တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

စစ်တွေပွိုင့်ကမ်းခြေရှိ စားသောက်ဆိုင် ၁၆ ဆိုင်အား လမ်းတိုးချဲ့ရန် နှစ်ပတ်အတွင်း ဖယ်ရှားခိုင်း


  • ရေးသူ: Web Master (NN 12)
  • | ရက်စွဲ: ၁၄ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 490

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပွိုင့်ကမ်းခြေလမ်းကိုတိုးချဲ့ရန်ဟုဆိုကာစစ်တွေကမ်းခြေ ဟိုတယ်အနီးရှိ စားသောက်ဆိုင် ၁၆ ဆိုင်အား မြို့နယ်စည်ပင်က နှစ်ပတ်အတွင်း ဖယ်ရှားခိုင်းထားသည်ဟု သတင်းရရှိသည်။


စစ်တွေစည်ပင်သာယာရေးအဖွဲ့က သြဂုတ်လ ၁၂ ရက်တွင် စစ်တွေပွိုင့်ကမ်းခြေရှိ စစ်တွေဟိုတယ်အနီးတွင် တည်ဆောက်ထားကြသော ဆိုင်ခန်းပိုင်ရှင်များအား လုပ်ငန်းကိစ္စ ဆွေးနွေးပွဲရှိသည်ဟုဆိုကာ စစ်တွေခရိုင်စည်ပင်သာယာရေးရုံးသို့ အစည်းအဝေးခေါ်ယူခဲ့သည်ဟု သိရသည်။

ယင်းအစည်းအဝေးတွင် စစ်တွေကမ်းခြေ၏ ကမ်းနားလမ်းအား တိုးချဲ့ရန်အတွက် လမ်းဧရိယာတွင်ပါဝင်နေသည်ဟုဆိုကာ အဆိုပါဆိုင်ခန်းများကို နှစ်ပတ်အတွင်းဖြိုချဖယ်ရှားပေးရန် မြို့နယ်စည်ပင်က စေခိုင်းခဲ့သည်ဟု ဆိုင်ပိုင်ရှင်များက ပြောသည်။

ဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦးက "နှစ်ပတ်အတွင်း ကိုယ့်ဘာသာကိုယ်ဖြိုရင် ကိုယ့်ပစ္စည်းတွေကို ကိုယ်ရမယ်။ ကိုယ့်စိတ်ကိုယ့်သဘောထားနဲ့မဖြိုရင် စက်ကိရိယာတွေနဲ့ သူတို့လာဖြိုမယ်ဆိုပြီး ကျွန်မတို့ကိုခြိမ်းခြောက်ပါတယ်" ဟု ပြောသည်။

ဖြိုဖျက်ပေးရန် ဖိအားပေးခံနေရသည့် ဆိုင်ခန်းများမှာ စစ်တွေဟိုတယ်အနီးရှိ ကြည်နူးရိပ်နှင့် ဟုမ်းလီစားသောက်နှစ်ဆိုင်မှအပ ကျန် ၁၆ ဆိုင်တို့ဖြစ်ကြသည်ဟု သိရသည်။

အဆိုပါဆိုင်များတွင် များသောအားဖြင့် စားသောက်ဆိုင်များပါဝင်ပြီး လက်ဘက်ရည်ဆိုင်နှင့် အအေးဆိုင်များလည်း ပါဝင်သည်ဟု ဆိုင်ခန်းပိုင်ရှင်များက ပြောသည်။

ဆိုင်ခန်းများကို ဖျက်သိမ်းပြောင်းရွေ့ပေးရပါက သူတို့၏ အသက်မွေးဝမ်းကျောင်းပြုလုပ်နေသည့် စီးပွားရေးကိုပါထိခိုက်မှုရှိနေသည်ဟု နောက်ထပ်ဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦးက ပြောသည်။

"ဆိုင်မျက်နှာစာတွေကို ဖယ်ပေးမယ်ဆိုလည်း မရဘူးလို့ပြောတယ်။ အားလုံးဖယ်ပေးရမယ်တဲ့။ ကျွန်မတို့က လုံးဝမဖယ်ရှားပေးဘူးလို့ ပြောတာမဟုတ်ဘူး။ ကျွန်မတို့ကို ဒီနေရာလိုမျိုး လုပ်ကိုင်စားသောက်လို့ရမယ့်  နေရာတစ်ခုလောက်စီစဉ်ပေးမယ်ဆိုရင် ကျွန်မတို့က လက်ခံတယ်။ အခုလောလောဆယ်မှာတော့ ဒီနေရာက ဖယ်ပေးဖို့ဆိုတာ မဖြစ်နိုင်သေးဘူး" ဟု ပြောသည်။

အဆိုပါဆိုင်ခန်းများအား နှစ်ပတ်အတွင်းဖြိုဖျက်ပေးရန် မြို့နယ်စည်ပင်က ယမန်နေ့ သြဂုတ်လ ၁၃ ရက်တွင်လည်း ဆိုင်ခန်းပိုင်ရှင်များထံ ထပ်မံ စာပေးပို့ ခိုင်းစေထားကြောင်း သိရသည်။

အဆိုပါစာထဲတွင် စစ်တွေမြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်း စစ်တွေဟိုတယ်ကမ်းခြေရှိ ယာယီဆိုင်ခန်းများသည် စစ်တွေမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ ဆိုင်ခန်းများအား အသစ်ဆောက်လုပ်ခြင်း၊ ပြုပြင်ခြင်း၊ တိုးချဲ့၍ အခိုင်အမာဆောက်လုပ်ရောင်းချနေခြင်းများအား တွေ့ရ၍ ရခိုင်ပြည်နယ်စည်ပင်သာယာရေးဥပဒေနှင့်အညီ အသိပေးအကြောင်းကြားစာများ ပေးပို့ထားပြီဖြစ်သည်ဟု ဆိုထားသည်။

ယင်းအပြင် အဆိုပါစာထဲတွင် “ရခိုင်ပြည်နယ်စည်ပင်သာယာရေးဥပဒေပုဒ်မ ၂၃(က)နှင့်(ခ)၊ ဥပဒေပုဒ်မ ၆၆(က)နှင့်(ခ)တို့အရလည်း အများပြည်သူနှင့်သက်ဆိုင်သည့်လမ်း၊ ရေမြောင်း၊ ရေပိုက်၊ မိလ္လာပိုက်၊ လူသွားစင်္ကြန်တစ်ခုခုပေါ်တွင် ကျူးကျော်၍ အဆောက်အအုံကိုဖြစ်စေ၊ အဆောက်အအုံ တစိတ်တစ်ဒေသကိုဖြစ်စေ ဆောက်လုပ်ခြင်းမပြုရ၊ ပိတ်ဆို့၍ အခြားပစ္စည်းတစ်ခုခုကို ဖြန့်ထားခြင်း၊ ဆွဲထားခြင်း၊ နေလှန်းခြင်းမပြုရဟု တားမြစ်ထားပြီးဖြစ်၍ လုပ်ငန်းလိုအပ်ချက်အရ လူကြီးမင်းတို့ဆောက်လုပ်ထားသော ယာယီစျေးဆိုင်များအား ၂၆-၈-၂ဝ၂၃ ရက်နေ့ကို နောက်ဆုံးထား၍ အပြီးအစီး ဖယ်ရှားရှင်းလင်းရွေ့ပြောင်းပေးရန် အကြောင်းကြားပါသည်”ဟု ဖော်ပြထားသည်။

အဆိုပါဆိုင်ခန်းများသည် ယင်းနေရာတွင် ကျူးကျော် ပြောင်းရွေ့နေထိုင်လာခြင်းမဟုတ်ဘဲ ပြီးခဲ့သည့် သမ္မတဟောင်းဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်းနှင့် ဌာနပေါင်းစုံက မြို့နယ်စည်ပင်သာယာလှပရန်ဟုဆိုကာ ၂ဝ၁၃ ခုနှစ်တွင် စနစ်တကျနေရာချထားပေးခဲ့ခြင်းဖြစ်သည်ဟုလည်း ဆိုင်ခန်းပိုင်ရှင်များက ပြောသည်။

ဆိုင်ခန်းပိုင်ရှင်အမျိုးသားတစ်ဦးက “သူတို့ပါးစပ်ကတော့ အဲဒီတုန်းက ပြောလို့ တစ်ခုရှိပါတယ်။ မိဘဆီက အမွေပေးသလို မှတ်ပါဆိုပြီးတော့ စကားတစ်ခွန်းတော့ ပြောလို့ရှိခဲ့ပါတယ်။ စာရွက်စာတမ်းတစ်စုံတရာတော့ ပေးလို့ မရှိခဲ့ဘူး”ဟု ပြောသည်။

ယင်းသို့ ချထားပေးခဲ့ရာတွင် တစ်ဦးချင်းစီကို အကွက်ရိုက်ကာ ချထားပေးခဲ့ခြင်းဖြစ်ပြီး ယင်းအချိန်ကပင် ယခုထိ အာဏာပိုင်များထံ ဆိုင်ခန်းငှားရမ်းခများလည်း ပေးဆောင်ခဲ့ရခြင်းမရှိခဲ့သလို အာဏာပိုင်များဘက်ကလည်း  တောင်းခံခဲ့ခြင်းများလည်း မရှိခဲ့ဟု ဆိုကြသည်။

ဆိုင်ခန်းပိုင်ရှင်အမျိုးသားတစ်ဦးက “ဒီနေရာမှာ ကျနော်တို့ ကိုယ့်ဟာနဲ့ကိုယ်လာပြီးတော့ ကျူးကျော်နေတာမဟုတ်ဘူး။ ကမ်းခြေမှာ သူတို့တွေက ရေးဆွဲပြီးတော့ ၁၆ ဆိုင်ကို နေရာ သူတို့ကိုယ်တိုင်ချထားပေးခဲ့တာ။ ဒါကို မနေ့ကမှ ကျနော်တို့ကို ကျူးဆိုပြီးတော့ သူတို့က သတ်မှတ်လာတယ်။ အမှန်တော့ ကျနော်တို့က ကျူးမဟုတ်ဘူး”ဟု ပြောသည်။

ယင်းအပြင် ပြီးခဲ့သည့်မေလ ၁၄ ရက်က တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမိုခါမုန်တိုင်းကြောင့်လည်း ပျက်စီးသွားခဲ့သည့်အဆိုပါဆိုင်ခန်းများကို ပြန်လည်ပြုပြင်ပြီး၍ ပြန်လည်နာလန်ထူခါစ၌ ယခုပြန်လည်ဖျက်သိမ်းပေးရမည်ဆိုပါက အခက်အခဲများစွာရှိသည်ဟု ပြောကြသည်။

ဆိုင်ခန်းပိုင်ရှင်တစ်ဦးက "ဖယ်ရှားပေးရမယ်ဆိုတော့ စားဝတ်နေရေးကော၊ သားသမီးပညာရေးကော အကုန်ထိခိုက်တယ်။ ပြီးရင် ဆိုင်ကဝန်ထမ်းတွေရဲ့ မိသားစုအခက်အခဲတွေ။ ကျွန်မတို့နောက်ကွယ်က မိသားစုတွေရဲ့ အခက်အခဲတွေရှိနေတယ်" ဟု ပြောသည်။

လက်ရှိတွင် အဆိုပါဆိုင်ခန်းများအား ဖယ်ရှားပါက ဆိုင်ခန်းပိုင်ရှင်များ၏မိသားစုများနှင့် ဝန်ထမ်းများ၏မိသားစုဘဝများကို ငဲ့ညှာသနားသောအားဖြင့် ဆိုင်ခန်းနေရာ အစားထိုးချပေးနိုင်ရန် အသနားခံစာတစ်စောင်ကို မြို့နယ်စည်ပင်အဖွဲ့သို့ တင်ပြရန် စီစဉ်နေကြသည်ဟုလည်း ဆိုင်ခန်းပိုင်ရှင်များက ပြောသည်။

ဆက်စပ် သတင်းများ