Preview

တောင်ကုတ်တွင် ကြက်ခြံပိုင်ရှင်တစ်ဦးကို သတ်ဖြတ်ကာ ဆိုင်ကယ်နှင့် ဖုန်းကိုလုယူသွား

ဇူလိုင် ၃၁/ ၂၀၂၃ | ကြည့်ရှုသူ :1932
ရခိုင် သတင်း

ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့တွင် ကြက်ခြံလုပ်ငန်းပိုင်ရှင်တစ်ဦးကို ညဉ့်အချိန်လမ်းတွင်သတ်ဖြတ်ကာ ဆိုင်ကယ်နှင့် ဖုန်းကို လုယူသွားမှုဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။

ထိုသို့ သတ်ဖြတ်ခံရသူမှာတောင်ကုတ်မြို့၊ ကိုင်းရှည်ရပ်ကွက်၊ တာ၀တိံသာလမ်းမှ ကြက်ခြံလုပ်ငန်းပိုင်ရှင် ဦးစံသိန်းအောင် (၄၅)နှစ်ခန့်ဖြစ်ကြောင်း သိ၇သည်။

ဇူလိုင်လ ၃၀ ရက်တွင်၄င်းပိုင်ကြက်ခြံသို့သွားရောက်နေသည့် ဦးစံသိန်းအောင်မှာ ည၈ နာရီကျော်ခန့်အထိအိမ်ကိုပြန်မရောက်လာသေး၍ ဇနီးဖြစ်သူက ဖုန်းဖြင့်ဆက်သွယ်ရာ ဖုန်းစက်ပိတ်ထားသည့် အတွက် လိုက်လံရှာဖွေခဲ့ကြသည်ဟုသိရသည်။

ယင်းသို့ရှာဖွေရာ သတ်ဖြတ်ခံထား၇သည့်သူ၏အလောင်းကိုည ၉ နာရီခန့်တွင် တောင်ကုတ်တက္ကသိုလ်အနီးရှိ စစ်ဆေးရေးဂိတ်နှင့် ကိုက် ၅၀ခန့်အကွာ၌ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းအိမ်နီးနားချင်း အမျိုးသားတစ်ဦးက ပြောသည်။

"ပထမသူ့မိန်းမကိုယ်တိုင် ကြက်ခြံကိုလိုက်သွားတော့ မတွေ့ဘူး။ မတွေ့တော့ မီးချောင်းထိုးကကျေးရွာတာဝန်ရှိသူတွေကိုအကြောင်းကြားပြီး ထပ်ရှာကြတဲ့အခါမှစစ်ဆေးရေးဂိတ်နားမှာ သတ်ခံထားရတာတွေ့တာပါ" ဟု ပြောသည်။

ဦးစံသိန်းအောင်တွင်လည်ပင်းကိုဓားဖြင့်လှီးဖြတ်ခံထားရပြီး ဝဲဘက်ရင်အုံအောက်နှင့်အထက်ဘက်တွင် ထိုးသွင်းဒဏ်ရာနှစ်ချက်နှင့် လည်ပင်းရိုးခုတ်ထစ်ဒဏ်ရာတစ်ချက်တို့ဖြင့် သေဆုံးနေခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သူ၏ Dream 125ဆိုင်ကယ်တစ်စီးနှင့်ဖုန်းတစ်လုံးကိုလည်း အမှုကျူးလွန်သူများက လုယက်သွားကြောင်း သိရသည်။

အဆိုပါလုယက်သတ်ဖြတ်မှုနှင့်ပတ်သက်၍တောင်ကုတ်မြို့မရဲစခန်းမှ ရဲတာဝန်ရှိသူ တစ်ဦးကိုဆက်သွယ်မေးမြန်းရာဖြစ်စဉ်မှာ မှန်ကန်ကြောင်း ပြောဆိုခဲ့သည်။

အလောင်းတွေ့ရှိသည့်နေရာတွင်မိုးကာအကျႌတစ်ထည်၊ အမျိုးသားစီး အရွယ်အစား မတူသည့်ဖိနပ်နှစ်ဖက်ကို တွေ့ရှိခဲ့သည်ဟုလည်းမြို့ခံများက ပြောသည်။

ဦးစံသိန်းအောင်တွင် တောင်ကုတ်မြို့နယ်၊မီးချောင်းထိုးကျေးရွာအလွန် တောင်ကုတ်-မအီကားလမ်းဘေး၌ ကြက်ခြံတစ်ခြံရှိပြီးရန်မျိုးကျေးရွာတွင်လည်း ကြက်ခြံတည်ဆောက်နေသူဖြစ်ကြောင်း သိရသည်။

နောက်ထပ် တောင်ကုတ်မြို့ခံတစ်ဦးက"သူက ကြက်ခြံလည်း ပိုင်တယ်။ ပိုက်ဆံလည်းနည်းနည်း ရှိတော့ မသမာသူတွေက စောင့်နေတာလည်းဖြစ်နိုင်ပါတယ်။ မနေ့ညကလည်း မိုးက အရမ်းရွာတော့ ကံဆိုးသွားတာပဲနေမယ်။ အခုတော့အလောင်းက ဆေးရုံမှာလို့ကြားတယ်"ဟု ပြောသည်။

ဦးစံသိန်းအောင်မှာနေ့စဉ် နံနက်ဘက်တွင်၄င်းပိုင်ကြက်ခြံသို့ ဆိုင်ကယ်ဖြင့်သွားလာလေ့ရှိပြီး ညနေမိုးချုပ်လျှင်အိမ်သို့ပြန်လာလေ့ရှိသည်ဟု မြို့ခံများက ပြောသည်။

တောင်ကုတ်မြို့တွင်ဇူလိုင်လ ၂၇ ရက်၊ နေ့လယ်ပိုင်းကလည်း ရွှေဆိုင်တစ်ဆိုင်အားနေ့ခင်းကြောင်တောင်ဓားပြဝင်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး တရားခံနှစ်ဦးထဲမှတစ်ဦးကို ရွှေထည်ပစ္စည်းများနှင့်အတူ ၆ နာရီအတွင်း ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ထိုသို့နေ့ခင်းကြောင်တောင်ဓားပြတိုက်မှု၊ လမ်းသွားလမ်းလာလုယက်သတ်ဖြတ်မှုများလည်းမကြာခဏဖြစ်ပွားနေသည့်အတွက် မြို့ခံများအနေဖြင့်စိုးရိမ်မှုများရှိနေကြသည်ဟုဆိုကြသည်။

#တောင်ကုတ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.