စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

စာမေးပွဲခန်းအတွင်းကျောင်းသားတစ်ဦးအား ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့သည့် ဆရာအား အရေးယူပေးရန် အခြေခံကျောင်းသားများသမဂ္ဂ(စစ်တွေမြို့နယ်) တောင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 784

(ပြသနာအရင်းအမြစ်ကို တိကျသေချာစွာမသိဘဲ ထုတ်ပြန်ခြင်းဟု ထင်မိကြောင်းဆရာဦးဇေယျာထွန်းတုံ့ပြန်)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အထက(၁)ကျောင်းတွင် အစမ်း စာမေးပွဲဖြေဆိုနေသည့် Grade- 11 ကျောင်းသားတစ်ဦးအား အခန်းစောင့်ဆရာမှ ကိုယ်ထိလက်ရောက် ရိုက်နှက်မှုကျူးလွန်ခဲ့ကြောင်း အခြေခံကျောင်းသားများသမဂ္ဂ(စစ်တွေမြို့နယ်)က ထုတ်ပြန်သည်။

ထိုသို့ကိုယ်ထိလက်ရောက် ရိုက်နှက်မိခဲ့သည့်ဆရာမှာ စစ်တွေမြို့အထက(၁)မှ ဦးဇေယျာထွန်းဖြစ်ပြီး ရိုက်နှက်ခံခဲ့ရသူမှာ Grade- 11 ကျောင်းသား မောင်ပြည့်ဖြိုးကျော်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ကိုယ်ထိလက်ရောက်ရိုက်နှက်ခဲ့သည်ဟု စွပ်စွဲခံထားရသူ  ဆရာဦးဇေယျာထွန်းကို ဆက်သွယ်မေးမြန်းခဲ့ရာ ကျောင်းသားသမဂ္ဂ၏ ထုတ်ပြန်ချက်မှာ ပြသနာအရင်းအမြစ်ကို တိကျသေချာစွာမသိဘဲ မိမိ၏ ယူဆချက်သဘောထားတစ်ခုတည်းဖြင့် ထုတ်ပြန်ခြင်းဟု ထင်မိကြောင်း နိရဉ္စရာသတင်းဌာနသို့ပြောသည်။

"ပြသနာရဲ့အရင်းအမြစ်ကိုတိကျသေချာစွာမသိဘဲ မိမိရဲ့ ယူဆချက်သဘောထားတစ်ခုတည်းနဲ့ အခုလိုစာထုတ်လိုက်တယ်လို့မြင်မိပါတယ်" ဟု ဆရာဦးဇေယျာထွန်းက ပြောသည်။

ဇူလိုင်လ ၂၆ ရက်က Grade-11(A) အခန်းတွင် အစမ်းစာမေးပွဲဖြေဆိုနေစဥ် ဆရာဦးဇေယျာထွန်းက မောင်ပြည့်ဖြိုးကျော်၏ ဆံပင်အားဆောင့်ဆွဲပြီး လက်ဝါးဖြင့်နားထင်ကို အကြိမ်ကြိမ်ရိုက်နှက်ခဲ့ သည်ဟု အခြေခံကျောင်းသားများသမဂ္ဂ(စစ်တွေမြို့နယ်)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းထုတ်ပြန်ချက်ထဲတွင် ဦးဇေယျာထွန်းသည် မောင်ပြည့်ဖြိုးကျော်အား စာရေးခုံပေါ်တွင်လည်း ဦးခေါင်းကိုဆွဲဆောင့်ခဲ့ကြောင်း၊ နံရံတွင်လည်း ဦးခေါင်းကိုထု၍ ကျောင်းသူ၊ ကျောင်းသားများ ရှေ့တွင် အရှက်အိန္ဒြေပျက်ပြားအောင် နားရွက်ကိုဆွဲ၍ "မင်းငါ့ကို ဘာကောင်ထင်လဲ။ မင်းငါ့အကြောင်းကို စုံစမ်းကြည့်လိုက်။ တခြားကျောင်းသားတွေလည်း ကြည့်ထားကြ။ "ဟုပြောဆို ခြိမ်းခြောက်ခဲ့ကြောင်း ရေးသားထားသည်။

ယမန်နေ့က စာမေးပွဲခန်းအတွင်း မောင်ပြည့်ဖြိုးကျော်မှာ ၄င်း၏ စာမေးပွဲခုံတွင် ဖြေဆိုနေစဥ် ဖြေဆိုပြီးသားအဖြေလွှာအား အနီးရှိ ကျောင်းသား တဦးက လှမ်းကြည့်ခဲ့ကြောင်း၊ ဆရာဦးဇေယျာထွန်းက မောင်ပြည့်ဖြိုးကျော်အား အဖြေလွှာကို တခြားသူများအား မပြရန် သတိပေးခဲ့ကြောင်း အဖြစ်ပျက်အားအစဆုံးမြင်တွေ့လိုက်ရသည့် တစ်ခန်းတည်းဖြေဆိုနေသူ ကျောင်းသားငယ်တစ်ဦးက နိရဥ္စရာသို့ပြောသည်။

" အဲဒီကျောင်းသားဆီက နောက်ကျောင်းသားတစ်ယောက်က စာကြည့်ပြီး ကူးရေးပါတယ်။ဆရာက အဲဒီစာရွက်ဖုံးထားလို့ပြောပါတယ်။ အဲဒါကို ကျောင်းသားကမဖုံးဖြစ်လိုက်ဘူးပေါ့နော်။ နောက်တခေါက်လာပြီးဖုံးဖို့ပြောတဲ့အချိန်မှာ ကျောင်းသားက သူ့လုပ်နေကျအကျင့်ပါနေတဲ့ပုံစံအတိုင်း ပါးစပ်ကအသံတမျိုးထွက်သွားပါတယ်။အဲဒါကလည်း ဆရာကိုမလေးမစားဆိုတဲ့ ပုံစံနဲ့လုပ်တာ မဟုတ်ပါဘူး။ သူ့မှာအကျင့်ပါနေတာပါ။အဲဒါကို ဆရာကသူ့ကိုပြောတယ်ထင်ပြီးတော့ လာပြီးရိုက်တာပါ" ဟုပြောသည်။

ယင်းနောက်ဆရာဦးဇေယျာထွန်းမှာ မောင်ပြည့်ဖြိုးကျော်၏အဖြေလွှာကို သိမ်းယူကာကိုယ်ထိလက် ရောက် ရိုက်နှက်ခဲ့ကြောင်း အဆိုပါမျက်မြင် သက်သေ ကျောင်းသားတစ်ဦးကပြောသည်။

" ရိုက်တာက အရမ်းရိုက်ပစ်လိုက်တာပါ။ ဆံပင်ပုတ်တွေဆွဲပြီးတော့ နားအုံတွေကိုရိုက်တယ်။ စာသင်ခုံမှာဆောင့်ပစ်လိုက်တာပါ" ဟု သူကပြောသည်။

အခြေခံကျောင်းသားများသမဂ္ဂ(စစ်တွေမြို့နယ်)၏ ပြန်ကြားရေးမှူးကလည်း" အဲလိုရိုက်နှက်ပြီးတော့ ဆရာကအပြင်ထွက်သွားပြီးတော့ ခဏနေပြန်လာပြီး ကျောင်းသားတွေရဲ့ အဖြေလွှာတွေ အားလုံးသိမ်းသွားတယ်လို့ပြောတယ်။ တချို့ကျောင်းသားတွေဆို စာမေးပွဲကောင်းကောင်း မဖြေလိုက်ရဘူးလို့ကျွန်တော်တို့သိထားရတယ်" ဟု ပြောသည်။

ယင်းသို့ ကိုယ်ထိလက်ရောက်ရိုက်နှက်မှုသည် အခြေခံကျောင်းသားထုတစ်ခုလုံးအား ခြိမ်းခြောက် စိန်ခေါ်ခြင်းဖြစ်ပြီး (န.ဝ.တ - န.အ.ဖ) ခေတ်၏ ယုတ်ညံ့သော စွမ်းအားရှင်အဖွဲ့ လုပ်ရပ်ဟု မိမိတို့ အခြေခံကျောင်းသားများသမဂ္ဂ (စစ်တွေမြို့နယ်)မှ မှတ်ယူကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဆရာဦးဇေယျာထွန်း၏ ဆရာကျင့်ဝတ်နှင့် သွေဖယ်ကာ လူမိုက်ဆန်ဆန် လုပ်ရပ်အား ကျောင်းသားများသမဂ္ဂမှ အပြင်းအထန် ကန့်ကွက်ရှုံ့ချထားပြီး သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ရိုက်နှက်ခံရသည့် ကျောင်းသားဘက်မှ ကျေနပ်မှုရရှိသည်ထိ အရေးယူဆောင်ရွက်ပေးရန် တောင်းဆိုထားသည်ကို တွေ့ရသည်။

ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂတာဝန်ရှိလူငယ်တစ်ဦးကလည်း ပညာရေးအသိုင်းအဝန်းတွင် ဆရာဆရာမများအနေဖြင့် စည်းမျဥ်းစည်းကမ်းထက်ကျော်လွန်၍ ကျောင်းသားကျောင်းသူများအား လူပုံအလယ်အရှက်တကွဲဖြစ်စေသည့် ဖြစ်ရပ်များရှိနေပြီး လုံးဝမဖြစ်သင့်ကြောင်း ပြောဆိုသည်။

ယင်းဖြစ်စဥ်နှင့်ပတ်သက်ပြီး ယင်းနေ့တွင် မြို့နယ်ပညာရေးမှူးကိုယ်တိုင်ရောက်ရှိလာပြီး စစ်ဆေးမှုတချို့ လုပ်ခဲ့သော်လည်း မည်သို့ဆက်လက်ဆောင်ရွက်ခဲ့သည်ကို မသိရှိရသေးပေ။

ယခုကိစ္စမှာ မိဘ၊ကျောင်းသား၊ဆရာ အစစအရာရာ ပြေလည်နေပြီးသားကိစ္စဟုလည်း ဆရာဦးဇေယျာထွန်းက ပြောဆိုသည်။

(NN-23)

ဆက်စပ် သတင်းများ