ရခိုင်ပြည်နယ်မှမြောက်ဦးဆရာတော်ဟုလူသိများထင်ရှားသည့် ဆရာတော်ကြီး အရှင်ဝါယာမိန္ဒ၏ ဘွဲ့အမည်ကိုအသုံးပြုကာ အကောင့်အတုများဖြင့်လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် ငွေကြေးလိမ်လည်မှုများ ဖြစ်ပေါ်နေ၍ တကာ၊ တကာမများအနေဖြင့်အထူးသတိထားကြရန် ဆရာတော်ကြီးက အသိပေးလိုက်သည်ဟု သိရသည်။
ဆရာတော်ကြီး အရှင်ဝါယာမိန္ဒ၏ဘွဲ့အမည်ကိုအသုံးပြုကာViber မှတဆင့် ဆရာတော်ကြီး၏ တပည့်တကာ၊ တကာမအချို့ထံ အလှူငွေများ တောင်းခံနေသည်များကိုဆရာတော်ကြီး၏ လူမှုကွန်ရက်စာမျက်နှာတွင် ဇူလိုင်လ ၃၁ ရက်၊ နံနက်ကထုတ်ပြန်အသိပေးလိုက်ခြင်းဖြစ်သည်။
“ဆရာတော်ကြီး၏အားလုံးသော တပည့် ဒကာ၊ ဒကာမများအား အသိပေးအပ်ပါတယ်။ Viber မှာ မြောက်ဦးဆရာတော်အကောင့်တုတွေနှင့်အလှူခံနေကြလို့၊ အောက်ဖေါ်ပြပါ အကောင့်တွေက အတုတွေပါလို့ သတိပေးပါတယ်”ဟုရေးသားထုတ်ပြန်ထားသည်။
အကောင့်တစ်ခုဖြင့် လိမ်လည်ရာတွင် “ဒကာမကြီးဘုန်းဘုန်းပို့ခိုင်းထားစရာရှိတယ်။ ဘုန်းဘုန်းတပည့် ဦးဇင်းလေးသို့ Wavemoney အကောင့်ပို့ပေးထားပါမယ်။5 သိန်းထည့်ပေးလိုက်ပါဦးဇင်းလေးအကောင့်ကို။ 09650052690 ကျောင်းသားလေးနာမည်က အောင်ကျော်ဇင်” ဟု ရေးသားထားသည်။
မြောက်ဦးဆရာတော်ကြီးအရှင်ဝါယာမိန္ဒသည် ယခုကဲ့သို့ အွန်လိုင်းမှတဆင့် အလှူငွေ တောင်းခံခြင်းမျိုးကို မည်သည့်အခါမျှကိုယ်တိုင်ပြုလုပ်လေ့မရှိသလို အလှူရှင်များနှင့်လည်း မည်သည့်အခါမျှ အွန်လိုင်းမှတိုက်ရိုက်ပြောဆိုဆွေးနွေးခြင်းမျိုးမရှိဖူးဟု ဆရာတော်ကြီး၏တပည့်တကာရင်းတစ်ဦးဖြစ်သူ ဦးတင်ငြိမ်းဦးက နိရဉ္စရာကို ပြောသည်။
.jpg)
“မြောက်ဦးဆရာတော်ကြီးအနေနဲ့လည်း အဲလိုViber တို့၊မတ်ဆင်ဂျာတို့က အဲလိုနေရာတွေမှာ တစ်ခါမှ အလှူမခံဘူး။ အလှူခံတာနဲ့ လှူတဲ့သူကိစ္စနှစ်ခုရှိတာမှာ လှူဒါန်းတဲ့သူတွေ ဆက်သွယ်ရင်တောင်မှ ဆရာတော်ကပြန်မပြောဘူး။ သေချာကတော့ ဆရာတော် မည်သည့်အခါမျှ ပြန်မပြောဘူး။ ကျနော်တို့လိုတကာရင်းတွေကိုတောင်မှ တစ်ခါတလေ တစ်ရက်နှစ်ရက်ကြာပြီးမှ အကြောင်းပြန်တာမျိုးတွေရှိပါတယ်။ဆရာတော်က သူ့လုပ်ငန်းစဉ်တွေကိုပဲ တစိုက်မတ်မတ် လုပ်နေတော့ အချိန်ကလည်း အဲလိုအများကြီးမပေးနိုင်ဘူး။ အဲလို တစ်ယောက်ချင်းလည်း စာပြန်လေ့မရှိဘူး။အလှူရှင်တွေကိုပြောတာပေါ့နော်။ ကိုယ့်တကာရင်းတွေလောက်ပဲ ဆရာတော်ကပြန်ပြောတာရှိပါတယ်။ အခုလို အလှူရှင်တွေနဲ့ တစ်ခါမှ မပြောဘူး”ဟု ပြောသည်။
ဆရာတော်ကြီး၏ဘွဲ့အမည်ကိုအသုံးပြုပြီး ယခင်ကလည်း လူမှုကွန်ရက်စာမျက်နှာများတွင် ယခုကဲ့သို့ မမှန်မကန် အကောင့်တုများဖြင့်အလှူခံခြင်းမျိုးရှိခဲ့ဖူးသည်ဟုလည်းဆက်ပြောသည်။
မြောက်ဦးဆရာတော်ကြီးအရှင်ဝါယာမိန္ဒသည် ရခိုင်အပါအဝင် ပြည်တွင်းပြည်ပတို့တွင် သာသနာပြုနေသည့်ပုဂ္ဂိုလ်ကြီးတစ်ပါးဖြစ်သည်။
ဆရာတော်ကြီး၏သာသနာပြုကိစ္စများအပါအဝင် ဆရာတော်ကြီးကိုကြည်ညိုလေးစားသည့်တကာ၊ တကာမများနှင့်အလှူရှင်များကလှူဒါန်းသည့် အလှူအတန်းကိစ္စများကိုလည်း ဆရာတော်ကြီး၏ လူမှုကွန်ရက်စာမျက်နှာကိုတာဝန်ယူထားသူများက အဆိုပါစာမျက်နှာတွင် ပုံမှန်ဖော်ပြလျက်ရှိသည်ဟု သိရသည်။
ဆရာတော်ကြီး၏ တပည့်တကာရင်းတစ်ဦးဖြစ်သူဦးတင်ငြိမ်းဦးက “ဒီလိုဟာမျိုးကအထူးသဖြင့် အလှူအတန်းကိစ္စတွေအများကြီးတင်ထားတဲ့ Page တွေကိုသက်သက် ကြည့်ပြီးမှ သူတို့ ဒီဟာတွေကို အသုံးချပြီးတော့ ဒီလိုမျိုး လိမ်လည်တာတွေ ကျနော်တို့ကြားဖူးပါတယ်အများကြီး။ဒီငွေကြေးလိမ်လည်တယ်ဆိုတာက ကျနော်သိရသလောက်က သီလ၊ သမာဓိ၊ ပညာ၊အထူးသဖြင့် ဒီ သီလပိုရှိတဲ့ ပုဂ္ဂိုလ်ကိုလိမ်ရင် ပိုပြီးတော့အပြစ်ကြီးတယ်ဆိုတာကိုတော့ ကျနော်က မှတ်သားဖူးပါတယ်”ဟု ပြောသည်။
ယခုကဲ့သို့ မမှန်မကန်ငွေကြေးလိမ်လည်ခြင်းများပေါ်ပေါက်နေ၍ ဆရာတော်ကြီးထံအလှူငွေများလှူဒါန်းလိုပါက (ဆရာလေး) မဘေဘေ၊ မရည်မွန်လွင်တို့ထံဖုန်းဆက်သွယ်ပြီးမှသာ လှူဒါန်းပေးပါရန်လည်း ဆရာတော်ကြီး၏လူမှုကွန်ရက်မှတဆင့် ထုတ်ပြန်အသိပေးထားသည်။