စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

မိုခါမုန်တိုင်းအတွင်း ပျက်စီးခဲ့ရသည့် ရသေ့တောင်မြို့နယ်မေယုကမ်းဒေသမှ ကြိုးတံတား ၃စင်းလက်ရှိ အချိန်ထိပြန်မတည်ဆောက်နိုင်သေး


  • ရေးသူ: Web Master (NN 12)
  • | ရက်စွဲ: ၀၃ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 600

(လက်ရှိပြန်ပြင်နေသည့် သရက်ချောင်းကြိုးတံတား မကြာမီက တိုက်ခတ်သွားခဲ့သည့် မုန်တိုင်းငယ်အရှိန်ကြောင့် ထပ်မံပျက်စီးခဲ့ရပြန်)

မေလ ၁၄ ရက်နေ့က တိုက်ခတ်သွားခဲ့သည့် မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မေယုကမ်းဒေသရှိ ဒေသခံပြည်သူများ စုပေါင်းတည်ဆောက်ထားသည့် ကြိုးတံတား ၃ စင်း စလုံး ပျက်စီးခဲ့ရပြီး ယင်းအထဲက သရက်ချောင်းကျေးရွာရှိ "မေယုအားမာန်" ကြိုးတံတားမှာ ပြန်လည် ပြုပြင်နေစဉ် များမကြာမီက တိုက်ခတ်သွားသည့် မုန်တိုင်းငယ်ကြောင့် ထပ်မံ ပျက်စီးသွားခဲ့သည်ဟု သိရသည်။

ဒေသခံတစ်ဦးက "တံတားက သံပြားတွေ ၃ နေရာစာလောက် ကွာကျပျက်စီးသွားတယ်။ တချို့နေရာတွေကလည်း ကော့လန်သွားတာတွေရှိတယ်။ ရွာသားတွေက တံတားကို အဓိက အမှီပြုသွားလာနေရတာလေ။ လူသွားလာလို့ရအောင်တော့ ကွာကျသွားတဲ့ သံပြားတွေနေရာမှာ သစ်သားတွေထိုးပြီးတော့ သွားလာဖို့ရအောင်ပြင်ဆင်ထားရတယ်။ ပြန်ပြုပြင်ဖို့လိုအပ်နေတယ်" ဟုပြောသည်။

သြဂုတ်လ ၁ ရက်က ရခိုင်ရှိမြို့နယ်အချို့တွင် အဖျားခတ်တိုက်ခတ်ခဲ့သည့် မုန်တိုင်းငယ်ကြောင့် ပြန်လည်ပြုပြင်နေသည့် သေ့တောင်မြို့နယ်၊ မယူကမ်း၊ သရက်ချောင်းတံတားမှာ ထပ်မံ ပျက်စီးခဲ့ရသည်ဟု သိရသည်။



အဆိုပါကြိုးတံတားမှ ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်း မိုခါ မုန်တိုင်းကြောင့်လည်း မုန်တိုင်းဒဏ်ခံခဲ့ရပြီး ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ခဲ့ရသည်ဟု သူက ဆက်ပြောသည်။

လက်ရှိတွင် အဆိုပါကြိုးတံတားကို ပြုန်ပြုပြင်နိုင်ရန်အတွက် နည်းပညာအခက်အခဲ၊ ငွေကြေး အခက်အခဲများရှိနေပြီး ပြန်လည်ပြုပြင်မည်ဆိုပါက အကြီးစားပြုပြင်မှု ပြုလုပ်ပေးရန် လိုအပ်နေသည်ဟု သိရသည်။

ထို့အတူ ကျေးရွာအုပ်ချုပ်ရေးမှူးမှတဆင့် မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့လည်း တံတားပြုပြင်နိုင်ရန် တင်ပြတောင်းဆိုမှုများပြုလုပ်ထားသည်ဟုလည်း သရက်ချောင်းကျေးရွာမှ တံတားပြုပြင် ထိန်းသိမ်းရေး အဖွဲ့ဝင် ဦးစောလှက ပြောသည်။

"မိုခါပြီးတော့ မြို့နယ်အုပ်ချုပ်ရေးမှူးက ရွာကိုဆင်းလာတုန်း ကျွန်တော်တို့ရွာသားတွေက တံတားကိစ္စတင်ပြတောင်းဆိုထားပါတယ်။ အကြောင်းပြန်တာတော့ မရှိသေးဘူး။ ဒါပေမဲ့ မနေ့ကထပ်ပြီး တင်ပြထားတယ်။ ကွာကျသွားတဲ့ သံပြားတွေကိုတော့ သွားလာလို့ရအောင် အလှူရှင်တစ်ယောက်ကိုပြောထားတယ်လို့ပြောတယ်။ မိုခါတုန်းက တံတားက ပျက်စီးလုဖြစ်နေတာလေ။ ယာယီသွားလာလို့ရအောင်ပြင်ဆင်ထားတယ်" ဟု ပြောသည်။

အဆိုပါတံတားကိစ္စနှင့်ပတ်သတ်၍ ရသေ့တောင်မြို့နယ်အုပ်ချုပ်ရေးမှူးကို နိရဥ္စရာက ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ"အစည်းအဝေးတက်နေရတယ်။ ဘယ်အချိန်ပြီးမလဲမသိသေးဘူး" ဟု ဆိုပြီး ဖုန်းချသွားခဲ့သည်။

"မေယုအားမာန်"ကြိုးတံတားသည် သရက်ချောင်းရွာနှင့် လောင်းချောင်းရွာအနောက်ပိုင်းကို ဆက်သွယ်ထားသည့်တံတားဖြစ်ပြီး မယူကမ်းရှိ သရက်ချောင်း၊ လောင်းချောင်းရွာအပါအဝင် သရက်ပြင်၊ နေပူခံ၊ ပေါင်းဇား၊ ကျွန်းချောင်း၊ နတ်ချောင်း၊ ကင်းရီချောင်း၊ ခြေထောက်ချောင်း၊ နှင်းဆီကုန်း၊ သံချောင်း၊ အောင်ဆိပ်၊ မင်းဖူးနှင့် အခြားကျေးရွာအများအပြား အသုံးပြု သွားလာနေရသည့် တံတားဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က အင်ဂျင်နီယာ ဦးထွန်းရွှေသိန်းဦးစီးပြီး ဒေသခံများနှင့်ပူးပေါင်းကာ ကိုယ်ထူကိုယ်ထတည်ဆောက်ခဲ့သည့် တံတားဖြစ်သည်ဟုလည်း ဒေသခံများက ပြောသည်။

ရသေ့တောင်မြို့နယ်၊ မယူကမ်းဘက်တွင် ဆိုင်ကလုန်းမိုခါမုန်တိုင်းကြောင့် "မေယုအားမာန်" ကြိုးတံတားအပါအဝင် စေတီပြင်ရွာနှင့် မော်ထက်ရွာကိုဆက်သွယ်ထားသည့် "စို့ပြင်ချောင်း" ကြိုးတံတား၊ ဇီးကုန်တန်းနှင့် ရန်အောင်ပြင်ရွာကို ဆက်သွားထားသည့် "ရန်အောင်ပြင်" ကြိုးတံတားတို့သည်လည်း ပျက်စီးသွားပြီး ယခုအချိန်ထိပြန်လည်မပြုပြင်ရသေးဟု ဒေသခံများက ပြောသည်။

၎င်းတံတားများကို စေတနာရှင်များနှင့် ပြည်သူများ၏ ထည့်ဝင်ငွေများ တည်ဆောက်ထားခြင်းဖြစ်ပြီး မိုခါမုန်တိုင်းအပြီး ယနေ့အချိန်ထိ ၎င်းကြိုးတံတားများကို ပြန်လည်ပြုပြင် တည်ဆောက်နိုင်ခြင်း မရှိသေး၍ ဒေသခံပြည်သူများ သွားလာရေး အထူးခက်ခဲနေသည်ဟု သိရှိရသည်။

လူသွားလူလာများသည့် စေတီပြင်နှင့် မော်ထက်တံတားကို ပြန်လည်တည်ဆောက်ရန် အလှူရှင်များနှင့် ရန်ပုံငွေများရှိနေပြီဖြစ်သော်လည်း တည်ဆောက်ပေးမည့် အင်ဂျင်နီယာမရှိ၍ တံတားကို ပြန်လည် တည်ဆောက်ရန် အခက်အခဲကြုံနေရသည်ဟု ဒေသခံလူကြီးတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောဆိုသည်။

ဓာတ်ပုံ - Mg Thar Phru(သရက်ချောင်းတံတား)နှင့် စေတီပြင်ကြိုးတံတား (စက်လှေနှင့်ပုံ)

ဆက်စပ် သတင်းများ