တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၄ဘီလျံရှိ ဟု ကမ္ဘာ့ဘဏ် ခန့်မှန်း


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၁၁ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 1.2k

ရခိုင်ပြည်နယ်တွင် မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှု ပမာဏ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၄ ဘီလျံရှိသည်ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်လိုက်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

ထိရှလွယ်သော ပဋိပက္ခ ရိုက်ခတ်မှုရှိနေသည့် အခြေအနေတွင် အမှန်တကယ် ဆုံးရှုံးမှုစာရင်းရရှိရန် မလွယ်ကူမှုကြောင့် ကမ္ဘာ့ဘဏ်သည် ကမ္ဘာလုံးဆိုင်ရာ သဘာဝဘေးအလွန် ထိခိုက်ပျက်စီးမှု အမြန်ခန့်မှန်းခြင်း ( Global Rapid Post-Disaster Damage Estimation) နည်းစနစ်ကို အသုံးပြုကာ ရခိုင်ပြည်နယ်တွင် တိုက်ခတ်သွားသည့် မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို ခန့်မှန်းထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

 

အဆိုပါ ခန့်မှန်းချက်အရ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် စုစုပေါင်း ပျက်စီးဆုံးရှုံးမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၄ ဘီလျံရှိသည်ဟုသိရသည်။

 

ဤပမာဏမှာ ၂၀၂၁ခုနှစ် မြန်မာနိုင်ငံ GDP ၏ ၃.၄% ရှိသည်။ ပျက်စီးဆုံးရှုံးမှုတွင် လူနေအဆောက်အအုံများပျက်စီးမှု၊ လူနေမဟုတ်သော အဆောက်အအုံပျက်စီးမှု နှင့် လယ်ယာမြေများ ပျက်စီးဆုံးရှုံးမှုတို့ ပါဝင်သည်။

 

ပျက်စီးမှုပမာဏအလိုက် စာရင်းပြုစုရာတွင် လူနေအဆောက်အအုံ ပျက်စီးဆုံးရှုံးမှုက အများဆုံး ဖြစ်ပြီး လူနေမဟုတ်သောအဆောက်အအုံများ နှင့် လယ်ယာစိုက်ပျိုးမြေပျက်စီးဆုံးရှုံးမှုက ဒုတိယ နှင့် တတိယဖြစ်သည်။

 

ပျက်စီးဆုံးရှုံးမှုများ၏ ၈၀% မှာ ရခိုင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်းတွင် ဖြစ်ပွါးခဲ့သည်။ ရခိုင်ပြည်နယ်က အဆိုးရွားဆုံး ဖြစ်ပြီး ခရိုင် ၇ ခု၊ မြို့နယ်ပေါင်း (၁၇)မြို့နယ်ရှိ လူဦးရေ ၁ ဒသမ ၂သန်း မုန်တိုင်းဒဏ်ထိခိုက်ခံစားခဲ့ရသည်။


မိုခါမုန်တိုင်းသည် ပြည်နယ်/တိုင်း ဒေသကြီး ငါးခုကို ထိခိုက်ပျက်စီးစေခဲ့ရာ ယင်းတို့တွင် ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း နှင့် ချင်းပြည်နယ်တို့ပါဝင်သည်။

 

ရခိုင်ပြည်နယ်တွင် လေမုန်တိုင်းဒဏ် အဓိကခံစားရပြီး မကွေး နှင့် စစ်ကိုင်းတိုင်းတို့တွင် ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့သည်။ ရခိုင်ပြည်နယ်တွင် မုန်တိုင်းကြောင့် အဓိက ပျက်စီးဆုံးရှုံးရမှုတွင် ကျန်းမာရေးဆေးရုံများ၊ စာသင်ကျောင်းများ၊ ဆက်သွယ်ရေးတာဝါတိုင်များ၊ သယ်ယူပို့ဆောင်ရေးစနစ်များ ပါဝင်ပြီး ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော ပဋိပက္ခကြောင့် ကယ်ဆယ်ရေးနှင့် ကူညီရေးလုပ်ငန်းများအပေါ် ထိခိုက်မှု ရှိခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ 


ref: worldbank.org

 

 

ဆက်စပ် သတင်းများ