စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

စစ်ကောင်စီလေဘေးကယ်ဆယ်ရေးပစ္စည်းများအတွက် ငွေကြေးကောက်ခံမှုနှင့်ဆန်အိတ်များရောင်းချပြီး ခရီးစရိတ်အဖြစ် အသုံးပြုနေကြရာမှ ရွာသားများအကြားစွပ်စွဲမှုများနှင့် စိတ်ဝမ်းကွဲပြားမှု ပေါ်ပေါက်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 966

ရခိုင်ပြည်နယ်အတွင်းမှ မုန်တိုင်းသင့် ကျေးရွာများသို့ စစ်ကောင်စီက လေဘေးကယ်ဆယ်ရေး ပစ္စည်းများ ပေးရာတွင် ခရီးစရိတ်နှင့် သယ်ယူပို့ဆောင်ခစရိတ်များကို ထောက်ပံ့ပေးခြင်းမရှိ၍ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် ကယ်ဆယ်ရေးဆန်အိတ်များကို ရောင်းချခြင်း၊ ရွာသားများထံမှ ပိုက်ဆံကောက်ပြီး သယ်ယူပို့ဆောင်ခ စရိတ်အဖြစ်အသုံးပြုနေရသဖြင့် ဆန်အိတ်များကို ဖြတ်စားသည်ဟု စွပ်စွဲမှုများ ကျေးရွာအများအပြားတွင် ပေါ်ပေါက်နေသလို တစ်ဖက်တွင်လည်း ရွာသားများအကြား စိတ်ဝမ်းကွဲပြားမှုများ ပေါ်ပေါက်နေသည်ဟု သတင်းရရှိသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ကျေးရွာတစ်ရွာမှရွာသားတစ်ဦးက ''ကျနော်တို့ရွာမှာ တစ်အိမ်ကို ဆန် နို့ဆီဗူး၁၂ လုံးရတယ်။ တစ်အိမ်က ငွေငါးရာကောက်တယ်။ ဆိုတော့ ဒါက ထောက်ပံ့ရေးရတာမှမဟုတ်တာ။ ဝယ်ရတာပဲ'' ဟု ဆိုသည်။

မုန်တိုင်းကြောင့် နေအိမ်အဆောက်အအုံများပြိုပျက်သွားသည်ကိုရှိစုမဲ့စုပိုက်ဆံများဖြင့် ပြင်ဆင်နေရသည့်အထဲ ကယ်ဆယ်ရေးရသည့် ပစ္စည်းများကိုပါ ငွေပေးပြီး ထုတ်ယူနေရသည်မှာလုံးဝမဖြစ်သင့်ဟုလည်း ပြောဆိုကြသည်။



ပေါက်တောမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကမူ ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် အဆိုပါ ရိက္ခာပစ္စည်းများကို မြို့နယ်ထွေ/အုပ်ရုံးတို့မှ ကုန်းလမ်း၊ ရေလမ်းတို့ဖြင့် သွားရောက် ထုတ်ယူကြရသည့်အတွက် လမ်းစရိတ်အဖြစ် ရိက္ခာထဲမှ ဖြတ်ခြင်းသာဖြစ်ကြောင်း တုံ့ပြန်ပြောသည်။

''ဖြတ်စားတာ မဟုတ်ဘူး။ ကျနော်တို့က ကိုယ့်စရိတ်နဲ့ကိုယ် ပေါက်တောက ရုံးက တစ်ဆင့် ယူလာတယ်။ ကားခ၊ အလုပ်သမားခ၊ စက်လှေခ တွေရှိတယ်။ တစ်သိန်းကျော်လောက်ထိ စရိတ်ပေါက်တာ။ ကယ်ဆယ်ရေး ဆန်တစ်အိတ်ကို ၆ သောင်းလောက်ပဲ ရတယ်။ နှစ်အိတ်လောက် စရိတ်ဖြတ်ရင်တောင်မှ ခရီးစရိတ်နဲ့ သယ်ယူခစရိတ်မလောက်ဘူး'' ဟု ဆိုသည်။  

 

ထိုကဲ့သို့ ​စစ်ကောင်စီမြို့နယ်ထွေအုပ်ရုံးများမှ   လေဘေးကယ်ဆယ်ရေး ပစ္စည်းများအား ကျေးရွာအုပ်ချုပ်ရေးမှူးများ သွားထုတ်ယူရာတွင် တချို့ကျေးရွာအုပ်ချုပ်ရေးမှူးများက ဆန်အိတ်များကို ရောင်းချရခြင်း၊ တချို့ကျေးရွာများတွင် ရွာသားများထံက ငွေကြေး ကောက်ခံရခြင်းများ ရှိနေသဖြင့်  အုပ်ချုပ်ရေးမှူးများက ဆန်အိတ်များကို ဖြတ်စားသည်ဟု ဆိုကာ စွပ်စွဲချက်များ ပေါ်ပေါက်နေခြင်းဖြစ်သည်ဟု သိရှိရသည်။

 

အမည်မဖော်လိုသူ လူမှုရေး ဆောင်ရွက်နေသူ တစ်ဦးက  ရွာတစ်ရွာ ဆန်အိတ် ၂၀ ရတာမှာ ၃ အိတ်လောက်ကို ခရီးစရိတ်အတွက် ရောင်းလိုက်ရတော့ ဆန်တွေဖြန့်ဝေတဲ့အခါ အရနည်းသွားတယ်။ ဒီတော့ ဖြတ်စားတယ်ဆိုပြီး စွပ်စွဲမှုတွေ ပေါ်ပေါက်လာတယ်။ အစိုးရအနေနဲ့ လေဘေးကယ်ဆယ်ရေး ပစ္စည်းတွေထောက်ပံ့ရင် ခရီးစရိတ်နဲ့ သယ်ယူခစရိတ်ပါ ထောက်ပံ့သင့်တယ်။ အခုက အကုန်လုံး စျေးကြီးနေတော့ သယ်ယူပို့ဆောင်ခလည်း လွယ်တာ မဟုတ်တော့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကလည်း အိတ်ထဲက စိုက်ဖို့ဆိုတာ မလွယ်ကူဘူးဟု ပြောဆိုသည်။

 

တချို့ကျေးရွာများတွင် လိုအပ်သည်ထက် ပိုဖြတ်စားမှုများလည်း ရှိနေကြောင်းကျေးရွာသားများက စွပ်စွဲ ပြောဆိုကြသည်။


အမည်မဖော်လိုသူ ကျေးရွာ စာရေးတစ်ဦးက   ကျွန်တော်တို့ ပေါက်တောမြို့နယ်မှာတော့ ဆန်တစ်အိတ်ထုတ်တိုင်း မြို့နယ်ထွေအုပ်ရုံးကို ကျပ်သုံးထောင်ပေးရပါတယ်။ တစ်ခြား မြို့နယ် တွေမှာလည်း ဒီအတိုင်းကောက်တယ်လို့ ကြားပါတယ်။ ဒီစရိတ်တွေအတွက် ကျွန်တော် တာဝန်ကျတဲ့ရွာမှာတော့ ကယ်ဆယ်ရေးရတဲ့ ဆန်အိတ်အထဲက တချို့ကို ရောင်းပြီး ဖြေရှင်းပါတယ်ဟု ပြောဆိုသည်။


ပုဏ္ဏားကျွန်းမြို့နယ်ရှိ တချို့ကျေးရွာများတွင် စစ်ကောင်စီ၏ ကူညီထောက်ပံ့မှုကို လုံးဝမရကြောင်း ကျေးရွာသားများက ပြောဆိုသည်။




သက်ထင်ကျေးရွာသားတစ်ဦးက ''ကျနော့်ရွာမှာက စစ်ကောင်စီက ပေးတာ တခါမှ မရသေးဘူး။ ပေးတယ်လို့တော့ ကြားပါတယ်။ မရကြဘူး။ ကျောင်းသားအဖွဲ့တွေက ပေးတာတော့ တစ်ခါရတယ်'' ဟု ဆိုသည်။

လက်ရှိတွင် မိုခါ မုန်တိုင်းဒဏ်ခံရသည့် ရခိုင်ပြည်သူများအား အရပ်ဘက်အဖွဲ့အစည်းတချို့၊  ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီတို့က ဆန်၊ ဆီ၊ ဆပ်ပြာ စသည့် ထောက်ပံ့ရေးပစ္စည်းများကို ထောက်ပံ့ ပေးနေကြသော်လည်း နိုင်ငံတကာ အပါအဝင် ရခိုင်ရှိ အရပ်ဖက်အဖွဲ့အစည်း တချို့အားလည်း သွားရောက် ကူညီ ထောက်ပံ့ခွင့်များကို ကန့်သတ်ထားဆဲဖြစ်သည်။

မိုခါမုန်တိုင်းသည် မေလ ၁၄ ရက်တွင် စစ်တွေကိုဗဟိုပြုပြီး တိုက်ခတ်သွားခြင်းဖြစ်ရာ ရခိုင်ပြည်အတွင်း ပျက်စီးဆုံးရှုံးမှု ၉ဝ ရာခိုင်နှုန်းအထိရှိခဲ့သည်။ (NN-18)

 

ဆက်စပ် သတင်းများ