တနင်္လာ၊ မေလ ၆ရက်၊ ၂၀၂၄

မိုခါတိုက်ခတ်သွားသည်မှာ ၃ လပြည့်သွားပြီဖြစ်သော်လည်း မုန်တိုင်းသင့်ပြည်သူများ ၇၀ ရာနှုန်းခန့် အမိုးအကာအောက်သို့မရောက်နိုင်သေး


  • ရေးသူ: Web Master (NN 18)
  • | ရက်စွဲ: ၁၄ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 1.1k

မိုခါမုန်တိုင်းရခိုင်ကိုတိုက်ခတ်သွားသည်မှ ယနေ့ဩဂုတ်၁၄ ရက်နေ့၌ လပြည့်သွားပြီဖြစ်သော်လည်း မုန်တိုင်းသင့်ပြည်သူများ၏ ၇၀ ရာခိုင်နှုန်းခန့်မှာ အမိုးအကာအောက်သို့ မရောက်သေးကြောင်း ရခိုင်မှ လူမူကူညီရေးပြုလုပ်နေသူများကပြောဆိုကြသည်။

အဓိက မုန်တိုင်းဒဏ်ခံရသည့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်၊ မြေပုံ၊ မင်းပြား၊ ပေါက်တော၊ ဘူးသီးတောင်၊ မောင်တော၊ အမ်း၊ ရမ်းဗြဲ စသည့်မြို့နယ်များတွင် လုံခြုံသည့် အမိုးအကာ အောက်သို့ ရောက်ရှိရန် အခက်အခဲများရှိနေသေးသည်ဟု ဆိုကြသည်။

ကျောက်တော်မြို့နယ်၊ အပေါက်ဝလူငယ်များအစည်းအရုံးမှ အဖွဲ့ဝင်အမျိုးသမီးတစ်ဦးကကျောက်တော်ဘက်တွေမှာဆိုရင် မိုခါပြီးလို့ ပြန်ပြီးတည်ဆောက်နိုင်တာက ၂၅ ရာခိုင်နှုန်းလောက်သာ ရှိသေးတယ်။ များသောအားဖြင့်က တာပေါ်လင်စတွေနဲ့ ယာယီတည်ဆောက်ထားတဲ့ နေရာတွေမှာ  မလုံံတလုံ မိုးထားတာလောက်နဲ့ပဲ နေနေရတယ်။ ပြောရရင် ဟိုက်ဝေးလမ်းထက်ဝေးတဲ့ ယိုချောင်းဖက်တွေမှာဆို လုံးဝ ပြန်ပြီး မလုပ်ရသေးတာ များတယ်ဟု ပြောသည်။

အမိုးအကာမရောက်သေးသည့်နေရာများသည် သတင်းအချက်အလက် မစီးဆင်းနိုင်သည့် နေရာများဖြစ်သည့်အပြင် ထောက်ပံ့ကူညီရေးအဖွဲ့များနှင့် အချိတ်အဆက်မမိသည့် နေရာများ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

နဂိုကတည်းက သူတို့ဆီမှာ သတင်းအချက်လက်တွေလည်း မရောက်တော့ စားဝတ်နေရေးနဲ့ ပတ်သက်ပြီးအခက်ခဲရှိတယ်။  အခုက ပိုပြီးတော့မှ ခက်ခဲတယ်လို့ပြောလို့ရပါတယ်။ နောက်တစ်ခုက မျိုး စပါးတွေပျက်သွားတယ်။ သူတို့ဘက်မှာက ဥယျာဉ်လုပ်စားတယ်။  အပင်တွေ ပျက်စီးမှုရှိတယ်ဆိုတော့ စားဝတ်နေရေးကလည်း အဆင်မပြေဘူးဟု ပြောသည်။

လက်ရှိမြေပြင်တွင် အကူညီကယ်ဆယ်ရေးလုပ်ငန်းတချို့ကို ရက္ခိုင်တပ်တော့် (AA)က ထောက်ပံ့မှု ပြုလုပ်နေသော်လည်း မုန်တိုင်းကြောင့်ထိခိုက်ပျက်စီးမှုများသည့်အတွက် AA ကလည်း အားလုံး လွှမ်းခြုံနိုင်အောင် ထောက်ပံ့နိုင်ခြင်းမရှိကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ထောက်ပြကြသည်။

ရသေ့တောင်မြို့နယ်ရှိ အရပ်ဘက်အဖွဲ့အစည်းတစ်ခုမှ လူငယ်တစ်ဦးက ရွာတွေကလည်း များတော့ သူတို့တွေကလည်း အကုန်လုံးကို မရောက်နိုင်ဘူး။ ရသေ့တောင်ဆိုရင် တစ်နယ်လုံး ပျက်စီးသွားတယ်ဆိုတော့ အကုန်လုံးကို လက်လှမ်းမမီတာလည်းပါတယ်ဟု ဆိုသည်။

လက်တွေ့မြေပြင်တွင် စစ်ကောင်စီ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အားနည်းပြီး ဒေသတွင်း အမိုးအကာ အောက် မရောက်သေးသည့် ဒေသခံများစွာရှိနေသေးသည်ဟု ကာယကံရှင်များနှင့် လူမှုအဖွဲ့အစည်းများက ပြောကြသည်။

စစ်ကောင်စီအနေဖြင့် ရခိုင်ပြည်နယ်မှ မြို့နယ် (၁၇)မြို့နယ်စလုံးအား သဘာဝ ဘေးအန္တရာယ် ကျရောက်သည့် ဒေသများအဖြစ် ကြေညာခဲ့ပြီး မုန်တိုင်းတိုက်ပြီး ၂ လအတွင်း ပြန်လည် ထူထောင်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

သို့သော် မုန်တိုင်းသင့် ဒေသများအား နိုင်ငံတကာ အဖွဲ့အစည်းများနှင့် လူမှုကူညီရေး အဖွဲ့အစည်းများအား  ကူညီထောက်ပံ့ပေးအား စစ်ကောင်စီက ဇွန်လ ၇ ရက်မှစတင်ကာ ပိတ်ထားခဲ့ခြင်းဖြစ်သည်။

ယင်းအပေါ်တွင် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)က စစ်ကောင်စီ၏ ပိတ်ပင်မှုအား စိုးရိမ်ကြောင်း ဇွန်လ ၉ ရက်က ထုတ်ပြန်ခဲ့သည်။

မုန်တိုင်းသင့်ပြည်သူများ၏ဘဝ ပြန်လည်ထူထောင်လာနိုင်ရေး သွားလာကူညီခွင့်ပေးရန်လည်း နိုင်ငံတကာအဖွဲ့အစည်းများက အကြိမ်ကြိမ်တောင်းဆိုလျက်ရှိသည်

မုန်တိုင်းသင့် ဒေသက ပြည်သူများအနေဖြင့် လက်ရှိအချိန်ထိ ပြန်လည်ထူထောင်ရေးပိုင်းတွင် ထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့ နိုင်ငံတကာ အကူအညီရရှိမှု လိုအပ်နေဆဲဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လ အစောပိုင်းတွင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် စစ်တွေ၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များသို့သွားရောက်ကာ မုန်တိုင်းသင့်ပြည်သူများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အောင်မြင်နေပြီဟု ဆိုခဲ့သည်။

သို့ရာတွင် မြေပြင်တွင် ထိုသို့ မဟုတ်ဘဲ မုန်တိုင်းသင့်ပြည်သူများမှာ မည်မည်ရရ မည်သည့် အကူအညီမှ စစ်ကောင်စီထံမှ တစ်စုံတစ်ရာ မရဘဲ အခက်အခဲအကျပ်အတည်းများဖြင့် ရင်ဆိုင်နေကြရပြီး ပြည်သူအများစုမှာလည်း အိမ်များကို ပြန်မပြင်ဘဲ ဖြစ်နေကြရသည်။

မိုခါမုန်တိုင်းသည် ပြီးခဲ့သည့် မေလ ၁၄ ရက်ကတိုက်ခတ်သွားခဲ့ခြင်းဖြစ်ပြီး ရခိုင်မှ လူပေါင်း ၁၄၈ ဦးသေဆုံးပြီး အဆောက်အအုံပေါင်း သိန်းနှင့်ချီ ပျက်စီးဆုံးရှုံးခဲ့ရသည်။

ကျွဲနွားတိရစ္ဆာန်များ ကောင်ရေသောင်းနှင့်ချီ ထိခိုက်သေဆုံးကာ လယ်ယာမြေအများအပြားလည်း ဆားငန်ရေဝင်ရောက်ပျက်စီးခဲ့သလို လယ်သမားများတွင် သိုလှောင်ထားသည့် မျိုးစပါးများလည်း ထိခိုက်ပျက်စီးဆုံးရှုံးသွားခဲ့ရသည်။

ဆက်စပ် သတင်းများ