အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

ရခိုင်ရေကြီးမှု လူ ၆ ဦးသေဆုံးပြီး အိမ်ခြေ ၃ သောင်းခန့် ရေလွှမ်းခံခဲ့ရဟု ULA ထုတ်ပြန်


  • ရေးသူ: Web Master (NN 16)
  • | ရက်စွဲ: ၁၄ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 987

ရခိုင်ပြည်နယ်အတွင်းမကြာသေးခင်က ရေကြီးမှုဖြစ်စဉ်အတွင်း လူ ၆ ဦးသေဆုံးပြီး အိမ်ခြေ ၃သောင်းခန့် ရေလွှမ်းခံခဲ့ရသည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)က ယနေ့ သြဂုတ်လ ၁၄ ရက်တွင် ထုတ်ပြန်လိုက်သည်။

ရခိုင်ရှိ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးနှင့် တောင်ကုတ်စသည့်မြို့နယ် ၇ ခုတွင် ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့၍ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ကျေးရွာပေါင်း ၃၉ဝ နှင့် အိမ်ခြေပေါင်း ၂၈ဝ၇၂  အိမ် ရေလွှမ်းမိုးခံခဲ့ရသည်ဟု ULA ၏ စာရင်းက ဆိုသည်။

ရေကန် ၈၅ ကန်၊ တံတား ၃ စင်း၊ တာတမံ ၅ ခု၊ လယ်ဧက ၇ သောင်းကျော်နှင့် ကွမ်းခင်းများလည်း ပျက်စီးသွားခဲ့ပြီး ကျွဲ၊ နွားတိရစ္ဆာန်များလည်း သေဆုံးမှုများရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။



အဆိုပါမြို့နယ်များတွင် ဇူလိုင်လ ၃၁ ရက်မှစ၍ သြဂုတ်လ ၉ ရက်အထိ မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ မြစ်ရေမြင့်တက်မှုကြောင့် ရေလွှမ်းမှုခံခဲ့ရကာ ယခုကဲ့သို့ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ဟု ULA ၏ ထုတ်ပြန်ချက်ဆိုထားသည်။

ရခိုင်ဒေသသည် ဆိုင်ကလုန်းမိုခါမုန်တိုင်းတိုက်ခတ်မှုဒဏ်ကို ၂ဝ၂၃ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် အလူးအလဲခံစားခဲ့ရပြီး အမိုးအကာအောက်သို့ အလျင်အမြန်ရောက်ရှိရေးကို အဓိကအလေးထား ဆောင်ရွက်နေစဉ် ယခုကဲ့သို့ ရေကြီးမှုကိုပါ ထပ်မံကြုံတွေ့ခဲ့ရသည့်အတွက် ဒေသခံများတွင် အခြေခံစားသောက်ကုန်၊ ဆန်၊ ဆီ၊ ဆား၊ ဆေးဝါး၊ စားနပ်ရိက္ခာ၊ သောက်သုံးရေရရှိရေးတို့မှာ အရေးပေါ်လိုအပ်လျက်ရှိနေသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။



လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ကူညီဆောင်ရွက်ပေးနေကြသော ကမ္ဘာ့နိုင်ငံကြီးများ၊ အိမ်နီးနားချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ရေဘေး၊ လေဘေးဒဏ်သင့် ရခိုင်ပြည်သူများအတွက် လတ်တလောအရေးတကြီးလိုအပ်နေသည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေးလုပ်ငန်းများ၊ မျိုးစပါးများ၊ လယ်ယာသုံးနှင့် ရေလုပ်ငန်းသုံးပစ္စည်းများ၊ စားနပ်ရိက္ခာ၊ ဆေးဝါးများအပါအဝင် အခြား အရေးပေါ်အကူအညီများကို အမြန်ဆုံး ကူညီပေးကြရန်လည်း ရခိုင်ပြည်သူများကိုယ်စား ULA က အကူအညီတောင်းခံထားသည်။ 

ဆက်စပ် သတင်းများ