ဗုဒ္ဓဟူး၊ မေလ ၈ရက်၊ ၂၀၂၄

ငါးသံ(ခ)ကျောက်ပူတင်းငါး ရခိုင်တွင် စျေးကွက်မရှိသော်လည်း တရုတ်က စျေးကောင်းပေးဝယ်နေ၍ ဖမ်းဆီးမှုတွင်ကျယ်လာ


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၁၈ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 569

ကျောက်ပူတင်းငါး (Flatfish Sole) (ဒေသအခေါ် ငါးသံ)သည် ရခိုင်ဒေသတွင် စျေးကွက်မရှိသော်လည်း တရုတ်နိုင်ငံသို့တင်ပို့ရန် စျေးကောင်းပေး ဝယ်ယူနေကြသည့်အတွက် ရခိုင်၌ ဖမ်းဆီးရှာဖွေမှုများ တွင်ကျယ်လာနေသည်ဟု သိရသည်။

ပြည်တွင်းစားသုံးသူစျေးကွက်မရှိသော်လည်း တရုတ်စားသုံးသူစျေးကွက်၌ တွင်တွင်ကျယ်ကျယ်ရှိသည့် အတွက် ငါးတင်ပို့ရေးလုပ်ငန်းရှင်များက စျေးကောင်းပေး ဝယ်ယူကြကြောင်း ဂွမြို့မှ ကျောက်ပူတင်းငါးအဝယ်ဒိုင်လုပ်ငန်းရှင် ဦးဖေပုက နိရဥ္စရာသို့ပြောသည်။

"ပုံမှန်အားဖြင့်ဆိုရင် စက်တင်ဘာလဆန်းပိုင်းကနေ နှစ်ကုန်တဲ့အထိဖမ်းကြတယ်။ အဲဒီအချိန်တွေမှာ ငါးက တက်တယ်။ ဒါပေမယ့် အရင်နှစ်ကရာသီမှာ ငါးဖမ်းစက်လှေတစ်စင်းကို သိန်းထောင်နဲ့ချီရသွားကြတော့ ဒီနှစ်မှာ လုပ်ငန်း ၄၀ ရာခိုင်နှုန်းလောက်က အခုဩဂုတ်လထဲကပဲ ဖမ်းနေကြပြီပေါ့လေ" ဟု ပြောသည်။

အဆိုပါကျောက်ပူတင်းငါးကို ပြီးခဲ့သည့်နှစ်တွင် အဝယ်ဒိုင်များက တစ်ပိဿာလျှင် ကျပ် ၁၀၀၀၀ မှ ၁၃၀၀၀ ကျပ်အထိ စျေးပေးဝယ်ယူပြီး ရန်ကုန်စျေးကွက်သို့ပို့ကာ ယင်းမှတဆင့် တရုတ်စျေးကွက်သို့ တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။


အဆိုပါငါးကို ရခိုင်တွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ခန့်မှစတင်ကာ တရုတ်နှင့် ထိုင်းထုတ် ကော်ချောင်းပိုက်များသုံး၍ တွင်တွင်ကျယ်ကျယ်ဖမ်းဆီးလာခြင်းဖြစ်ပြီး သံတွဲ၊ ကျိန္တလီ၊ ဂွကမ်းခြေတစ်လျှောက်ရှိ ကမ်းနီးငါးဖမ်းစက်လှေများ၏ ၈၀ ရာခိုင်နှုန်းမှာ ကျောက်ပူးတင်း ငါးဖမ်းလုပ်ငန်းကို လုပ်ကိုင်ကြောင်း ဦးဖေပုက ပြောသည်။

"လွန်ခဲ့တဲ့ လေးနှစ်လောက်ကပဲ ဒီလုပ်ငန်းကို လုပ်လာကြတာပေါ့။ ဟိုးအရင်ကဆိုတော့ ခေတ်မီငါးဖမ်းကိရိယာတွေလည်း မရှိ၊ ငါးတွေရဲ့တည်နေရာကိုလည်း မသိကြတော့ အများအစားမဖမ်းနိုင်ခဲ့ကြဘူး" ဟု ပြောသည်။

တရုတ်နှင့် ယိုးဒယား (ထိုင်း)ထုတ် ကော်ချောင်းပိုက်များကို ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှ ပိုက်ထိုးလုပ်ငန်းများထံ သုံးထပ်ပိုက်ပုံစံပြန်ဆင်ပြီး ကမ်းခြေနှင့် ရေမိုင် ၂၀ ဝန်းကျင်ခန့်ရှိသည့် ကျွန်းနှင့်၊ သန္တာကျောက်တန်းများတစ်ဝိုက်တွင် ပိုက်ချသွယ်တန်းဖမ်းဆီးကြခြင်းဖြစ်သည်။

ငါးဖမ်းစက်လှေတစ်စင်းတွင် ရေလုပ်သားအနည်းဆုံး ၆ ဦးရှိပြီး အရှည်ပေ ၁၄၀ ခန့်ရှိသည့် ငါးဖမ်းပိုက် အလက် ၃၀ မှ ၈၀ ခန့်အထိ အသုံးပြုကြောင်း သိရသည်။

ငါးဖမ်းစက်လှေမှ  ရေလုပ်သားများမှာလည်း စက်လှေပိုင်ရှင်အတွက်သတ်မှတ်ထားသည့် ဝေစုခွဲထုတ်ကာ ကျန်သည့်ဝေစုကို အချိုးကျရရှိကြသဖြင့် ငါးများများရရှိလေ ဝင်ငွေပိုကောင်းလေ ဖြစ်ကြောင်း ဂွမြို့နယ်၊ ရဟိုင်ကူးတို့ကျေးရွာမှ ဒေသခံရေလုပ်သားတစ်ဦးက ပြောသည်။

"သာမန်အားဖြင့် ရရှိတဲ့ငါးကို သုံးပုံပုံပြီး နှစ်ပုံကို စက်လှေပိုင်ရှင်အတွက်ခွဲပြီး ကျန်တစ်ပုံကို လုပ်သားတွေက ခွဲယူရလေ့ရှိတယ်။ ငါးအများရရင် ပိုင်ရှင်အတွက်လည်းကောင်းပြီး လုပ်သားတွေအတွက်လည်း အဆင်ပြေတာပေါ့။ မနှစ်ကဆိုရင် စက်လှေတစ်စင်းကို သိန်းထောင်နဲ့ချီရလိုက်ကြတယ်" ဟု ပြောသည်။

၄င်းတို့၏ ရဟိုင်ကူးတို့ကျေးရွာတွင်လည်း ကမ်းနီးငါးဖမ်းစက်လှေ အစင်း ၃၀ ခန့်ရှိရာ အစင်း ၁၀ ခန့်မှာ ကျောက်ပူတင်း ငါးဖမ်းလုပ်ငန်း စတင်လုပ်ကိုင်နေကြပြီဟု သူက ပြောသည်။

ကျောက်ပူတင်းငါးမှာ သန္တာကျောက်တန်းများအနီး နေထိုင်သည့် ငါးတစ်မျိုးဖြစ်ပြီး ပုံမှန်အားဖြင့် စက်တင်ဘာလဆန်းပိုင်းမှ ဒီဇင်ဘာလအထိ ဖမ်းဆီးနိုင်ကြောင်း သိရသည်။

ကျောက်ပူတင်ငါးကို ရခိုင်ဒေသအခေါ် ငါးသံဟုခေါ်ရခြင်းမှာ အဆိုပါငါး၏အရေခွံမှာ ဓားနှင့်ခုတ်၍မပေါက်အောင် အလွန်မာကျောသောကြောင့်ဟု ဒေသခံရေလုပ်သားများက ပြောသည်။

လက်ရှိတွင် မိုးနှောင်းပိုင်းရောက်ရှိလာပြီး စျေးကောင်းရသည့်ကျောက်ပူတင်းငါးဖမ်းရာသီလည်း ရောက်ရှိလာပြီဖြစ်၍ အဆင်ပြေပြေဖမ်းနိုင်ရေးနှင့် စီးပွားရေး၊ စားဝတ်နေရေးများ ပိုမိုချောင်လည်လာရန် ရခိုင်ကမ်းနီးငါးဖမ်းလုပ်ငန်းရှင်များနှင့် ရေလုပ်သားများက လိုလားနေကြခြင်းဖြစ်သည်။ 

ဆက်စပ် သတင်းများ