဆင့် အခွင့်အလမ်းများစွာ ရရှိလာမည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

သူက "ကျီလင်မြို့၌ အဓိက လုပ်ငန်းအမျိုးအစား ၇ ခု လွန်စွာထွန်းကားပြီး သံရည်ကျိုချက်ခြင်း လုပ်ငန်း၊ ဓာတုပစ္စည်းထုတ်လုပ်ခြင်းလုပ်ငန်း၊ ဆောက်လုပ်ရေး၊ ခေတ်သစ်အသုံးအဆောင်များ ထုတ်လုပ်ခြင်း၊ စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်းနှင့် စက်မှုလုပ်ငန်းများဖြစ်ကြပါတယ်။ ကျောက်ဖြူမြို့ အနေဖြင့် ကျီလင်မြို့နှင့် ချစ်ကြည်ရေးမြို့ တည်ဆောက်သည့်အခါ အဆိုပါလုပ်ငန်းများ၌လည်း ပူးပေါင်းဆောင်ရွက်လာနိုင်မှာ ဖြစ်ပါတယ်" ဟု အဆိုပါအခမ်းအနားတွင် ပြောကြားခဲ့ကြောင်း သိရသည်။

KDNEDA အသင်းဥက္ကဋ္ဌ ဦးငြိမ်းချမ်းမောင်ကလည်း ကျောက်ဖြူမြို့နှင့် ကျီလင်မြို့မှာ ထာဝရ မိတ်ဆွေများဖြစ်သွားပြီဖြစ်၍ ပိုမိုခိုင်မာပြီး အဓိပ္ပာယ်ပြည့်ဝအောင် ဆောင်ရွက်ကြမည်ဟု ပြောဆိုခဲ့သည်။

သူက "တစ်နေ့တစ်ခြား အိမ်ကို စွန့်ခွာသွားကြတဲ့ရခိုင်တွေ အိမ်ကိုပြန်လာနိုင်ဖို့ ပထဝီအနေအထားအရ အားသာချက်များစွာရှိနေတဲ့ ကျောက်ဖြူဒေသမှာ အထူးစီးပွားရေးဇုန်ကြီး တည်ဆောက်နိုင်ခြင်းဟာ ကမ္ဘာ့ဈေးကွက်ကြီးတွေဖြစ်ကြတဲ့ တရုတ်၊ အိန္ဒိယနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေကို စီးပွားရေးဆုံမှတ် ဖြစ်လာစေခြင်းဖြင့် ခိုင်မာတဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ရရှိလာမည်ဆိုပါက မြန်မာတစ်နိုင်ငံလုံးရဲ့ ဂျီဒီပီ ၈ဝ ရာခိုင်နှုန်းအထိ ဆွဲတင်နိုင်မယ်လို့ ပညာရှင်တွေက ခန့်မှန်းထားပါတယ် "ဟုလည်း ပြောဆိုခဲ့သည်။



ယခုလက်မှတ်ရေးထိုးသည့်စာချုပ်သည် စာချုပ်ချုပ်ဆိုချိန်မှစတင်ကာ ၅ နှစ်သက်တမ်းအသက်ဝင်ပြီး ထို ၅ နှစ်စေ့၍ တစ်ဘက်ဘက်မှ စာချုပ်ဖျက်သိမ်းမည်မပြောကြားလာပါက သက်တမ်း ထပ်တိုးခွင့်ရှိသည်ဟု ဆိုသည်။

ကျောက်ဖြူမြို့သည် တရုတ်၏အရေးပါသော စီးပွားရေးရင်းနှီးမြှပ်နှံမှုစီမံကိန်းဖြစ်သည့်အထူး စီးပွားရေးဇုန်စီမံကိန်းနှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းများတည်ရှိရာ မြို့ဖြစ်သည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်တို့ကိုတည်ဆောက်ရန် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလတွင် တရုတ်နိုင်ငံပိုင်ကော်ပိုရေးရှင်း (China International Trust Investment Corporation- CITIC) ဦးဆောင်သည့် ကုမ္ပဏီအစုအဖွဲ့က တင်ဒါအောင်မြင်ခဲ့ခြင်းဖြစ်သည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းကို မဒေးကျွန်းတွင် မီတာ ၂၅၀၀ အကျယ်နှင့် အနံ မီတာ ၆၀၀ ရှိသည့် ဆိပ်ကမ်းနှင့် ရမ်းဗြဲကျွန်းတွင် မီတာ ၁၅၀၀ အကျယ်နှင့် မီတာ ၆၀၀ အနံရှိသည့် ဆိပ်ကမ်း စသည်ဖြင့် တည်ဆောက်မည်ဟု သိရသည်။

အဆိုပါ ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် ပေ ၁၀၀၀ အထက် Mother Vessels, Carriers, Super Tankers စသည့်ကုန်တင်သင်္ဘောကြီးများ ဝင်ထွက်သွားလာနိုင်သည့် ရေနက်ဆိပ်ကမ်းအမျိုးအစား ဖြစ်ပြီး အဆိုပါရေနက်ဆိပ်ကမ်းမှ ကျောက်ဖြူရွှေသဘာဝဓာတ်ငွေ့နှင့် ရခိုင်ကမ်းရိုးတန်း ရေနံလုပ်ကွက်များမှ ထွက်ရှိသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့များအား တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ တင်ပို့သွားမည်ဟု သိရသည်။

တဖက်တွင်လည်း တရုတ်၏စီးပွားရေးစီမံကိန်းများမှ ဒေသနေလူထု၏ အလုပ်အကိုင်အခွင့်အလမ်းကို တစ်စုံတစ်ရာပြောင်းလဲမပေးနိုင်သည့်အပြင် ရှိရင်းစွဲအသက်မွေးဝမ်းကျောင်း  ရေလုပ်ငန်းများပါ ဆုံးရှုံးလာမည်ကို ဒေသခံများက စိုးရိမ်မှုများရှိနေကြသည်

ရေနက်ဆိပ်ကမ်းတည်ဆောက်မှုကြောင့် ကျောက်ဖြူရှိ သံဇစ်မြစ်ကြောင်းတစ်လျှောက်တွင်ရှိသည့် သဘာဝဂေဟစနစ်များပျက်စီးပြီး ဒေသခံရေလုပ်သားအများအပြား၏ ရေလုပ်ကွက်များ ပျက်စီးသွားနိုင်၍ အသက်မွေးဝမ်း ကျောင်းအလုပ်ကိုင်များဆုံးရှုံးရမည်ကို ဒေသခံရေလုပ်သားများ အနေဖြင့် စိုးရိမ်နေကြောင်း ပြောဆိုကြသည်။ (NN-23)

ဓာတ်ပုံ -  KDNEDA

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!