Preview

ကမ်းပါးပြို၍ နေအိမ် ၅၇ လုံး အရေးပေါ်ဖြိုဖျက်ခဲ့ရသည့် တောင်ကုတ်၊ ကုလားရောင်ရွာမှ မိသားစုများနေထိုင်ရေးအခက်ခဲရှိနေ

သြဂုတ် ၀၅/ ၂၀၂၃ | ကြည့်ရှုသူ :1294
ရခိုင် သတင်း

ဒီရေလှိုင်းရိုက်ပုတ်မှုကြောင့် ကမ်းပါးပြို၍တောင်ကုတ်မြို့နယ်၊ ကုလရောင် ကျေးရွာမှ နေအိမ်များဖြိုဖျက်ခဲ့၇သည့်  မိသားစု ၅၇ စု လတ်တလောတွင် နေရေး ထိုင်ရေး အခက်ခဲရှိနေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်နှင့် ၂ ရက်အတွင်း မိုးသက်လေပြင်းကျရောက်စဉ် ရေလှိုင်းရိုက်ခတ်မှုကြောင့်ပျက်စီးသွားသည့်နေအိမ် ၃၀ အပါအဝင်စုစုပေါင်း နေအိမ် ၅၇ လုံးခန့်ကို အရေးပေါ်ဖြိုဖျက်ခဲ့ရကြောင်း ကျေးရွာသားများက ပြောသည်။

နေအိမ်အရေးပေါ်ဖြိုဖျက်ပြီး ဘေးလွတ်ရာသို့ပြောင်းရွှေ့ထားရသည့် နေအိမ်ပိုင်ရှင် ဦးထွန်းမင်းနိုင် "ကျွန်တော်တို့မှာက အိမ်ကိုမနှစ်ကမှ ပြန်ဆောက် ထားတာပါ။ အရင်ကမြစ်ရေတိုက်စားလို့ နေအိမ်ကိုပြောင်းရွှေ့ပြီး ပြန်ဆောက် ထားတာ။ အခုလည်း လှိုင်းရိုက်ပြီးတော့ ကမ်းပါးပြိုတယ်။ အိမ်တွေအောက်က တိုင်တွေ အကုန်လုံး လွတ်ကုန်တယ်။ အိမ်တဆောင်လုံး မလဲကျခင်မှာ အမြန်လိုက်ပြီး ဖြိုဖျက်လိုက်၇ပါတယ်"  ဟု ပြောသည်။


လတ်တလောတွင်  ဘေးလွတ်ရာသို့အရေးပေါ် ပြောင်းရွှေ့ထား၇သည့် အိမ်ထောင်စု ၅၇ စု၊ လူဦးရေ ၂၀၀ ကျော်ခန့်မှာ နီးစပ်ရာဆွေမျိုးသားချင်း နေအိမ်များတွင် ယာယီခိုလှုံနေကြရပြီး နေထိုင်ရေးအထူးခက်ခဲနေသည်ဟု သူကဆက်ပြောသည်။

" နေရေးထိုင်ရေးက အခက်အခဲရှိနေကြပါတယ်။ အိမ်မှာက မိသားစု ၆ ယောက်တောင် ရှိပါတယ်။ ကိုယ့်အိမ်ဖြိုဖျက်လိုက်ရတော့ ရွာကတခြား အိမ်တွေမှာ ခဏနေနေကြ၇ပါတယ်။"ဟု ပြောသည်။

ဩဂုတ်လ ၁ ရက်နေ့ နံနက်ပိုင်းက ရေလှိုင်းရိုက်ခတ်မှုကြောင့် နေအိမ် ၃၀ လုံး ခန့်မှာ အလုံးစုံ ပျက်စီးသွားခဲ့ကြောင်း၊ ဩဂုတ်လ ၂ ရက်တွင် နေအိမ် အဆောင်တချို့ ပျက်စီးမှုရှိပြီး အရေးပေါ်ရွှေ့ပြောင်းရန် လိုအပ်သည့် နေအိမ်များကိုလည်း ထပ်မံဖြိုဖျက်ပြောင်းရွှေ့ရာစုစုပေါင်း နေအိမ် ၅၇ လုံးခန့်ကို ဖြိုဖျက်လိုက်၇ကြောင်း ဒေသလံများက ပြောသည်။

မိုးသက်လေပြင်းကျစဥ် ရုတ်တရက် ဒီရေလှိုင်းအရှိန်နှင့်ရိုက်ခတ်မှုကြောင့် နေအိမ် အဆောင်များပျက်စီးသွားခဲ့၍ ရွာသားများမှာ မိမိတို့၏နေအိမ်များကို ကိုယ်တိုင် ဖြိုဖျက်သိမ်းဆည်းကာ ဘေးလွတ်ရာကို အမြန်ဆုံးပြောင်းရွှေ့ ခဲ့ရကြောင်း နေအိမ်ပိုင်ရှင် ဒေါ်မဖြူက ပြောသည်။

"လှိုင်းက ရုတ်တရက်ကြီး မိနစ်ပိုင်းအတွင်းမှာ ကမ်းကိုလာရိုက်တာ။ အိမ်တွေ အကုန်ပျက်စီး ကုန်တယ်။ နောက်ဖက်တစ်ဆောင်လုံး လှိုင်းရိုက်ပြီး ပျက်စီးသွားတယ်။ အခုတော့အိမ်ကို ဖြိုဖျက်ပြီး ပစ္စည်းပစ္စယတွေကို သမီးရဲ့ အိမ်မှာသိမ်းထားရတယ်။ နေအိမ်ပြန်ဆောက်ဖို့မြေနေရာလည်း မရှိတော့ဘူး။ ဘယ်လိုပြန်နေရမယ်ဆိုတာ စဥ်းစားလို့ကိုမ၇တော့ဘူး" ဟု ပြောသည်။

တောင်ကုတ်မြို့နယ် ကုလားရောင်ရွာတွင် အိမ်ခြေစုစုပေါင်း ၂၉၂ ဆောင်ရှိပြီး နှစ်စဥင်္မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးမြေပြိုကာ ကျေးရွာမြေနေရာများ ပျောက်ကွယ်လာပြီး နေအိမ်များပျက်စီးမှုလည်း ရှိနေကြောင်းသိ၇သည်။

အဆိုပါကုလားရောင်ကျေးရွာသို့ မြို့နယ်ထွေအုပ်၊ မီးသတ်တပ်ဖွဲ့တို့ပါဝင်သည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဩဂုတ်လ ၃ ရက်တွင်လာရောက်ပြီး အရေးပေါ် ပြောင်းရွှေ့ခဲ့၇သည့်အိမ်ထောင်စုတစ်စုကို ဆန် ၆ ဗူးနှင့် ရယ်ဒီမိတ် ခေါက်ဆွဲခြောက်ထုပ် တချို့ပေးခဲ့ကြောင်း ကုလားရောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က ပြောသည်။

"ဩဂုတ်လ ၃ ရက်ကမြို့နယ်ထွေအုပ်တို့ မီးသတ်တို့၊ လျှပ်စစ်ဌာနတွေက တာဝန်ရှိသူတွေလာပါတယ်။ ဒီမှာအရေးပေါ်ပြောင်းရွှေ့လိုက်ရတဲ့ အိမ်ထောင်စု တွေကို ဆန်နဲ့ခေါက်ဆွဲခြောက်တချို့ထောက်ပံ့ပေးခဲ့တယ်။ ရွာသားတွေကလည်း ဌာနဆိုင်ရာတွေကရောက်တုန်းမှာ သူတို့မှာနေစရာ မြေမရှိတော့ဘူး။ နေစရာ မြေနေရာအတွက် စီစဥ်ပေးဖို့ တောင်းဆိုကြတာတွေ ရှိပါတယ်။ ဌာနဆိုင်ရာတွေ ဖက်ကလည်း သူတို့တတ်နိုင်သလောက်စီစဥ်ပေးဖို့ ပြောသွားတာရှိပါတယ်" ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့ ညကလည်း တောင်ကုတ်မြို့၊ ဂူတာ ရပ်ကွက်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ကမ်းပါးပြိုကျသွားခဲ့ကာ လူနေအိမ် ၄ လုံးနှင့် ကားဝပ်ရှော့တစ်ခု ပြိုကျပျက်စီးဆုံးရှုံးသွားသည်။

အလားတူပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂ ရက် ညကလည်း တောင်ကုတ်မြို့တွင် ကမ်းပါးပြိုကျခဲ့မှုကြောင့် နေအိမ် ၇ လုံးပြိုကျသွားခဲ့သည်။ 

#တောင်ကုတ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.