စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

တောင်ကုတ်က ရွှေဆိုင်တစ်ဆိုင် နေ့ခင်းကြောင်တောင် ဓားပြတိုက်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 1.1k

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့က ရွှေဆိုင်တစ်ဆိုင်မှာ ယနေ့ဇူလိုင်လ ၂၇ ရက်နေ့တွင် နေ့ခင်းကြောင်တောင် ဓားပြဝင်တိုက်ခံခဲ့ရကြောင်း မြို့ခံများကအတည်ပြုပြောသည်။

ဓားပြတိုက်ခံရသည့် ရွှေဆိုင်မှာ တောင်ကုတ်မြို့နယ်ခန်းမအနီးရှိသည့် ရွှေပွင့်အိမ်ရွှေဆိုင်ဖြစ်ပြီး ဆိုင်ရှိပစ္စည်းများလည်းပါသွားခဲ့ကြောင်း ကနဦးသိရှိရသည်ဟု တောင်ကုတ်မြို့ခံတစ်ဦးက ပြောသည်။

"မြို့နယ်ခန်းမနားက မသီတာတို့ ရွှေပွင့်အိမ်ရွှေဆိုင်ပါ။မီးပွိုင့်နဲ့ မြို့နယ်ခန်းမကြားကလေ။ သေနတ်နဲ့လူနှစ်ယောက် ဝင်ပြီးတိုက်သွားတာလို့သိရပါတယ်" ဟုသူကပြောသည်။


ယနေ့ မွန်းလွဲ  ၃ နာရီဝန်းကျင်က ဆိုင်ကယ်နှင့်လူငယ်အမျိုးသားနှစ်ဦး သေနတ်တစ်လက်ဖြင့်ဝင်ရောက်လာကာ ရွှေဆိုင်ရှိမှန်များကိုခွဲကာ ရွှေထည်ပစ္စည်းများအား ဘေးလွယ်အိတ်နှစ်လုံးဖြင့်အပြည့်ထည့်သိပ်ယူဆောင်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

"မှန်တွေခွဲပြီး အကုန်သိမ်းကျုံးယူသွားတယ်လို့ကြားတယ်။အဲဒီနေရာက လမ်းဆုံလမ်းခွနားဖြစ်နေတော့လူများတယ်။ဆိုင်ကယ်ဂိတ်လည်းရှိတယ်" ဟုအဆိုပါအမျိုးသားကပြောသည်။

အဆိုပါရွှေဆိုင်အနီးနေထိုင်သူအမျိုးသမီးတစ်ဦးကလည်း" ကြားကြားခြင်းသေနတ်တွေနဲ့ဆိုတော့ ညီမတို့လည်းအပြင်မထွက်ရဲဘူး။ဓားပြက နှစ်ယောက်ပါ။လူငယ်အရွယ်ပဲလို့ သိရပါတယ်။ ပစ္စည်းတွေကတော့ဘေးလွယ်အိတ်နဲ့ နှစ်လုံးပါသွားတယ်လို့သိရတယ်"ဟု ပြောသည်။

အဆိုပါဓားပြတိုက်မှုဖြစ်စဥ်နှင့် ပစ္စည်းတန်ဖိုးမည်မျှ တိုက်ယူခံရသည်ကို အသေးစိတ် သိရှိနိုင်ရန်နိရဥ္စရာက စုံစမ်းနေဆဲဖြစ်သည်။

 အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တောင်ကုတ်မြို့မရဲစခန်းမှ ရဲအုပ်တစ်ဦးအားဆက်သွယ်မေးမြန်းရာ မအားသေးဟုဆိုကာ နောက်မှပြန်ဆက်သွယ်ရန် ပြောဆိုသည်။(NN-23)

ဆက်စပ် သတင်းများ