တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

ရသေ့တောင်မြို့နယ်တွင် ၇ နှစ်အရွယ် အမြွှာမောင်နှမ ၂ ဦး ရေနစ်သေဆုံး


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၁၆ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 1.1k

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ လေးခွဆုံရွာဟောင်းကျေးရွာတွင် ၇ နှစ်အရွယ် အမြွှာမောင်နှမ နှစ်ဦး ရေနစ်သေဆုံးသွားကြောင်း သတင်းရရှိသည်။

ရေနစ်သေဆုံးသွားသူများမှာ လေးခွဆုံရွာဟောင်းမှ ဒေါ်မအေးညွန့်၏ အမြွှာသားသမီးများဖြစ်သည့် မဘုမေနှင့် မောင်ထက်ကျော်လင်းတို့ဖြစ်ပြီး နှစ်ဦးစလုံးမှာ လေးခွဆုံကျေးရွာမူလတန်းကျောင်းတွင် ပထမတန်းကိုသင်ယူနေသူများဖြစ်ကြောင်း သိရသည်။

သူတို့သည် ဩဂုတ်လ ၁၃ ရက်တွင် ကျောင်းဆင်းချိန်၌ မိဘနှစ်ဦးကဏန်းထောင်ရန်သွားနေချိန် နေအိမ်မှထွက်ခွာသွားပြီး ပျောက်ဆုံးနေခဲ့သည်ဟု ကျေးရွာသူတစ်ဦးက ပြောသည်။

"ကျောင်းဆင်းတဲ့အချိန် မိဘတွေက အိမ်မှာမရှိဘူး။ မိဘတွေက တစ်နေ့လုပ်တစ်နေ့စားတွေဆိုတော့ ကဏန်းပုံးထောင်ဖို့သွားနေရတယ်။ အဲဒါမိဘတွေမရှိတုန်း ချောင်းကိုရေဆင်းကစားကြတာ ထင်ပါတယ်။ အခါတိုင်း ရွာသားတွေမြင်ရင် ပြောဆိုခြောက်လှန့်ပြီးတော့ အိမ်ကိုပြန်လွှတ်တယ်။ အဲဒီနေ့မှာကျတော့ ဘယ်သူမှ မမြင်လိုက်ကြဘူး" ဟု ပြောသည်။

သူတို့၏အလောင်းများကို  ဩဂုတ်လ ၁၄ ရက်နှင့် ဩဂုတ်လ ၁၅ ရက်တို့တွင် ကျေးရွာအနီးချောင်းဝ၌ တွေ့ရှိခဲ့ပြီး အလောင်းတွေ့သည့်နေ့များတွင် သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်သည် မြစ်ချောင်းအင်းအိုင်များပေါများရာဒေသဖြစ်သည့်အလျောက် မိုးတွင်းကာလတွင်
ရေနစ်မြုပ်မှုကြောင့် ကလေးသူငယ်များ မကြာခဏသေဆုံးမှုများဖြစ်လေ့ရှိသည်ဟု ဒေသခံများက ပြောသည်။။

ယင်းကြောင့် မိဘအုပ်ထိန်းသူများအနေဖြင့် ကလေးငယ်များကို မြစ်ချောင်းအင်းအိုင်များအနီး မသွားရောက်နိုင်ဖို့ အထူးဂရုပြုရန်လိုအပ်ကြောင်း ဒေသခံတချို့က ပြောဆိုကြသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂ ရက်၊ ညနေ ၅ နာရီကျော်ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးကျေးရွာမှ ဦးဝင်းမောင်(၃၇)နှစ်သည် ရွာအနီးရှိ တာတမံတွင် ငါးရှာသွားရမှ ရေနစ်သေဆုံးသွားခဲ့သည်။

ရခိုင်တွင် ပြီးခဲ့သည့်ဇူလိုင်လအတွင်းကလည်း အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၃ ဦး ရေနစ်သေဆုံးသွားခဲ့သည်။

 

Photo - Ko Maung BU

ဆက်စပ် သတင်းများ