စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်း သမိုင်းဝင်ဦးရာဇ်တော်စေတီ ဓာတ်လှေကား ကေဘယ်ကြိုးနှင့် မိုးကြိုးလွှဲကြိုး သိန်း ၁၀၀ ဖိုးခန့် အခိုးခံရ


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၁၆ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 900

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ရှိ သမိုင်းဝင်ဦးရာဇ်တော်ဓာတ်စေတီမှ ဓာတ်လှေကား ကေဘယ်ကြိုးနှင့် ဘုရားတောင်သို့ ဆက်သွယ်ထားသည့် မိုးကြိုးလွှဲကြေးကြိုးများ ခိုးယူခံရ၍ ကျပ်သိန်း ၁၀၀ နီးပါး ဆုံးရှုံးသွားကြောင်း သတင်းရရှိသည်။

ဓာတ်လှေကားမှ တစ်ကျပ်လုံးခန့်ရှိသည့် ကေဘယ်ကြိုး ပေ ၁၂၀ ခန့်နှင့် ဘုရားတောင်မြောက်ဘက်မှ သွယ်တန်းထားသော မိုးကြိုးလွှဲကြေးကြိုး ပေ ၁၄၀ ခန့်ကို ဖြတ်တောက်ခိုးယူခံထားရသည်ကို ဩဂုတ်လ ၁၀ ရက်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဦးရာဇ်တော်စေတီ ဂေါပကဥက္ကဋ္ဌ ဦးမောင်ကျော်အေးက နိရဉ္စရာသို့ပြောသည်။

ဦးရာဇ်တော်ဓာတ်လှေကားမှာ မိုခါမုန်တိုင်းအတွင်းပျက်စီးသွား၍ ပိတ်ထားချိန်တွင် ယခုကဲ့သို့ ခိုးယူခံခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။



"ဓာတ်လှေကားက မုန်တိုင်းတုန်းကပျက်နေလို့ ပိတ်ထားတာပါ။ အဲဒါ ၁၀ ရက်နေ့မှာ ဓာတ်လှေကားဝန်ထမ်းက ဓာတ်လှေကားကိုစစ်တော့ ကေဘယ်ကြိုးတွေခိုးခံထားရတာ။ ဓာတ်လှေကားလျှောက်လမ်းကတက်ပြီးတော့ လက်လှမ်းမီသလောက်ဖြတ်တောက်ပြီးခိုးသွားတယ်လို့ ခန့်မှန်းရပါတယ်" ဟု ပြောသည်။

မိုးကြိုးလွှဲကြိုးကိုမူ ဓာတ်လှေကားလျှောက်လမ်းအနီးမှ မြေအောက်မြှုပ်ထားသည့်နေရာအထိ တူးဖော်ဖြတ်တောက်ကာ ခိုးယူသွားခြင်းဖြစ်ကြောင်း ပြောသည်။

ထိုသို့ ခိုးယူခံခဲ့ရသည့် ဓာတ်လှေကားကေဘယ်ကြိုး ပေ ၁၂၀ မှာကာလတန်ဖိုး ကျပ် ၉၆ သိန်းခန့်ရှိပြီး မိုးကြိုးလွှဲကြေးကြိုး ပေ ၁၄၀ မှာ ကာလတန်ဖိုး ကျပ် ၂ သိန်းခန့်ရှိကြောင်း သိရသည်။

အဆိုပါခိုးယူမှုနှင့်ပတ်သက်၍ ဩဂုတ်လ ၁၂ ရက်တွင် မြို့နယ်စည်ပင်အဖွဲ့နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့ကို စာတင်အသိပေးခဲ့ပြီး ယမန်နေ့ ဩဂုတ်လ ၁၅ ရက်တွင် ပုဏ္ဏားကျွန်းမြို့မရဲစခန်း၌ အမှုဖွင့်တိုင်တန်းထားကြောင်း ဦးမောင်ကျော်အေးက ပြောသည်။

ပြီးခဲ့သည့် မေလ ၁၄ ရက်၊ မိုခါမုန်တိုင်းအတွင်း ဦးရာဇ်တော်စေတီ ကြိုးတံတားနှင့် ဓာတ်လှေကားအပါအဝင် သာသနိကအဆောက်အဦပေါင်း ၁၄ ခုခန့် ပျက်စီးခဲ့ကြောင်း သိရသည်။

ယင်းအထဲမှ ဦးရာဇ်တော်တံတားနှင့် အဆောက်အဦ ၆ ခုခန့်ကိုပြန်လည်ပြုပြင်ပြီးစီးသော်လည်း ကျန်သည့်အဆောက်အဦများနှင့် ဓာတ်လှေကားမှာ ယခုထိ ပြင်ဆင်ရခြင်းမရှိသေးဟု သိရသည်။ 

ဆက်စပ် သတင်းများ