Preview

မြို့နယ် ၃ခုမှ AA ထိန်းချုပ်ထားသည့်နယ်မြေများကို စစ်ကောင်စီတပ်က ညအချိန် ဒရုန်းများဖြင့် ကင်းထောက်မှုများပြုလုပ်

ဇူလိုင် ၂၈/ ၂၀၂၃ | ကြည့်ရှုသူ :1875
ရခိုင် သတင်း

၇ခိုင်မြို့နယ် ၃ ခုမှ ရက္ခိုင့်တပ်တော်(AA)ထိန်းချုပ်ထားသည့် နယ်မြေများတွင်စစ်ကောင်စီတပ်က ညအချိန် ဒရုန်းများဖြင့် ကင်းထောက်မှုများရှိလာနေသည်ဟု ဒေသခံများကပြောသည်။

ယင်းသို့ ကင်းထောက်မှုများကိုAA ထိန်းချုပ်ရာနယ်မြေများဖြစ်သည့်မြောက်ဦးမြို့နယ်၊ ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်အစပ်နေရာများတွင်ဖြစ်ပြီး ယခုအပတ်အတွင်း၌ လုပ်ဆောင်လာခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

မြောက်ဦးမြို့နယ်တွင်ဆိုလျှင် ပြီးခဲ့သည့်ဇူလိုင်လ ၂၅ ရက်၊ ည ၁၁ နာရီဝန်းကျင်က မြို့ပေါ်နှင့် မြို့အနီးရှိတောင်တန်းများသို့ စစ်ကောင်စီ ဒရုန်းများ ပျံဝဲနေခဲ့သည်ဟု မြောက်ဦးနယ်မှ အမည်မဖော်လိုသူ ULA/AA နီးစပ်သူ တစ်ဦးက ပြောသည်။

“အဲဒီတစ်ရက်တည်း ပျံဝဲခဲ့တာတွေ့ရတယ်။ဒါက သူတို့(စစ်ကောင်စီ)ဘက်က စည်းမစောင့်တဲ့ပုံစံပေါ့။ နောက်ပြီးတော့ကိုယ်တို့ မြောက်ဦးဒေသတဝိုက်မှာ ကိုယ်တို့ဘက်က တပ်စခန်းတွေကိုစောင့်ကြည့်တဲ့ပုံစံတွေပါတယ်။ဓာတ်ပုံတွေရိုက်မယ်။ တခြားတခြား မြောက်ဦးမြို့ပတ်ဝန်းကျင်ကို လှည့်ပြီး ပျံတယ်။ မြောက်ဦးမြို့ပတ်ဝန်းကျင်မှာကျနော်တို့တပ်တွေအားလုံး အခိုင်အမာစွဲထားတာလေ။ ဒါကြောင့် ဒါဟာရန်စခြင်းတစ်မျိုးပဲ”ဟုပြောသည်။

စစ်ကောင်စီ၏ဒရုန်းများပျံသန်းကင်းထောက်ခြင်းများကို AA ဘက်က စောင့်ကြည့်နေပြီးယခုထက်ပိုလုပ်ဆောင်လာပါက အဆိုပါဒရုန်းများကို ပစ်ချကောင်း ပစ်ချလာနိုင်သည်ဟုလည်းသူက ဆိုသည်။

အလားတူ ရသေ့တောင်မြို့နယ်နှင့်ဘူးသီးတောင်မြို့နယ်အစပ်ရှိ ကျေးရွာများနှင့် တောင်တန်းများကိုလည်းဇူလိုင်လ ၂၁ ရက်နှင့် ၂၅ရက် ညအချိန်တို့တွင် ၂ ညတိုင်တိုင်စစ်ကောင်စီတပ်က ဒရုန်းများဖြင့် ပျံသန်းကင်းထောက်ခြင်းများပြုလုပ်ခဲ့သည်ဟုဒေသခံများက ပြောသည်။

ဘူးသီးတောင်ဒေသခံတစ်ဦးက“ညဆိုရင် ၉ နာရီနဲ့ ၁၀နာရီအကြားလောက်ကို သူတို့က ဒရုန်းတွေနဲ့ ကင်းထောက်တယ်လို့ထင်ရပါတယ်။ သူတို့က ရွာအပေါ်ကနေ သွားပါတယ်။ နောက်ပြီးတော့ တောင်နားတွေဘက်ကိုပျံသွားပါတယ်”ဟုပြောသည်။

ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောင်မြို့နယ်နှစ်ခုနယ်စပ်ဖြစ်သည့် ရသေ့တောင်မြို့နယ်ဘက်မှရေကောင်းချောင်း၊ ခရုချောင်းနှင့် ပဲသဒူစကျေးရွာများရှိပြီးဘူးသီးတောင်မြို့နယ်ဘက်တွင် သိုင်းတပုတ်၊ သပြေဆိပ်၊ စည်တောင်၊ကံပြင်နှင့် စပါးထားစသည့်ကျေးရွာများရှိသည်ဟု သူက ပြောသည်။

“ဒါဟာဒရုန်းနဲ့ကင်းထောက်နေတယ်ဆိုပြီးတော့ ကျနော်တို့တွေစိုးရိမ်ကြောင့်ကြနေကြပါတယ်။ ဒါဟာ တစ်ခုခုဖြစ်လာမလားဆိုပြီးတော့ စိုးရိမ်နေကြပါတယ်”ဟု ပြောသည်။

စစ်ကောင်စီနှင့်AA တို့သည်ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်ကတည်းက တစ်ဘက်နှင့် တစ်ဘက်နားလည်မှုဖြင့် အပစ်ရပ်စဲထားကြသည်မှာယခုအချိန်ထိဖြစ်သည်။

ယင်းသို့ အပစ်ရပ်ထားစဉ်ကာလအတွင်းစစ်ကောင်စီဘက်က AA ထိန်းချုပ်ရာနယ်မြေများတွင် ဒရုန်းများဖြင့် ကင်းထောက်ခြင်း၊AA ထိန်းချုပ်ရာနယ်မြေများသို့ဝတ်စုံနှင့် လက်နက်အပြည့်အစုံဖြင့်ဝင်ရောက်ရန်ကြိုးပမ်းခြင်း၊ ကုန်းလမ်းရေလမ်းမှတဆင့် စစ်အင်အား၊လက်နက်အင်အားနှင့် ရိက္ခာများ ဖြည့်တင်းခြင်း၊ ရခိုင်ရှိ မြို့ပေါ်များတွင်လမ်းသွားလမ်းလာများကို ယခင်ထက် ပိုမိုစစ်ဆေး တင်းကျပ်လာခြင်းနှင့်စစ်တပ်စခန်းများမှ လက်နက်ကြီး၊ လက်နက်ငယ်များ စမ်းသပ် ပစ်ဖောက်ခြင်းများတို့ကိုယခုနောက်ပိုင်း ပြုလုပ်လာသည်ဟု ဒေသခံများက ပြောကြသည်။

ယင်းသို့ပြုလုပ်လာခြင်းမှာ စစ်ကောင်စီဘက်က ကတိကဝတ်များကိုချိုးဖောက်ခြင်းဖြစ်ပြီးယခုထက်ပိုမို လုပ်ဆောင်လာပါက တိုက်ပွဲများ အချိန်မရွေးပြန်ဖြစ်လာနိုင်သည်ဟုလည်းULA/AA ပြောခွင့်၇သူဦးခိုင်သုခက မီဒီယာအချို့ကို ယခုအပတ်အတွင်း ပြောဆိုထားသည်။ (NN-16)

ပုံစာ- ၂၀၂၀ ပြည့်နှစ်၊ဇွန်လ ၂၄ ရက်တွင် စစ်ကောင်စီက သုံးစွဲနေသည့် အစ္စရေးနိုင်ငံလုပ်စစ်မြေပြင်သုံး မောင်းသူမဲ့ လေယာဉ်ငယ်တစ်စင်းအား AA က သိမ်းဆည်း၇မိခဲ့စဉ်။

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.