- Web Master
- ၂၂ အောက်တိုဘာ ၂၀၂၄
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်
မြောက်ပိုင်းတွင် ပြီးခဲ့ရက်ပိုင်းက အာဆာ(ARSA) က ဖမ်းဆီးသွားသည့်
မွတ်ဆလင် စီးပွားရေးသမားနှစ်ဦးနှင့်ပတ်သက်ပြီး
သတင်းအစအနမရ၍ သူတို့၏အသက်အန္တရာယ်ကို
မိသားစုဝင်များ အထူးစိုးရိမ်နေကြသည်ဟု သိရသည်။
ဖမ်းဆီးခံရသူနှစ်ဦးမှာ မောင်တောမြို့နယ်မြောက်ပိုင်း၊
စံပယ်ကုန်းကျေးရွာမှ ဦးဆာလာမန်ခန်း(ခေါ်) ဦးလှဝင်း
(၃၂)နှစ်နှင့် ဦးအာရာဖတ်(၃၄)နှစ်တို့ဖြစ်သည်။
သူတို့နှစ်ဦးသည် သြဂုတ်လ
၁၂ ရက်၊ ညနေ ၆ နာရီခန့်တွင် စံပယ်ကုန်းကျေးရွာမှ ကြိမ်ချောင်း ကျေးရွာသို့
အိမ်စီးကားတစ်စီးဖြင့်သွားစဉ် လောင်းဒုံနှင့် ကြိမ်ချောင်းကျေးရွာကြား
လမ်းဘေး၌ (ARSA)လက်နက်ကိုင်အဖွဲ့မှ
အဖွဲ့ဝင် ၂ဝ ကျော်က လက်နက်များဖြင့် စောင့်ဆိုင်းကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်
ဖမ်းဆီးသွားသည့်နေ့မှ ယနေ့
သြဂုတ်လ ၁၇ ရက်အထိ ၅ ရက်ကြာမြင့်လာသည့်တိုင် သူတို့နှစ်ဦးနှင့်ပတ်သက်ပြီး
မည်သည့်အဆက်အသွယ်၊ သတင်းအစအနမျှမရ၍ မိသားစုများ အလွန်တရာစိုးရိမ်နေသည်ဟု
ဖမ်းဆီးခံရသူ ဦးလှဝင်း၏သူငယ်ချင်းတစ်ဦးက
နိရဥ္စရာကို ပြောသည်။
“အခုထိ သူတို့နဲ့ အဆက်အသွယ်လည်း
မရသေးဘူး။ သတ်ပစ်လိုက်ပြီလား၊ ဘယ်လိုလုပ်လိုက်ပြီလဲဆ ိုတာလည်း လုံးဝ သတင်းမရသေးဘူး။
လွှတ်လည်း မလွှတ်ပေးသေးဘူး။ အသက်အန္တရာယ်တွေကို စိုးရိမ်နေကြပါတယ်။
ကျနော်တို့ပါ၊ မိသားစုပါ ဝမ်းနည်းနေကြပါတယ်”ဟု ပြောသည်။
ဖမ်းဆီးခံခဲ့ရသည့်
ဦးလှဝင်းသည် ငါးပုစွန်လုပ်ကိုင်သူဖြစ်ပြီး ဦးအာရာဖတ်မှာ ဦးလှဝင်းနှင့်အတူ
အလုပ်လုပ်နေသူဖြစ်သည်ဟု ဆိုသည်။
ယင်းနေ့က
သူတို့စီးလာသည့်ကားကိုလည်း ARSA အဖွဲ့က
မီးရှို့သွားခဲ့ကြောင်း မျက်မြင်များက ပြောသည်။
ယင်းသို့ ကားကိုမီးရှို့ပြီးသည်နှင့်
သူတို့နှစ်ဦးကိုဖမ်းဆီးကာ ကားလမ်း၏အရှေ့ဘက်ခြမ်းရှိ
တောင်ကြောဘက်သို့ ထွက်ခွာသွားခဲ့ကြသည်ဟု သိရသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မောင်တောမြို့နယ် ရဲတပ်ဖွဲ့သို့
ဆက်သွယ်သော်လည်း အဆက်အသွယ် မရရှိခဲ့ပါ။
ဓာတ်ပုံ - မီးရှို့ခံလိုက်ရသည့် ဦးလှဝင်း၏ကားအား
တွေ့ရစဉ်။ Photo - လူမှုကွန်ရက်