စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ရေနစ်မြုပ်နေ၍ ပိတ်ထားရသည့် တောင်ကုတ်မြို့မစျေးကြီးရှိ ဆိုင်ခန်းအချို့ ညဥ့်အချိန် ဖောက်ထွင်းခံရ


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၀၉ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 649

တောင်ကျချောင်းကြောင့် ရေနစ်မြုပ်နေ၍ ပိတ်ထားရသည့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ရှိ မြို့မစျေးကြီးထဲမှ ဆိုင်ခန်းအချို့သည် ပြီးခဲ့သည့် ညဉ့်အချိန်က ဖောက်ထွင်းခံရပြီး ကုန်ပစ္စည်းများခိုးယူခံခဲ့ရကြောင်း ဆိုင်ပိုင်ရှင်များက နိရဉ္စရာသတင်းဌာနသို့ပြောသည်။

ဖောက်ထွင်းခံရသည့်ဆိုင်ပေါင်း အနည်းဆုံး (၆)ဆိုင်ခန့်ရှိကြောင်း ကနဦးသိထားရပြီး ၄င်းတို့မှာ စားသောက်ကုန်ဆိုင်၊ အလှကုန်ပစ္စည်းဆိုင်၊ ကုန်စုံဆိုင်၊ အဝတ်အထည်ဆိုင်နှင့် ဖိနပ်ဆိုင်တို့ဖြစ်ကြောင်း ဆိုင်ပိုင်ရှင်များက နိရဉ္စရာသို့ ပြောသည်။

ယမန်နေ့ ဩဂုတ်လ ၈ ရက်၊ နေ့လယ်ပိုင်းကပင် ချောင်းရေနစ်မြုပ်၍ ကုန်ပစ္စည်းများအား သိမ်းဆည်းကာ ပိတ်ထားခဲ့ရချိန် ညဉ့်အချိန်ကဖောက်ထွင်းပြီး ကုန်ပစ္စည်းများကို ခိုးယူသွားခြင်းဖြစ်ကြောင်း ဖောက်ထွင်းခိုးယူခံခဲ့ရသည့် ဖိနပ်ဆိုင်ပိုင်ရှင် ဦးရာဇာထွန်းက ပြောသည်။

"ညဉ့်အချိန်ဖောက်ထွင်းခံရတာ။ လှေနဲ့လာပြီးဖောက်ထွင်းခိုးယူသွားကြတယ်ထင်တယ်။ ကျွန်တော့်ဆိုင်မှာတော့ ယိုးဒယားဖိနပ်တွေပဲသီးသန်းခိုးယူသွားတယ်။ ၁၁ သိန်းကျော်ဖိုးလောက် ပါသွားပါတယ်" ဟု နိရဥ္စရာသို့ ပြောသည်။

၄င်း၏ဖိနပ်ဆိုင်တွင် အမျိုးသားစီး iQsoft အမျိုးအစားအပါအဝင် ဖိနပ်အရံ(၅၀)နှင့် အမျိုးသမီးစီး ဖိနပ်အရံ(၁၀) တို့ ခိုးယူခံခဲ့ရကြောင်း သူက ပြောသည်။

တောင်ကုတ်မြို့မစျေးကြီးထဲမှ မငြိမ်းငြိမ်းစမ်း၏ စားသောက်ကုန်ဆိုင်တွင်လည်း ကုန်ပစ္စည်းထားသည့် ဆိုင်ခန်းတံခါးကိုဖျက်ပြီး ပိဿာဆီပုံးများ၊ တစ်လီတာဆံ့ ဆီဗူးများအပါအဝင် စားသောက်ကုန် ပစ္စည်းအများအပြားခိုးယူခံခဲ့ရပြီး ကာလတန်ဖိုးတွက်ချက်၍မရနိုင်သေးကြောင်း သူမက ပြောသည်။

"နိုင်သလောက်ယူသွားပုံရပါတယ်။ ပစ္စည်းတွေက မျိုးစုံယူသွားတာဆိုတော့ ဘယ်ပစ္စည်းက ဘယ်လောက်ဖိုးပါသွားတယ်ဆိုတာ တွက်ချက်လို့မရသေးဘူး" ဟု စားသောက်ကုန်ဆိုင်ပိုင်ရှင် မငြိမ်းငြိမ်းစမ်းက ပြောသည်။

၄င်းတို့၏ဆိုင်တန်းအနီးဝန်းကျင်တွင် ဆိုင်ခန်း ၆ ခန်းခန့် ဖောက်ထွင်းခိုးယူခံရပြီး တခြားအဝတ်အထည်အရောင်းဆိုင်အချို့တွင်လည်း ဖောက်ထွင်းခိုးယူခံရသည်ဟု ပြောဆိုသံကြားနေကြောင်း သူမက ဆက်ပြောသည်။

အဆိုပါတောင်ကုတ်မြို့မစျေးကြီးထဲ မနွေးနွေးအိပိုင်ဆိုင်သည့် ကုန်စုံဆိုင်မှာလည်း ဆိုင်တံခါးများကိုဖျက်ဆီးပြီး ကုန်ပစ္စည်းများဖောက်ထွင်းခိုးယူခြင်းခံခဲ့ရသည်ဟု ဆိုသည်။

တောင်ကုတ်မြို့တွင် ယမန်နေ့ နံနက်ပိုင်းကပင် မိုးအဆက်မပြတ်ရွာသွန်း၍ ချောင်းရေမြင့်တက်လာကာ မြို့မစျေးကြီးအပါအဝင် ရပ်ကွက်တချို့ရေနစ်မြုပ်နေခြင်းဖြစ်သည်။

မြို့မစျေးကြီးအတွင်းရောင်းချနေသည့် ဆိုင်ပိုင်ရှင်များမှာ နေ့လယ်ပိုင်း ရေ ၃ ပေခန့် ဝင်ရောက်စဉ်ကပင် ဆိုင်ရှိကုန်ပစ္စည်းများကို ဆိုင်ခန်းအတွင်း ရေလွတ်နိုင်သည့် နေရာများတွင် သိမ်းဆည်းကာ စျေးကိုပိတ်ထားခဲ့ခြင်းဖြစ်သည်။

တောင်ကုတ်မြို့တွင် ယခုကဲ့သို့ ခိုးမှုအပါအဝင် လုယက်သတ်ဖြတ်မှု၊ ဓားပြတိုက်မှုများလည်း မကြာခဏဖြစ်ပေါ်နေသည့်အတွက် မြို့ခံများမှာ မိမိတို့၏အကျိုးစီးပွားနှင့် အသက်အန္တရာယ်အတွက် စိုးရိမ်မှုများရှိနေကြသည်။

ဓာတ်ပုံ- ဖောက်ထွင်းခံခဲ့ရသည့် ကုန်စုံဆိုင်တစ်ဆိုင်အား တွေ့ရစဉ်။

ဆက်စပ် သတင်းများ