တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

ရခိုင်တွင် ကုန်ဈေးနှုန်းများ ဆက်လက်မြင့်တက်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 2k

(ကျပ်နှစ်သောင်းတန်ထုတ်ဝေမည့်သတင်းကြောင့် ပိုဆိုးမည်ကို စိုးရိမ်)

ရခိုင်တွင် ကုန်ဈေးနှုန်းများ ဆက်လက် မြင့်တက်နေပြီး စစ်ကောင်စီက ကျပ်နှစ်သောင်းတန် ထုတ်ဝေမည့်သတင်းကြောင့် ကုန်စျေးနှုန်းများ ပိုမိုမြင့်တက်လာမည်ကို စိုးရိမ်နေကြောင်း ဒေသခံများကပြောဆိုသည်။

မုန်တိုင်းမတိုက်မီက စစ်တွေတွင် ကျပ် ၈ သောင်းခန့်သာရှိသည့် ဆန်တစ်အိတ်ကို ယခု ကျပ် ၁ သိန်းကျော်၊ ကြက်သွန်နီ တစ်ပိဿာကို ယခင် ၁၇၀၀ ကျပ်ရှိခဲ့ရာမှ ယခု ၃၀၀၀ ကျပ်၊ ငရုတ်သီးခြောက်တစ်ပိဿာကို ယခင် ၁၂၀၀၀ ကျပ်ရှိခဲ့ရာမှ ယခု ၁၅၀၀၀ ကျပ်၊ ငရုတ်သီးစိမ်းတစ်ပိဿာကို ယခင် ၂၀၀၀ ကျပ်မှ ယခု ၈၀၀၀ ကျပ်၊ ကြက်ဥ တစ်ထောင်ဖိုး ၃ လုံးအထိ ဈေးနှုန်းမြင့်တက်နေကြောင်း သိရသည်။

ထို့အတူ စစ်ကောင်စီကထုတ်ဝေမည့် ငွေစက္ကူသစ်ကြောင့် မြန်မာငွေတန်ဖိုး ကျဆင်းပြီး ပြည်တွင်းကုန်ဈေးနှုန်းများမှာ အဆမတန် မြင့်တက်လာကာ အခြေခံစားသောက်ကုန်နှင့် အရောင်းအဝယ်လုပ်ငန်းများကိုလည်း သက်ရောက်မှု ရှိလာနိုင်သည်ဟု ကျောက်တော်မြို့နယ်မှ ဦးဦးစောနိုင်ကပြောသည်။
 
"ဒီကုန်ဈေးနှုန်းတွေ ဈေးမြင့်တက်လာနေတာက ငွေစက္ကူသစ်ကြောင့်လည်း ဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ ငွေစက္ကူသစ်က amount လည်းကြီးတယ်။ မြန်မာနိုင်ငံမှာက ငွေစက္ကူသစ် ထုတ်ဝေတိုင်း ငွေကြေးဖောင်းပွတယ်။ ကုန်ဈေးနှုန်း မြင့်တက်တယ်။ နှစ်သောင်းတန်ဆိုတော့ အခုလည်း ကုန်ဈေးနှုန်းတွေ မြင့်တက်နေပြီလေ" ဟု ပြောသည်။

မိုခါမုန်တိုင်းဖြစ်ပြီးကတည်းက ရခိုင်တွင် ကုန်စျေးနုန်းများ တစ်ရိပ်ရိပ်မြင့်တက်နေပြီး လက်ရှိ အချိန်တွင်လည်း မြင့်တက်နေဆဲဖြစ်ကြောင်း စစ်တွေဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

"ကုန်ဈေးနှုန်းတွေဈေးတက်တာက မုန်တိုင်းပြီးခါကနေ တက်နေတာ။ အခုအချိန်ထိလည်း တက်နေဆဲဘဲ။ ဒီရက်ပိုင်းအတွင်းမှာ ဈေးတွေ ပိုတက်လာနေတယ်။ ကုန်ပစ္စည်းတစ်ခုကို ဈေးမေးလိုက်ရင် အရင်ဝယ်နေကျ ဈေးမဟုတ်တော့ဘူး။ ဆိုင်တိုင်းနီးပါးဈေးနှုန်းတွေ မြင့်တက်ကုန်တယ်" ဟု ပြောသည်။

ကုန်ဈေးနှုန်းများမှာ ဆိုင်ကလုန်းမိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် မြင့်တက်နေခြင်း ဖြစ်ပြီး ကုန်ခြောက်များမှာလည်း ဈေးအနည်းငယ်စီ မြင့်တက်သွားကာ လက်ရှိအချိန်ထိလည်း ဆက်လက်မြင့်တက်နေဆဲဖြစ်သည်ဟု သိရသည်။

စစ်တွေမြို့၊ မန်ကျည်းမြိုင်ရပ်ကွက်မှ အမျိုးသမီးတစ်ဦးက "စစ်တွေမှာက အဝေးသင်ကျောင်းသားတွေ၊ Day ကျောင်းသားတွေ ကျောင်းတက်ဖို့ ရောက်ပြီဆိုရင် ကုန်ဈေးနှုန်းတွေက တစ်ဆပိုဈေးတက်သွားတယ်။ ကုန်ဈေးနှုန်းတွေ ဈေးတက်သွားလည်း မစားဘဲနေလို့ရတာမှမဟုတ်တာ။ အဆင်ပြေသလို ဝယ်ယူစားသုံးရတာပါပဲ" ဟု ပြောသည်။

ယင်းအပြင် ဘူးသီးတောင်မြို့တွင်လည်း အလုပ်အကိုင်များရှားပါးနေပြီး ကုန်ဈေးနှုန်းများ မြင့်တက်လာနေ၍ လက်လုပ်လက်စားများမှာ တစ်နေ့ရရှိသည့် လုပ်အားခဝင်ငွေ ၁ သောင်းကျပ်ဖြင့် မိသားစုစားဝတ်နေရေး အဆင်မပြေမှုများ ရှိသည်ဟု ဘူးသီးတောင်မြို့ခံတစ်ဦးကပြောသည်။

"တစ်နေ့လုပ်အားခနဲ့ မိသားစုစားဝတ်နေရေးက အဆင်မပြေဘူး။ မိသားစုများရင် ပိုတောင် အဆင်မပြေဘူး။ တစ်နေ့ဝင်ငွေ တစ်သောင်းနှစ်ထောင်လောက်နဲ့ သေသေချာချာ ချက်ပြုတ် စားသောက်မယ်ဆို တစ်နေ့ ၂ သောင်းကျော်လောက် ကုန်ကျမယ်။ ဒါတောင် ချွေချွေတာတာ ချက်ပြုတ်စားသောက်တဲ့အဆင့်ပါ။ အလုပ်အကိုင်တွေကလည်း ရှားပါး၊ ကုန်ဈေးနှုန်းတွေကလည်း ထိုးတက်နဲ့ ကျွန်တော်တို့လို ကျပန်းလက်လုပ်စားသူတွေအဖို့ အဆင်မပြေတာတွေ အများကြီးရှိတယ်" ဟု ပြောသည်။

အလားတူ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ကျောက်ဖြူ၊ မင်းပြာ၊ ပေါက်တော၊ မြေပုံ စသည့်မြို့များတွင်လည်း လူသုံးကုန်နှင့် အခြေခံစားသောက် ကုန်ဈေးနှုန်းများမှာ အနည်းနှင့်အများ မြင့်တက်လျက်ရှိသည်ဟု သိရသည်။ (NN-12)

ဆက်စပ် သတင်းများ