တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

မုန်တိုင်းပြီးနောက် တဟုန်ထိုးဈေးမြင့်တက်ခဲ့သော အိမ်မိုးသွပ်စျေး ယခင်စျေးအတိုင်း ပုံမှန်ပြန်ဖြစ်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 621

ရခိုင်တွင် ဆိုင်ကလုန်းမိုခါမုန်တိုင်းပြီးနောက် လူနေအိမ်များနှင့် အဆောက်အအုံးများစွာပျက်စီးခဲ့၍ တဟုန်ထိုးဈေးမြင့်တက်ခဲ့သော အိမ်မိုးသွပ်ဈေးမှာ ယခင်အတိုင်းပုံမှန်ဈေးပြန်ဖြစ်လာနေသည်ဟု အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များက ပြောသည်။

စစ်တွေမြို့မှ အမည်မဖော်လိုသည့် အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်တစ်ဦးက "အိမ်မိုးသွပ်ဈေးတွေကတော့ ဈေးကျသွားပါတယ်။ အရင်ပုံမှန်ဈေးပြန်ဖြစ်သွားတယ်လို့ ပြောလို့ရတယ်" ဟု ပြောသည်။

မုန်တိုင်းပြီးနောက် ၁ ပေကို ၃၂၀၀ ကျပ် မှ ၃၅၀၀ ကျပ် ကြားရှိသော အိမ်မိုးသွပ်အထူအမျိုးအစားမှာ ယခုအခါ ၁ ပေကို ၃၀၀၀ ကျပ်ဈေးနှုန်းရှိနေပြီဖြစ်သည်။

အလားတူ မုန်တိုင်းပြီးနောက် ၂၀၀၀ ကျပ်မှ ၂၁၀၀ ကျပ်ကြားရှိခဲ့သော အိမ်မိုးသွပ်အပါး အမျိုးအစားမှာလည်း ယခုအခါ ၁ ပေကို ၁၉၀၀ ကျပ်သာဈေးနှုန်းရှိနေသည်ဟု သိရသည်။

စစ်တွေမြို့မှ ကျော်မြင့်မိုရ်အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်က "ကျွန်တော်တို့ဆိုင်မှာက ရန်ကုန်ကနေ တစ်ရက်ဖို့ အိမ်မိုးသွပ်ဈေးတွေ Update တွေရောက်တယ်။ အဲ့ဒီဘက်က ၁ ပေကို ၁၀၀ ကျပ်တက်ရင် ဒီဘက်ကလည်း ၁၀၀ ကျပ်တက်လို့ရတယ်။ အဲ့လိုမျိုးပါ။ ဒါပေမဲ့ အခုက ဈေးကျသွားတယ်။ အရင်ဈေးပုံမှန်ဖြစ်နေတယ်" ဟု ပြောသည်။

ရခိုင်တွင် မိုခါမုန်တိုင်းပြီးနောက် ပျက်စီးသွားသည့် သိန်းနှင့်ချီသော လူနေအိမ်များနှင့် အဆောက်အအုံများတွင် ပြန်လည် နေထိုင်အခြေချရန် အတွက် အချိန်မီပြန်ပြုပြင်ရန် လိုအပ်နေခဲ့ကြသည်။

ယင်းအချိန်တုန်းက အိမ်မိုးသွပ်များမှာ ဈေးကွက်တွင် ဝယ်လိုအားများပြီး ထုတ်လုပ်မှုလိုက်မမီ၍ ဈေးနှုန်းမြင့်တက်ခဲ့ကာ ဝယ်ယူမရနိုင်သည့် အခြေအနေအထိ ပစ္စည်းပြတ်လပ်မှုများလည်း ရှိခဲ့သည်။

ကျော်မြင့်မိုရ်အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်က "ဈေးကွက်သဘောသဘာဝအရ ဝယ်လိုအားများရင် ထုတ်လုပ်မှုတွေက စက်ရုံမှာလိုက်မမီနိုင်ဘူး။ အဓိက ဝယ်လိုအားများရင် ဈေးကွက်မှာ ပစ္စည်းပြတ်ပြီး ဈေးတွေတင်လိုက်ကြတဲ့သဘောမျိုးလေ။ အခုက အိမ်မိုးသွပ်တွေ ပုံမှန်ဈေးဖြစ်နေပါပြီ" ဟု ပြောသည်။

လက်ရှိတွင် မိုးရာသီဖြစ်နေသည်ကတစ်ပိုင်း၊ မုန်တိုင်းပြီးနောက် နေအိမ်များကို တစ်ပိုင်တစ်နိုင်ပြန်လည် ပြုပြင်ပြီးစီးသွားသည်ကတစ်ပိုင်း စသည့် အချက်များကြောင့် အိမ်မိုးသွပ်များဝယ်ယူမှု နည်းပါးလျက်ရှိသည်ဟု ကျောက်တော်မြို့နယ်မှ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦးက ပြောသည်။

"ဒီအချိန်က မိုးတွင်းရောက်နေပြီလေ။ မုန်တိုင်းဒဏ်ခံရတဲ့အိမ်တွေလည်း အကုန် မိုး၊ ကာ ပြီးစီးသွားပြီဆိုတော့ အခုတော့ အရောင်းပါးသွားတယ်။ ကျွန်မတို့အိမ်မိုးသွပ်တွေရောင်းချမှုတွေ နည်းနည်းပါးသွားပြီ" ဟု ပြောသည်။

ထို့အတူ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက ထုတ်ဝေမည့် ၂ သောင်းကျပ်တန် ငွေစက္ကူသစ်ကြောင့်လည်း ရန်ကုန်ရှိအိမ်မိုးသွပ်စက်ရုံများတွင် အရောင်းရပ်နားကာ ဈေးဖွင့်မရောင်းဘဲ အခြေအနေများကို စောင့်ကြည့်မှုများရှိနေသည်ဟုလည်း သိရသည်။ (NN-12)

ဆက်စပ် သတင်းများ