Preview

စစ်တွေတွင် KTV ၃ ခုကို ဝင်ရောက်စီးနင်းခဲ့ခြင်းမှာ ခံဝန်ထိုးထားမှုကို ချိုးဖောက်၍ဟုဆို

သြဂုတ် ၀၂/ ၂၀၂၃ | ကြည့်ရှုသူ :2547
ရခိုင် သတင်း

ရခိုင်ပြည်နယ်မြို့တော် စစ်တွေရှိ  KTVသုံးခုကို စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင်များက များမကြာမီက ဝင်ရောက်စီးနင်းခဲ့ခြင်းမှာ သဘောတူထားသော ခံဝန်ချက်ကိုချိုးဖောက်၍ ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးကနိရဉ္စရာကိုပြောသည်။

“  ဒီKTV တွေမှာ လိုင်စင်ရှိတယ်။ ဒါပေမယ့် လုံခြုံရေးအခြေအနေအရ မဖွင့်ပါဆိုတဲ့ အကြောင်းကို လက်မှတ်ထိုးထားကြတယ်။ KTVအားလုံးပေါ့။စစ်တွေတစ်မြို့လုံး။ မဖွင့်ရဘူးပေါ့။ ဖွင့်တယ်ဆိုလို့ရှိရင် ငါတို့ဘယ်နေ့မဆိုလာဖမ်းမယ်။ ဘယ်အဖွဲ့အစည်းကမဆို ဖမ်းလို့၇တယ် ဆိုပြီးတော့ လက်မှတ် ထိုးထားတယ်။ အဲဒါကို ဟိုတစ်နေ့ကပညာပြလိုက်တာ”ဟုပြောသည်။

ဝင်ရောက်စီးနင်းခြင်းကိုခံခဲ့ရသည့် KTVများမှာ  စစ်တွေမြို့၊အနောက်စံပြရပ်ကွက်ရှိ အိမ်ဖြူတော်ဟု လူသိများသည့် White House KTV ၊ မင်းဂံရပ်ကွက်ရှိSweet Dream KTV နှင့် မကျည်းမြိုင် ရပ်ကွက်ရှိ Rock & Roll KTV တို့ဖြစ်သည်ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်၊ နံနက်အစော ၄ နာရီခန့်ကကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မရှိကထောင် ရပ်ကွက်ရှိHappy KTV တွင်အမည်မသိ လက်နက်ကိုင်များဝင်ရောက်ပစ်ခတ်မှုကြောင့် စစ်ကောင်စီ၏ တပ်မ(၃၃)လက်အောက်ခံတပ်ရင်း (၁၃)မှ ဗိုလ်မှူးတစ်ဦး၊ အသက် ၄၀ အရွယ် လုပ်ငန်းရှင်နှစ်ဦးနှင့်အမျိုးသမီးနှစ်ဦး၊ စုစုပေါင်း ငါးဦး သေဆုံးသွားခဲ့သည်။

ယင်းဖြစ်စဉ်ဖြစ်ပွားပြီးနောက် တစ်နိုင်ငံလုံးရှိစားသောက်ဆိုင်များ၊ KTV များ၊Bar များ၊ စင်တင်တေးဂီတများ၊နိုက်ကလပ်(Night Club)များနှင့်အနှိပ်ခန်းများကို စစ်ကောင်စီက ကန့်သတ်ပိတ်ပင်မှုများပြုလုပ်လာနေခြင်းဖြစ်သည်ဟုလည်းသိ၇သည်။

စစ်ကောင်စီသည် ဇူလိုင်လ ၅ ရက်မှစပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်စားသောက်ဆိုင်များ၊ KTV များ၊Bar များ၊ စင်တင်တေးဂီတများ၊နိုက်ကလပ်(Night Club)များနှင့်အနှိပ်ခန်းများကို ခွင့်ပြုထားသည့် လုပ်ငန်းလိုင်စင်များ အတိုင်းသာ ဖွင့်လှစ်ရန်နှင့် ခွင့်ပြုမိန့်မရဘဲလုပ်နေသူများကို ပိတ်သိမ်းကြရန် ယခုနှစ်အတွင်း ညွှန်ကြားချက်ထုတ်ပြန်ထားသည်ဟုသိ၇သည်။

ယင်းသို့ညွှန်ကြားချက်ထုတ်ပြီးနောက် ဇွန်လမှစတင်ကာနေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးနှင့်ကချင်ပြည်နယ်တို့ အပါအဝင် ကရင်ပြည်နယ်ရှိ မြ၀တီမြို့နှင့်မွန်ပြည်နယ်၊ မော်လမြိုင်စသည့်မြို့များရှိ KTV များကို စစ်ကောင်စီကစစ်ဆေးမှုများပြုလုပ်ပြီး စည်းကမ်း သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသည့်KTV များကိုဖမ်းဆီးအရေးယူခြင်းများ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။

အလားတူ စစ်တွေရှိ KTVများကိုလည်း ဇူလိုင်လ၃၀ ရက်ညတွင် စစ်ကောင်စီက ရှောင်တခင် ဝင်ရောက်စစ်ဆေးဖမ်းဆီးမှုများပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“ စစ်တွေမှာ လုပ်ကိုင်ခွင့်လိုင်စင်နဲ့ လုပ်နေကြတဲ့  KTV တွေအားလုံးကိုဖွင့်လှစ်ခြင်းမပြုဘူး။ ဆိုင်ပိုင်ရှင်တွေကိုလည်း  လွန်ခဲ့တဲ့  ၁လကျော်ကတည်းက ပြည်နယ်စစ်ကောင်စီကနေ ခံဝန်ထိုးခိုင်းတယ်။ အဲဒီခံဝန်ချက်ကို ချိုးဖောက်လို့ ဝင်ဖမ်းတာပါ။ အထက်အရာရှိကြီးတွေ အကြားဝေစုမတည့်လို့ မဟုတ်ပါဘူး” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

စီးနင်းခံခဲ့ရချိန်KTV အတွင်းရှိအမျိုးသမီးများအပါအဝင် ဆိုင်တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့်ဆိုင်အတွင်းရှိ ဧည့်သည်များကိုပါ စစ်ကောင်စီက စစ်တွေမြို့မရဲစခန်းသို့ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး  နောက်နေ့ဇူလိုင်လ ၃၁ ရက်တွင် ဖမ်းဆီးထားသူအားလုံးကို လွှတ်ပေးလိုက်ပြီဟု ဖမ်းဆီး ခံခဲ့၇သူများနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

“မနက်လင်းတော့အကုန်လုံးကို ပြန်လွှတ်ပေးလိုက်တာ”ဟု ပြောသည်။

ဖမ်းဆီးခံခဲ့ရသည့်  KTV သို့လာရောက်ခဲ့သည့်ဧည့်သည်များနှင့်KTV ဝန်ထမ်းများကို ၎င်းတို့၏ မိသားစုဝင်များက မြို့မရဲစခန်းသို့ လာရောက်ပြီးအာမခံဖြင့်ထုတ်ယူခဲ့ခြင်း ဖြစ်သည်ဟုလည်း သူတိုနှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။

ဖမ်းဆီးခံခဲ့ရသည့်ဆိုင်တာဝန်ရှိသူများကိုမူ ရဲက မည်သို့နားလည်မှုဖြင့် လွှတ်ပေးခဲ့သည်ဆိုသည်ကိုမူမသိ၇ဟုလည်း သူက ဆိုသည်။

စစ်တွေတွင်ယခုစီးနင်းခံခဲ့၇သည့် KTV များအပါအဝင်KTV ၆ခုနှင့်အထက်ရှိသည်ဟု သိ၇သည်။

ယခုကိစ္စနှင့်ပတ်သက်ပြီးရခိုင်ပြည်နယ်စစ်ကောင်စီပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ်ဦးလှသိန်းကိုဆက်သွယ်ခဲ့သော်လည်း ဖုန်းပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါ။

ဓာတ်ပုံ- စစ်ကောင်စီ၏စီးနင်းခြင်းခံခဲ့ရသည့် အိမ်ဖြူတော်(ခေါ်) White HouseKTV အား တွေ့၇စဉ်။

#စစ်တွေ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.