စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

မောင်တောမြောက်ပိုင်းတွင် မွတ်ဆလင်သားဖနှစ်ဦးစီးလာသည့်ကားကို ARSA က မီးရှို့ပြီး လူကို ဖမ်းဆီးသွား


  • ရေးသူ: Web Master (NN 16)
  • | ရက်စွဲ: ၁၃ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 2.6k

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းတွင် မွတ်ဆလင်သားဖနှစ်ဦးစီးလာသည့် အိမ်စီးကားတစ်စီးကို အာဆာ(ARSA) က်နက်ကိုင်အဖွဲ့က မီးရှို့ပြီး ကားပေါ်ပါ သားဖနှစ်ဦးလုံးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု သိရသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသူများမှာ မောင်တောမြို့နယ်မြောက်ပိုင်းရှိ စံပယ်ကုံးမွတ်ဆလင်ကျေးရွာမှ ဦးလှဝင်းနှင့် သူ၏ဖခင်ဖြစ်သူ ဦးဆော်လိမ်မူလာတို့ဖြစ်သည်။

သူတို့နှစ်ဦးသည် ယမန်နေ့ သြဂုတ်လ ၁၂ ရက်၊ ညနေ ၆ နာရီခန့်တွင် စံပယ်ကုန်းကျေးရွာမှ ကြိမ်ချောင်းကျေးရွာသို့သွားစဉ် လောင်းဒုံနှင့် ကြိမ်ချောင်းကျေးရွာကြား လမ်းဘေး၌ ARSA အဖွဲ့ဝင် ၂ဝ ကျော်က လက်နက်များဖြင့် စောင့်ဆိုင်းကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု မျက်မြင်များက ပြောသည်။

အဆိုပါလမ်းသည် လောင်းဒုံကျေးရွာမှ ကျောင်းသူ၊ ကျောင်းသားများ ကြိမ်ချောင်းကျေးရွာသို့ သွားရောက်ကျောင်းတက်ရာတွင် အသုံးပြုသွားလာနေရသည့်လမ်းဖြစ်သည်။

ယခုအခင်းမဖြစ်မီ နာရီပိုင်းအလိုတွင် ကျောင်းသူ၊ ကျောင်းသားများကို မိဘများက ကျောင်းကြို၍ပြန်လာစဉ် ARSA လက်နက်ကိုင် ၅ ဦးနှင့် အခင်းဖြစ်သည့်နေရာ၌ ကနဦးစတင်ဆုံတွေ့ခဲ့ကြသည်ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။



ကြိမ်ချောင်းကလာတဲ့သူတွေအားလုံးကို၊ အဲဒီလမ်းက ဖြတ်တဲ့သူတွေအားလုံးကို ဆိုင်ကယ်တွေ၊ သုံးဘီးတွေကို ရပ်ခိုင်းပြီး သော့တွေကို သိမ်းလိုက်တယ်။ ပြီးရင် ဗမာစကားနဲ့လည်း ပြောပါသေးတယ်။ မင်းတို့ကို ဘာမှ မလုပ်ဘူး။ မင်းတို့နဲ့ မဆိုင်ဘူး။ မင်းတို့ ခဏလေးပဲ သည်းခံဘာညာဆိုပြီးတော့ ပြောပါတယ်ဟု ပြောသည်။

ယင်းနောက် အဖမ်းခံရသည့်သားဖနှစ်ဦး၏ကားလာသည်နှင့် သိမ်းထားသည့်သော့များကို ပြန်ပေး၍ ကျောင်းသားမိဘများနှင့် ခရီးသွားများကို လွှတ်ပေးလိုက်သည်ဟု သိရသည်။

ကားလာသည်နှင့် အနီးတွင်ကင်းပုန်းဝပ်နေသည့် နောက်ထပ် ARSA အဖွဲ့ဝင် ၂ဝ ခန့်လည်း ယင်းအနီးသို့ထပ်မံရောက်ရှိလာပြီး ထိုကားကို ရပ်တန့်ခိုင်းကာ မီးရှို့ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဆက်ပြောသည်။

သူတို့(ဖမ်းဆီးခံရတဲ့သားဖ)က ရွာမှ မအိပ်ရဲဘူး။ ညနေတိုင်ရင် ကြိမ်ချောင်းကို သွားအိပ်တယ်လို့ သိရပါတယ်။ အဲလိုသွားအိပ်တာကြာပြီ။ သူတို့ အဲဒီမှာ သွားအိပ်မဲ့အချိန်ကို သူတို့ (ARSA)က သိတယ်။ ဒါကြောင့် လမ်းမှာ စောင့်နေတာ။ ဟိုက လာတာနဲ့ ကိုယ့်ဟာကိုယ်ယူကြတော့ဆိုပြီး သိမ်းထားတဲ့ သော့တွေကို လမ်းကိုပစ်ချလိုက်တယ်။ ပြီးမှ သူတို့ ကားကို ရပ်ခိုင်းပြီး မီးရှို့တာ။ ဒါကို သော့တွေသိမ်းဆည်းခံရသူတွေလည်း အကုန်မြင်ခဲ့ကြတယ်ဟု ပြောသည်။

ယင်းသို့ ကားကိုမီးရှို့ပြီးသည်နှင့် ထိုသားဖနှစ်ဦးကိုဖမ်းဆီးကာ မောင်တောမြို့နယ်၊ မြို့သစ်ကျေးရွာအုပ်စုဘက်သို့ ကုန်းလမ်းအတိုင်း လမ်းလျှောက် ခေါ်ဆောင်သွားကြသည်ကို တွေ့လိုက်ရသည်ဟုလည်း သူက ဆက်ပြောသည်။

မြို့သစ်ဘက်ကဖြတ်ရင် ရေတွင်းပြင်မွတ်ဆလင်ရွာရှိမယ်။ ရေတွင်းပြင်နဲ့ ခြံစည်းရိုးနဲ့ ကပ်ရပ်လေ။ သူတို့ ခြံစည်းရိုးနားကိုရောက်ရင် ဟိုဘက်ကိုရောက်ပြီလေဟု ပြောသည်။

သူတို့နှစ်ဦးကို ယခုကဲ့သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းမှာ ARSA နှင့်ပူးပေါင်းလုပ်ဆောင်နေသည့် စီးပွားကိစ္စကြောင့်ဖြစ်နိုင်သည်ဟုလည်း မောင်တောမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးက သုံးသပ်သည်။

သူတို့ စီးပွားရေးကိစ္စကြောင့်ပဲလို့ သိရတယ်။ မနေ့ကဖြစ်ခဲ့တဲ့ကိစ္စက စီးပွားရေးကိစ္စ၊ သူတို့က စီးပွားရေးအရှုပ်အရှင်းတွေ ARSA နဲ့ရှိလိမ့်မယ်။ အဲလိုပဲ ထင်ရပါတယ်။ တခြားကိစ္စတွေတော့ မဟုတ်ပါဘူးဟု ပြောသည်။

ယခုအခင်းဖြစ်ပွားခဲ့သည့်နေရာအနီ ၁ မိုင်ခန့်အကွာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးရောက်ရှိနေသည့် မွတ်ဆလင်များကို ပြန်လည်လက်ခံရေးအတွက် အိန္ဒိယအစိုးရက ဆောက်လုပ်ပေးထားသည့်နေအိမ်များရှိသည်ဟု ဒေသခံများက ပြောသည်။ 

ဓာတ်ပုံ - မီးရှို့ခံလိုက်ရသည့်ကားအား တွေ့ရစဉ်။ Photo - လူမှုကွန်ရက်

ဆက်စပ် သတင်းများ