စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ထပ်ဖြစ်နေ


  • ရေးသူ: Web Master (NN 16)
  • | ရက်စွဲ: ၁၈ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 588

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ထပ်မံဖြစ်ပွားနေသည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

ယနေ့ သြဂုတ်လ ၁၈ ရက်၊ နံနက် ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေသည်ဟု မိုး/ဇလက ယနေ့နံနက် ၇ နာရီတွင် ထုတ်ပြန်သည်။

“အဆိုပါ လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက်(၄၈)နာရီအတွင်း အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းနှင့် ချက်တစ်ဂတ် ပြည်နယ်မြောက်ပိုင်းတို့ကို ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရပါသည်”ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အဆိုပါလေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေသည်ဟု မိုး/ဇလက ဆိုသည်။

 

နောက် နှစ်ရက်အထိ မုတ်သုံလေ အားအသင့်အတင့်ရှိမည်ဟု ထုတ်ပြန်ထားသည်။

 

ယနေ့ ညနေအထိ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် နေရာကွက်၍ မိုးကြီးနိုင်သည်ဟု သိရသည်။

 

ကယားပြည်နယ်တို့တွင် နေရာကွက်ကျား၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည် နယ်(မြောက်ပိုင်း)နှင့် ကရင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့ အပြား မိုးထစ်ချုန်းရွာနိုင်သည်ဟု သိရသည်။

 

မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင် လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်။

 

မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ်နိုင်သည်ဟု ဆိုထားသည်။

 

ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ပြီး လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင် လယ်ပြင်တို့တွင် (၈)ပေမှ (၁၀)ပေခန့်နှင့် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၆)ပေမှ (၈) ပေခန့် ရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

ပြီးခဲ့သည့် ဇူလိုင်လနောက်ဆုံးပတ်ကလည်း ဘင်္ဂလားပင်လယ် အော်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်ခဲ့ပြီး မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိခဲ့သည်။ 

 

ဓာတ်ပုံ - မိုး/ဇလ

ဆက်စပ် သတင်းများ