တနင်္ဂနွေ၊ စက်တင်ဘာလ ၈ရက်၊ ၂၀၂၄

မင်းပြားမှ စက်လှေနစ်၍ ပျောက်ဆုံးနေသည့် ချင်းအမျိုးသမီး ၂ ဦး၏ အလောင်းအား ရှာတွေ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 1.4k

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှ စက်လှေနစ်၍ ပျောက်ဆုံးနေသည့် ချင်းအမျိုးသမီး ၂ ဦး၏ အလောင်းအား ရှာတွေ့ပြီဟု သိရသည်။

အဆိုပါအလောင်းများမှာ မင်းပြားမြို့နယ်၊ ရင်းချောင်းကျေးရွာအုပ်စု၊ နတ်ကံပြင်(ချင်းရွာ) ကျေးရွာမှ အသက်(၆၅)နှစ်အရွယ် ဒေါ်မမြင့်ဦးနှင့် အသက်(၅၉)နှစ်အရွယ်ဒေါ်အေးထုတ်တို့ဖြစ်ကြသည်။

သူတို့ ၂ ဦးအနက် ဒေါ်မမြင့်ဦး၏အလောင်းကို ဇူလိုင်လ ၂၇ ရက်၊ နံနက် ၈ နာရီခန့်က မြေပုံမြို့၊ မြောက်ပိုင်းရပ်ကွက်၊ ကျောင်းတောင်မော်တောင်ခြေရင်းရှိ ချောင်းကမ်းတွင် ပြန်ရှာတွေ့ခြင်းဖြစ်သည်။

အလားတူ ဒေါ်အေးထုတ်၏အလောင်းကို ဇူလိုင်လ ၂၆ ရက်၊ ည ၉ နာရီခန့်က မြေပုံမြို့နယ်၊ အုန်းတောရွာအနီး မြစ်ကမ်းစပ်တွင် ရှာတွေ့ခြင်းဖြစ်သည်ဟု ရင်းချောင်းကျေးရွာသားတစ်ဦးက ပြောသည်။

"အလောင်းတွေက နည်းနည်းတော့ပွရောင်နေပြီ။ အသက်တွေလည်းကြီးနေကြပြီဆိုတော့ ရေကူးတတ်ပုံလည်း မရဘူး" ဟု ပြောသည်။

လက်ရှိတွင် အဆိုပါအလောင်းများကို မင်းပြားမြို့နယ်၊ နတ်ကံပြင်ကျေးရွာ၌ မြေမြှုပ်သင်္ဂြိုလ် လိုက်ပြီဟုလည်း သိရသည်။

သူတို့ ၂ ဦးသည် ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်က အခြားအမျိုးသမီး ၃ ဦး၊ အမျိုးသား ၂ ဦးတို့နှင့်အတူ မြေပုံမြို့တွင် ဟင်းသီးဟင်းရွက်များ ရောင်းချရန် စက်လှေဖြင့်သွားစဉ် တောင်မော်ကျောက်တန်းအနီး၌ စက်လှေနစ်ရာမှ ပျောက်ဆုံးသွားခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်၊ နေ့လယ် ၁၂ နာရီကလည်း မြောက်ဦးမြို့နယ်၊ မျောက်ချောင်းရွာမှ  အသက်( ၅၆)နှစ်အရွယ် ဦးအပိန်ချေသည် လှေဖြင့်ဂုံးရောင်းသွားစဉ် ပန်းမော်ရွာရှိ မြစ်ကိုကူးရာ၌ လှေမှောက်သွား၍ ရေနစ်ေသေဆုံးခဲ့သည်။

ပြီးခဲ့သည့်ဇူလိုင်လ ၂၀ ရက်ကလည်း မင်းပြားမြို့နယ် သရဂူရွာဟောင်း(ချင်းရွာ)မှ အသက် ၈၀ အရွယ် အမျိုးသားတစ်ဦး ငါးရှာထွက်သည့် အချိန်တွင်ရေနစ်၍သေဆုံးခဲ့သည်။

ဇူလိုင်လ ၁၈ ရက်၊ နံနက်ပိုင်းကလည်း မင်းပြားမြို့နယ်တွင် ၃ ရက်ကြာ ပျောက်ဆုံးနေသူ တစ်ဦး၏အလောင်းကို ရေထဲ၌ ရှာတွေ့ရှိခဲ့သည်။ (NN-12)

ဆက်စပ် သတင်းများ