တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ် အားကောင်းသော မုန်တိုင်းငယ်အဖြစ်ရောက်ရှိ


  • ရေးသူ: Web Master (NN 16)
  • | ရက်စွဲ: ၀၁ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 806

(နောက်ထပ် ၉ နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို ဖြတ်ကျော်ရောက်ရှိနိုင်ဟု မိုး/ဇလခန့်မှန်း)

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression)သည် ယခုအခါ အားကောင်းသော မုန်တိုင်းငယ်(Deep Depression)အဖြစ်သို့ရောက်ရှိသွားပြီဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

ယနေ့ သြဂုတ်လ ၁ ရက်၊ မွန်းလွဲ ၁၂ နာရီခွဲအချိန်တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်(Depression) သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ အားကောင်းသော မုန်တိုင်းငယ်(Deep Depression)အဖြစ်သို့ ရောက်ရှိခဲ့သည်ဟု မိုး/ဇလက ယနေ့ နေ့လယ် ၂ နာရီတွင် ထုတ်ပြန်သည်။




အဆိုပါ အားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် မြန်မာနိုင်ငံ၊ မောင်တောမြို့ (Maungdaw)၏ အနောက်-အနောက် မြောက်ဘက် ရေမိုင်(၆၅)မိုင်ခန့်၊ စစ်တွေမြို့(Sittwe)၏ အနောက်မြောက် ဘက် ရေမိုင်(၁၁၅)မိုင်ခန့်၊ ကျောက်ဖြူမြို့(Kyaukpyu)၏ အနောက်မြောက် ဘက် ရေမိုင်(၁၇၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ဒီဂါမြို့(Digha)၏ အရှေ့ဘက် ရေမိုင် (၂၁၀) မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ခီပူပါရာမြို့ (Khepupara)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင်(၇၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်ဟုလည်း ဆိုထားသည်။

“အဆိုပါ အားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် အနောက်မြောက် ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက်(၉)နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေ၊ ခီပူပါရာမြို့(Khepupara)၏ အရှေ့ဘက်သို့ ရောက်ရှိနိုင်ကာ၊ ထိုမှတစ်ဆင့် နောက် (၃၆)နာရီအတွင်း အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီး၊ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်”ဟုလည်း မိုး/ဇလက ခန့်မှန်းထားသည်။

မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ထားသည်။

အဆိုပါအားကောင်းသော မုန်တိုင်းငယ်(Deep Depression)သည် မွန်းလွဲ ၁၂ နာရီခွဲတွင် မြောက်လတ္တီကျု (၂၁.၂)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၉၁.၂) ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား(၉၉၀)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်း မှာ တစ်နာရီလျှင် (၃၅)မိုင်နှုန်းခန့် ဖြစ်သည်ဟု မိုး/ဇက ဆိုသည်။


ယနေ့နံနက်မှ သြဂုတ်လ ၃ ရက်အထိ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်း များကျရောက်ကာ လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးပြီး မိုးသက်လေပြင်းများကျ ရောက်စဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၄၅)မိုင်မှမိုင်(၅၀)အထိ တိုက် ခတ်နိုင်သည်ဟု မိုး/ဇလက ဆိုသည်။

မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးကာ မိုးသက်လေပြင်းများကျရောက်စဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀) အထိ တိုက်ခတ်နိုင်ကြောင်းလည်း ဆိုထားသည်။

လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၂)ပေမှ (၁၅)ပေခန့်နှင့် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေ မှ (၁၁)ပေခန့် ရှိနိုင်သည်ဟုလည်း သိရသည်။

သြဂုတ်လ ၃ ရက်အထိ တစ်ပြည်လုံးတွင် နေရာစိပ်စိပ်မှ နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် ဒေသအလိုက်နှင့် မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်ဟု မိုး/ဇက ထုတ်ပြန်ထားသည်။

သို့ဖြစ်ပါ၍ မုန်တိုင်းငယ်(Depression)၏အရှိန်နှင့် မုတ်သုံလေ အားအလွန်ကောင်းနေခြင်းတို့ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကို လည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြ သူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် မိုး/ဇက အသိပေးထုတ်ပြန်ထားသည်။
=========

 

ဓာတ်ပုံ - ဘင်္ဂလားပင်လယ်အော်အနီး စစ်တွေပွိုင့်ကမ်းခြေအား သြဂုတ်လ ၁ ရက် နံနက်က တွေ့ရစဉ်။

ဆက်စပ် သတင်းများ