ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

စကစလွတ်ငြိမ်းခွင့်တွင် AAသံသယဖြင့် ဖမ်းဆီးတရားစွဲခံရသူ ၆၁ဦးအထိလွတ်မြောက်လာ


  • ရေးသူ: Web Master (NN 16)
  • | ရက်စွဲ: ၀၃ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 929

စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ(EAOs)နှင့်ဆက်စပ်သူ ၇၂ ဦး၏ တရားရုံး စစ်ဆေးဆဲအမှုများကို ပိတ်သိမ်းပြီး လွတ်ငြိမ်းခွင့်ပေးလိုက်ရာတွင် ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သံသယဖြင့် အမှုရင်ဆိုင်နေရသူ ၆၁ ဦးပါဝင်ကြောင်း သိရသည်။

လွတ်လာသူ  ၆၁ ဦးအထဲတွင်  စစ်တွေမှ ၁၂ ဦး၊ ကျောက်ဖြူမှ ၁ဝ ဦး၊ သံတွဲမှ ၁၆ ဦး၊ ဘူးသီးတောင်မှ ၉ ဦး၊ ကျောက်တော်မှ ၂ ဦး၊ တောင်ကုတ်မှ ၃ ဦး၊ မောင်တောမှ ၄ ဦးနှင့် အမ်းမှ ၅ ဦးတို့ဖြစ်ကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီက ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ရခိုင်ပြည်နယ် အစိုးရအာဘော်များကို ဖော်ပြသည့် ရခိုင်နေ့စဉ်ထုတ်ပြန်ချက်တွင်၁ - ၈ - ၂၀၂၃ ရက်နေ့တွင် ကျရောက်သည့် ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ရှေးရှုသောအားဖြင့် လည်းကောင်း ရခိုင်ပြည်နယ်အတွင်းရှိ တရားရုံးများတွင် တရားစွဲဆိုထားဆဲဖြစ်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှင့် ဆက်စပ်သူ ၆၁ ဦးတို့၏ ပြစ်မှုဆိုင်ရာအမှုများကို ပိတ်သိမ်း၍ အချုပ်များမှ ယနေ့ညနေ ၆ နာရီတွင် ဖော်ပြပါမြို့နယ်များအလိုက် ပြန်လည်စေလွှတ်လိုက်ကြောင်း သတင်းရရှိသည်ဟု ဖော်ပြထားသည်။


သူတို့ထဲတွင် မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)၊ ၁၇(၂)အပါအဝင် နိုင်ငံတော်ဆူပူ လှုံဆော်မှုဆိုင်ရာပုဒ်မ ၅၀၅ (က)ဖြင့် တရားရင်ဆိုင် နေရသူများလည်းပါကြောင်း နိရဥ္စရာက စုံစမ်းသိရသည်။

ယခု ၆၁ ဦးထဲတွင် တောင်ကုတ်မြို့၊ ချောင်းကောက်ရပ်ကွက်မှ သွားဆရာဝန် ဒေါက်တာကျော်သူရထွန်း၊ စစ်တွေမှ ဦးခင်မောင်ကျော်၊ သံတွဲမှ လူမှုရေးလှုပ်ရှားသူနှင့် တေးရေးဆရာ ကိုစန်းကို၊ ကျောက်တော်မြို့ ကဝိရတနာစစ်ရှောင်စခန်းမှ အရပ်သားဆေးဆရာ ဦးကျော်ဟိန်းနှင့် ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာမှ ဦးမောင်စောသာတို့လည်း ပါဝင်ခဲ့သည်။

စစ်ကောင်စီက သြဂုတ်လ ၁ ရက်တွင် တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူ ၇၇၄၉ ဦးတို့ကိုလည်း ပြစ်ဒဏ် လျှော့ပေ့ါကာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည်။

ယင်းအပြင် နိုင်ငံတော် သမ္မတဟောင်း ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်တို့ကိုလည်း ပြစ်ဒဏ်များလျော့ပေါ့ သက်သာခွင့်ပြုခဲ့သည်။

အလားတူ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဝင် ၂၂ ဦးကိုလည်း လွတ်ငြိမ်းခွင့်ပြုခဲ့ပြီး နိုင်ငံခြားသား အကျဉ်းသူ/သား ၁၂၅ ဦးကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကာ ပြည်နှင်ဒဏ်ပေးခဲ့သည်။

နိရဉ္စရာသတင်းဌာနမှ ယမန်နေ့ ညနေက အေအေနှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံထားရသူ ၅၅ ဦး လွတ်မြောက်လာကြောင်း ရေးသားဖော်ပြခဲ့ပြီး နောက်ထပ် ၆ ဦးတိုးလွတ်လာသဖြင့် စုစုပေါင်း ၆၁ ဦး လွတ်မြောက်လာကြောင်း သိရှိရသည်။

ဓာတ်ပုံ - သြဂုတ် ၂ ရက်တွင် စစ်တွေထောင်မှ လွတ်မြောက်လာသူများအားတွေ့ရစဉ်။

ဆက်စပ် သတင်းများ