စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ရခိုင်တွင်AA နှင့်ဆက်စပ်ပြီး ဖမ်းဆီးခံထားရသူများ၏ အမှုများတွင် စစ်ကောင်စီတရားလိုများ တစ်နှစ်နီးပါးကြာလာသည့်တိုင် ရုံးချိန်းလာရောက်ခြင်းမရှိ၍ နစ်နာမှုများရှိနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 2.9k

ရခိုင်တွင် ရက္ခိုင့်တပ်တော် (AA) နှင့်ဆက်စပ်သည့် သံသယစွပ်စွဲချက်ဖြင့်  အမှုဖွင့် ဖမ်းဆီးထားသူများ၏ ရုံးချိန်းများကို ၁ နှစ် နီးပါးကြာသည့်အထိ စစ်ကောင်စီတရားလိုများမှ လာရောက်ခြင်းမရှိ၍ အကြိမ်ကြိမ် ရုံးချိန်းရွေ့ဆိုင်းနေ​သဖြင့် ဖမ်းဆီးခံထားရသူများအဖို့ များစွာ နစ်နာမှုများရှိနေသည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကဖြစ်ပွားခဲ့သည့် တကျော့ပြန်တိုက်ပွဲကာလအတွင်းတွင် စစ်ကောင်စီက အပြစ်မဲ့အရပ်သားပြည်သူများကို နိုင်ငံတော်ဆူပူလုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က)(ခ)၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က နှင့် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)(၂)တို့အပြင် ကြီးလေးသော စစ်ပုန်ကန်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၁ တို့ဖြင့် ဖမ်းဆီးတရားစွဲဆိုခဲ့သည်။

ယင်းအထဲတွင် ပုဒ်မ ၁၇(၁) အပြင် ကြီလေးသော စစ်ပုန်ကန်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၁ ဖြင့်တရားစွဲဆိုခံထားရသည့် ကျောက်တော်မြို့နယ် ကာဒီကျေးရွာမှ သာမန်ဆန်စက်ပိုင်ရှင် ဦးလှမောင်သန်းအမှုမှာဆိုလျှင် ရုံးချိန်း ၁၇ ကြိမ်တိုင်တိုင် ချိန်းဆိုခဲ့ပြီးပြီဖြစ်သော်လည်း စစ်ကောင်စီ တရားလိုမှ လုံးဝလာရောက်ခြင်းမရှိဘဲ ရုံးချိန်းရက်များကို တစ်ပတ်ပြီးတစ်ပတ် ရွေ့ဆိုင်းခံနေရသည်ဟု မိသားစုဝင်များက ပြောကြသည်။

“ဒီလိုထားထားတာက ဘယ်လိုပြောရမလဲ။ လူတစ်ယောက်ကို မတရား၊ တရားဖမ်းထားပြီးတော့ သူတို့ အမှုတွေကိုလည်း အမှုလုပ်လို့မပေးဘူး။ သူတို့မှာ အမှုရှိရင် အမှု ထောင်ချ။ မဟုတ်ရင် အပြစ်မရှိရင် လွတ်။ အဲဒီလို လွတ်စေချင်တာပေါ့။ လူတစ်ယောက်ကို ဒီလို ၁၀ လ၊ ၉ လအထိ အဲဒီအထဲမှာနေရတာ နှိပ်စက်ထားတာနဲ့ တူတာပေါ့။ ပြောချင်တာကတော့ လွှတ်ပေးလို့ပြောချင်ပါတယ်” ဟု ဦးလှမောင်သန်း၏ ဇနီးဖြစ်သူက ပြောသည်။

ဦးလှမောင်သန်းမှာ ပြီးသည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် ကျောက်တော် ကန်စောက် အခြေစိုက် ၅၃၉ တပ်ရင်းမှ တပ်ရင်းမှူး မျိုးချစ်ဇာနည်က ဆန်ဝယ်ယူထားသည့် အကြွေးကို ပေးမည်ဆိုပြီး လိမ်လည်ဖုန်းဆက်ခေါ်ယူခဲ့သည့်အတွက် အဖော်ဖြစ်သူတစ်ဦးနှင့်သွားရာတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ယင်းနောက်ပိုင်းတွင် သူ့ကို စစ်တပ်က ရဲဘော်များကို AA ထံပို့ပေးမည်ဟု စည်းရုံးခဲ့သည့် အတွက်ကြောင့်ဆိုကာ စစ်ပုန်ကန်မှုပုဒ်မ ၁၃၁ အပြင် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁) နှင့်ပါ လုပ်ကြံတရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောကြသည်။

ယင်းအပြင် ကျောက်ဖြူမြို့နယ် မင်းတက်တောင်ကျေးရွာမှ ပုဒ်မ ၁၇(၁)ဖြင့်တရားစွဲဆွဲခံထားရသည့် ဒေသခံပြည်သူ ဦးသိန်းတန်(၄၇)နှစ်နှင့် ဦးတင်အောင်(၅၀)နှစ်တို့အမှုမှာဆိုလျှင်လည်း ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက် ရုံးချိန်းမှသာ စစ်ကောင်စီဘက်မှ တရားလိုရောက်လာခဲ့သည်။

သို့သော် သူတို့ နှစ်ဦးကို နံနက် ၁၁ နာရီအချိန်တွင် ရုံးထုတ်မည်ဆိုပြီး နေ့လယ်  ၂ နာရီမှ ထုတ်ခဲ့ကာ စစ်ဆေးသည့် တခြား အမှုများသည့်အတွက် သူတို့ နှစ်ဦးအမှုကိုမစစ်ဖြစ်ခဲ့ဘဲ နောက်လာမည့် သြဂုတ်လ ၇ ရက်ကို ထပ်ချိန်းလိုက်၍ များစွာ နစ်နာမှုများရှိနေသည်ဟု မိသားစုဝင်များက ပြောကြသည်။


ဦးသိန်းတန်၏ ဇနီးဖြစ်သူက “ဘာအခြေအနေမှလည်း မထူးဘူး။ ၁၀ လတောင်ဖြစ်နေပြီ။ သားသမီးတွေကိုလည်း စရိတ်မတတ်နိုင်တော့ ကျောင်းက ထုတ်လိုက်ရပြီ။ ငွေရှာမယ့်သူက ရုံးတက်နေတော့ ထုတ်လိုက်ရတယ်။ စရိတ်လိုက်မမီဘူး။ အခု အဒေါ်က ဘာမှမလုပ်တတ်တော့ မရှိ၊ ရှိတာကို ရောင်းချစားနေရပါတယ်။ လယ်လည်းမလုပ်တတ်တော့ လယ်ကိုလည်း သူများကို ငှားစားထားရပါတယ်။ တောင်းဆိုချင်တာက လွတ်စေချင်နေပြီ။ အဒေါ်အရမ်းအခက်အခဲနဲ့ ကျပ်တည်းနေပြီ” ဟုဆိုသည်။

အလားတူ ပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့်တရာစွဲဆိုခံထားရသည့် ကျောက်တော်မြို့ ကဝိရတနာ စစ်ရှောင်စခန်းမှ အရပ်သားဆေးဆရာ စစ်ရှောင် ဦးကျော်ဟိန်းအမှုတွင်လည်း ဖမ်းဆီးခံရသည့်အချိန်မှစ၍ စစ်ကောင်စီတရားလိုမှာ တစ်ကြိမ်တည်းသာ ရောက်သေးပြီး အမှုကြန့်ကြာနေသည့်အတွက် သားသမီး ၃ ဦးနှင့်အတူ WFP မှ ပေးသော ထောက်ပံ့ငွေ ၂၅၀၀၀ ခွဲဖြင့် စားဝတ်နေရေးကို ခက်ခက်ခဲခဲဖြေရှင်းနေရသည်ဟု ဇနီးဖြစ်သူ ဒေါ်မအေးသန်းကပြောသည်။

“ဘယ်နေ့လွတ်မယ်မှန်းလည်း မသိ။ မလွတ်လည်း မသိ။ ကျမအနေနဲ့ အရမ်းစိတ်ပူရပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် စားဝတ်နေရေးကလည်း အဆင်မပြေ။ ကျောင်းသားတွေနဲ့ အစစအရာရာ။ ယောက်ကျားရှိတုန်းက ဆိုရင် ယောက်ကျားတစ်ယောက်တည်း လုပ်တာကို ထိုင်စားနေကြတာ။ အခုက ကျမလည်း ဘာမှ မလုပ်တတ်တော့ ငွေရေးကြေးရေးအခက်အခဲက တစ်မျိုး။ ယောက်ကျားကို စိတ်ပူရတာတစ်မျိုး။ သားသမီးကို စိတ်ပူရတာတစ်မျိုး။ ကျမလည်း တစ်ရက်မှ စိတ်မချမ်းသာပါ” ဟုပြောသည်။

ယခုကဲ့သို့ AA နှင့်ဆက်စပ်ပြီး စွပ်စွဲဖမ်းဆီးခံထားရသူများကို စစ်ကောင်စီတရားလိုများမှ ရုံးချိန်းမလာဘဲ ဖမ်းဆီးထားခြင်းမှာ ဥပဒေကို လက်တစ်လုံးခြားပြီး သူတို့လုပ်ချင်သည်ကို လုပ်နေခြင်းဖြစ်ကာ လူ့အခွင့်အရေးချိုးဖောက်နေခြင်းဖြစ်သည်ဟု ရခိုင်ပြည်မှ လူ့အခွင့်အရေးလှုပ်ရှားနေသူတစ်ဦးက သုံးသပ်ပြောဆိုသည်။

“စစ်ကောင်စီကနေပြီးတော့ ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီးတော့ သူတို့လိုချင်တာကို သူတို့ဆွဲထည့်၊ လုပ်ချင်တာ လုပ်နေတာဖြစ်တယ်လို့ မြင်တယ်။ ဥပဒေကို မလေးစား၊ မလိုက်နာကြဘူး။ သူတို့ ပါးစပ်က ထွက်တာက ဥပဒေဖြစ်နေတယ်။ ကိုယ့်တို့လုပ်ချင်တာ လုပ်နေတယ်လို့ မြင်တယ်။ ဒီဟာဟာ လူ့အခွင့်အရေးချိုးဖောက်ခြင်းဖြစ်တယ်။ ဥပဒေကြောင်းလမ်းအရဆိုရင် တရားလိုရောက်ရမယ်၊ သက်သေရောက်ရမယ်။ အမြဲတမ်းရောက်ရမယ်။ အဲဒီလိုမရောက်ဘဲနဲ့ သပ်သပ်ဒီလိုလုပ်ထားတာဟာ စွပ်စွဲခံရတဲ့သူအတွက် နစ်နာမှုတစ်ခုဖြစ်တယ်” ဟုဆိုသည်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့်တရားစွဲဆိုခံထားရသည့် ကျောက်တော်မြို့ ပြည်တော်သာရပ်ကွက်မှ လူထုဇော်ဝင်း၊ ကျောက်တော်မြို့နယ် ပန်းဖဲချောင်းကျေးရွာမှ ဆေးလိပ်ကုမ္ပဏီဝန်ထမ်း ကိုဇော်မိုးထက်နှင့် ကျောက်တော်မြို့နယ် ခေါင်းတုတ်ကျေးရွာမှ အိန္ဒိယသုံးဘီး(ဒေသအခေါ် တုတ်တုတ်) မောင်းသူ ဦးကျော်သန်းမောင်တို့ ၃ ဦး၏အမှုတွင်လည်း အမိန့်ချမည့်ရက်ကို ၁၀ ကြိမ်အထိတိုင်အောင် ရွေ့ဆိုင်းခံနေရသည်ဟု သိရသည်။

ရခိုင်တွင် မြန်မာစစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က ဖြစ်ပွားခဲ့သည့် တကျော့ပြန်တိုက်ပွဲကာလအတွင်းတွင် အပြစ်မဲ့အရပ်သားပြည်သူများသာမက ဌာနဆိုင်ရာ ဝန်ထမ်းကိုပါ AA နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးပြီး ပုံမှန်တရားရုံတင် စစ်ဆေးခြင်းမရှိဘဲ အကြောင်းအမျိုးမျိုးပြကာ ထောင်သွင်းအကျဉ်းချထားသည်။ (NN-3)

ဆက်စပ် သတင်းများ