သောကြာ၊ မေလ ၃ရက်၊ ၂၀၂၄

AA နှင့် ဆက်စပ်သံသယဖြင့် တရားစွဲခံနေရသူ ၅၅ ဦးလွတ်မြောက်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၂ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 1.3k

စစ်ကောင်စီက ယမန်နေ့ဝါဆိုလပြည့်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ(EAOs)နှင့် ဆက်စပ်သူ ၇၂ ဦး၏ တရားရုံးစစ်ဆေးဆဲ အမှုများကို ပိတ်သိမ်းပေးမည်ဟု ထုတ်ပြန်ပြီးနောက် ရက္ခိုင့်တပ်တော် (AA)သံသယဖြင့် တရားရင်ဆိုင်နေရသူ ၅၅ ဦးသည် ရခိုင်ပြည်ရှိ အကျဉ်းထောင် အသီးသီးမှ လွတ်မြောက်လာပြီဟု သိရသည်။

သူတို့သည် ယနေ့သြဂုတ်လ ၂ ရက်၊ ညနေပိုင်းတွင် လွတ်မြောက်လာခြင်း ဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများအရေး စောင့်ကြည့်လေ့လာသူများက ပြောသည်။

အဆိုပါ ၅၅ ဦးမှာ တောင်ကုတ်အချုပ်မှ ၃ ဦး၊ စစ်တွေထောင်မှ ၁၁ ဦး၊ ကျောက်ဖြူထောင်မှ ၁၀ ဦး၊ ဘူးသီးတောင်ထောင်နှင့်မောင်တောအချုပ်က ၁၇ ဦး၊ သံတွဲထောင်မှ ၁၅ ဦးနှင့် ကျောက်တော်အချုပ်မှ ၂ ဦးတို့ဖြစ်ကြောင်း သိရသည်။

လွတ်မြောက်လာသူအများစုမှာ မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)၊ ၁၇(၂)တို့ဖြင့် တရားစွဲခံထားရသူများဖြစ်ပြီး နိုင်ငံတော်ဆူပူလှုံဆော်မှုဆိုင်ရာပုဒ်မ ၅၀၅ (က)ဖြင့် တရားရင်ဆိုင်နေရသူများလည်းပါကြောင်း သိရသည်။

ကျောက်ဖြူအကျဉ်းထောင်မှ လွတ်မြောက်လာသည့် ဒေါ်ခင်ဘုန်းနွဲ့၏သမီးဖြစ်သူ မနှင်းနွဲ့က "လွတ်လာရင်ပြီးပါပြီ။ ပျော်ပါတယ်။ ကျန်းကျန်းမာမာလည်းရှိပါတယ်"ဟုပြောသည်။

တောင်ကုတ်အချုပ်မှလွတ်မြောက်လာသူများမှာ တောင်ကုတ်မြို့၊ ချောင်းကောက်ရပ်ကွက်မှ သွားဆရာဝန် ဒေါက်တာကျော်သူရထွန်း၊ တောင်ကုတ်မြို့နယ်၊ မှိုဟင်းတောကျေးရွာမှ ဦးသန်းထွန်း၊ ကိုလင်းလင်းအောင်နှင့် စစ်တွေအကျဉ်းထောင်မှ ဦးခင်မောင်ကျော် အပါအဝင် ၁၁ ဦး၊ သံတွဲအကျဉ်းထောင်မှ ကိုစန်းကိုတို့အပါအဝင် ၁၅ ဦးလွတ်မြောက်လာခြင်းဖြစ်ကြောင်း မိသားစုဝင်များနှင့် နိုင်ငံရေးအကျဉ်းသားများအရေး စောင့်ကြည့်လေ့လာသူများက ပြောသည်။

သံတွဲထောင်ရှေ့သို့ရောက်ရှိနေသည့် ဒေသခံအမျိုးသားတစ်ဦးကလည်း “ကိုစန်းကိုအပါအဝင် တခြားသူတွေလည်း လွတ်ပါတယ်။ အခုပဲ လွတ်နေတာမို့ အသေးစိတ်ကို နောက်မှ ပြောကြရအောင်ပါ”ဟု ပြောသည်။

တောင်ကုတ်မှ ဦးဦးသန်းထွန်း၏ ဇနီးဖြစ်သူက "လွတ်မြောက်လာပါပြီ။ ဒီနေ့လွတ်လာမယ်လို့တော့ သတင်းကြားရတာ။ တောင်ကုတ်အချုပ်ကနေ သွားစောင့်နေတာပေါ့နော်။ လွတ်မြောက်လာပါပြီ။ ဝမ်းလည်းသာရပါတယ်။ ရဲစခန်းကိစ္စတော့ပြီးပြီ။ ခရိုင်ရုံးကိစ္စတွေပြီးရင်တော့ပြီးပြီ" ဟု နိရဥ္စရာကို ပြောသည်။

ဦးဦးသန်းထွန်း၊ ဒေါက်တာကျော်သူရထွန်းနှင့် ကိုတင်ငြိမ်းအောင်တို့မှာ ယနေ့သြဂုတ်လ ၂ ရက်၊ ညနေ ၄ နာရီကျော်ခန့်က လွတ်မြောက်လာခြင်းဖြစ်သည်။

လွတ်ငြိမ်းခွင့်ဖြင့်လွတ်မြောက်လာသည့် ဒေါက်တာကျော်သူရထွန်း၏ ဇနီးဖြစ်သူ မမို့မို့ဝါကလည်း "ဒေါက်တာကျော်သူရထွန်း လွတ်မြောက်လာပါပြီ။ သူနဲ့အတူ နှစ်ယောက်ပါပါတယ်။ အမ်းက တစ်ယောက်နဲ့ တောင်ကုတ်ကတစ်ယောက်ပါတယ်။ အခုဖုန်းပြောဖို့အဆင်မပြေသေးလို့ပါ" ဟု နိရဥ္စရာသို့ပြောသည်။

ဒေါက်တာကျော်သူရထွန်းကို ပြီးခဲ့သည့်နှစ်၊ စက်တင်ဘာလ(၆) ရက်က AA နှင့် ဆက်စပ်သည့် စွပ်စွဲချက်ဖြင့် တောင်ကုတ်မြို့ ဆေးရုံကွက်သစ် (၁)လမ်းထဲမှ အရပ်ဝတ် စစ်သားများက ဆိုင်ကယ်များ၊ ကားများဖြင့် ဖမ်းဆီးသွားခဲ့ခြင်းပြီး မတရား အသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် အမှုဖွင့် ဖမ်းဆီးခံထားရခြင်း ဖြစ်သည်။

အလားတူ ဦးဦးသန်းထွန်းမှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်က AA နှင့်ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်မှလာ ရောက်ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်ပြီး မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့် ဖမ်းဆီးခံထားရခြင်းဖြစ်သည်။

လွတ်မြောက်လာသူများအနက် တောင်ကုတ်ရဲစခန်းအချုပ်မှ ၃ ဦးသည် ယနေ့နေ့လယ် ၁ နာရီခန့်က လွတ်မြောက်ခဲ့ခြင်းဖြစ်သည်ဟု လွတ်မြောက်လာသူများအား သွားရောက်တွေ့ဆုံခဲ့သည့် တောင်ကုတ်ဒေသခံတစ်ဦးက ပြောသည်။

"မလွတ်ဘဲကျန်သူတွေရဲ့မိသားစုတွေက မျှော်လင့်တကြီးနဲ့မျက်ရည်စတွေနဲ့စောင့်နေကြတာ။ တရားရုံးနားသွားရတာလည်း  စိတ်မကောင်းစရာပါပဲ" ဟု သူကပြောသည်။

စစ်ကောင်စီ၏လွတ်ငြိမ်းဖြင့်လွတ်မြောက်လာနိုင်မည့် မျှော်လင့်ချက်ဖြင့် ကျောက်ဖြူ အကျဉ်းထောင်တွင် ၎င်း၏ညီဖြစ်သူလွတ်မြောက်လာမည်ကို သွားရောက်စောင့်မျှော်နေခဲ့သူတစ်ဦးက "ဒီတစ်ခေါက်လည်းမပါခဲ့ဘူး။ သူတို့နဲ့အမှု နှစ်အတူတူ၊ လအတူတူအဖမ်းခံရတဲ့သူတွေကလွတ်သွားပြီ။ သူတို့နှစ်ယောက်ကတော့ကျန်ခဲ့ပြီ။ ကံမကောင်းဘူးလို့ပဲဆိုရမှာပေါ့နော်" ဟုပြောသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ရက္ခိုင့်တပ်တော်(AA)နှင့် ယာယီအပစ်ရပ်ပြီး နောက်တွင် တကျော့ပြန်တိုက်ပွဲကာလက AA သံသယဖြင့်ဖမ်းဆီးထားသည့် ပြည်သူများကို ပြန်လွှတ်ပေးမည်ဟု AA နှင့်ကတိပြုထားခဲ့သည်။

ရခိုင်တွင် တကျော့ပြန်တိုက်ပွဲကာလအတွင်းက AA နှင့်ဆက်စပ်သံသယဖြင့် အပြစ်မဲ့ပြည်သူပေါင်း ၅၉၄ ဦးကို စစ်ကောင်စီကဖမ်းဆီးထားခဲ့ပြီး ဖေဖော်ဝါရီလအထိ ၃၉၁ ဦးသာ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ယင်းနောက်တွင် ယမန်နေ့က စစ်ကောင်စီ၏ EAOs များနှင့် ဆက်စပ်သူတစ်ချို့၏အမှုကို ရုပ်သိမ်းပေးရာတွင် AA နှင့်ဆက်စပ်၍ဖမ်းဆီးတရားစွဲခံထားရသူ ၅ဝ ကျော် လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။ (NN-16, NN-8, NN-12)

 

ဓာတ်ပုံ - ယနေ့ စစ်တွေထောင်မှ လွတ်မြောက်လာသူများအားတွေ့ရစဉ်။

ဆက်စပ် သတင်းများ