Preview

အမ်း-တပ်တောင်လမ်းမကြီးရှိ ရွာ ၈ ရွာမှ နေအိမ်များ လမ်းဧရိယာကျူးကျော်ပါက ဥပဒေအရအရေးယူမည်ဟု ထပ်မံသတိပေး

သြဂုတ် ၁၈/ ၂၀၂၃ | ကြည့်ရှုသူ :680
ရခိုင် သတင်း

ရခိုင်ပြည်နယ်၊အမ်းမြို့နယ်ရှိ အမ်း-တပ်တောင်ကားလမ်းမကြီးနေရာအချို့ရှိနေအိမ်များ သတ်မှတ်ထားသော လမ်းဧရိယာ ပေ(၁၅၀) ကို ကျုးကျော်ပါက လမ်းမကြီးများ ဥပဒေအရ အရေးယူမည်ဟု လမ်းဦးစီးဌာနက သတိပေးဆိုင်းဘုတ်များထပ်မံစိုက်ထူလိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါလမ်း၏နေရာတချို့တွင် ပြီးခဲ့သည့်ရက်ပိုင်းမှစတင်ကာယခုကဲ့သို့ သတိပေးဆိုင်းဘုတ်များကို စိုက်ထူခဲ့ခြင်းဖြစ်သည်ဟုတပ်တောင်မြို့ဒေသခံတစ်ဦးက ပြောသည်။

"လမ်းရဲ့တချို့နေရာတွေမှာတော့သတိပေးဆိုင်းဘုတ်စိုက်ထူလာတာရှိပါတယ်။ လမ်းဧရိယာကို မကျော်ဖို့၊ ကျော်ရင်အရေးယူမယ်ဆိုတာတွေပေါ့" ဟု ပြောသည်။

လက်ရှိတွင်သတိပေးဆိုင်းဘုတ်များကို တပ်တောင်မြို့ အမှတ်(၂) ရပ်ကွက်အပါအဝင်နေရာတချို့တွင်စိုက်ထူထားခြင်းဖြစ်ကြောင်း သူက ပြောသည်။

အမ်း- တပ်တောင်ကားလမ်းတလျှောက်တွင်ကျေးရွာပေါင်းအနည်းဆုံး ၈ ရွာခန့်ရှိပြီး ယင်းရွာတို့မှာ င,ရုပ်တောင်၊စိန်ပိုက်၊ မွန်လှ၊ နွန်ကျော်၊ တိုက်မော်၊ စခန်းမော်၊ဂါယ်လောင်း၊ လုံးရွာများဖြစ်ကြောင်းသိရသည်။

အဆိုပါကျေးရွာများမှ နေအိမ်များကိုလမ်းဧရိယာ တစ်ဘက် ၇၅ ပေ၊ နှစ်ဘက်ပေါင်း၁၅၀ ပေမှ  လွတ်အောင်ဖယ်ရှားပေးရန် အမ်းမြို့နယ်လမ်းဦးစီးဌာနဦးစီးအရာရှိ(မြို့ပြ) သက်ဖြိုးအောင်က ပြီးခဲ့သည့် ဇူလိုင်လအစောပိုင်းမှစတင်ကာစာထုတ်ညွှန်ကြားထားခဲ့သည်။



ယင်းနောက် ယခုတဖန်သတိပေးဆိုင်းဘိုးများ ထပ်မံစိုက်ထူလာခြင်းလည်းဖြစ်သည်

လမ်းဦးစီးဌာန၏ ညွှန်ကြားချက်အရဆိုလျှင်အဆိုပါကျေးရွာများတွင်ရှိသည့် လမ်းဘေးတစ်ဘက်တစ်ချက်မှနေအိမ်များအားလုံးကို ဖယ်ရှားပေးရမည့်အခြေအနေဖြစ်နေပြီးအမ်းမြို့၊ ရပ်ကွက်သုံးခုရှိ အဆောက်အဦများကိုလည်း ဖယ်ရှားပေးရမည်ဖြစ်ကြောင်းဒေသခံများက ပြောသည်။

ထိုသို့ဖယ်ရှားပေးရပါက နေအိမ်မြေနေရာများဆုံးရှုံးပြီး မိသားစုပေါင်းများစွာအိုးမဲ့အိမ်မဲ့ဘ၀ရောက်သွားနိုင်သဖြင့် နေအိမ်ပိုင်ရှင်များမှာ မဖယ်ရှားပေးဘဲနေနေကြ၇သည်ဟု ပြောဆိုကြသည်။

သံတွဲမြို့နှင့် ဂွမြို့ကြားကားလမ်းတစ်လျှောက်တွင် တည်ဆောက်ထားသည့် လမ်းနယ်နိမိတ်နှင့် မလွတ်ကင်းသော ဆိုင်ခန်း၊အဆောက်အဦများအားလုံးကိုလည်း ဇူလိုင် ၁၀ ရက်နောက်ဆုံးထားကာဖယ်ရှားပေးရန် ဇွန်လ ၂၇ ရက်က ဂွမြို့နယ် လမ်းဦးစီးဌာနမှညွှန်ကြားခဲ့သေးသည်။

စစ်ကောင်စီလက်ထက်ရခိုင်ပြည်တွင် ယခုကဲ့သို့လမ်းဧရိယာတိုးချဲ့သတ်မှတ်နေသည့်အတွက်မြို့နယ်တချို့တွင် နေအိမ်ပေါင်းထောင်ချီဖယ်ရှားပေးရနိုင်ပြီး လူအမြောက်အများအိုးမဲ့အိမ်မဲ့အခြေအနေရောက်ရှိလာနိုင်ကြောင်း နေအိမ်ပိုင်ရှင်များက ပြောသည်။ 

Photo - facebook

 

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.