အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

တော်လှန်ရေးသမားများကို စော်ကားနေသူများ စာနာနားလည်တတ်စေရန် ဒေါက်တာညိုထွန်းအောင် သတိပေးရေးသား


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၁၉ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 2.2k

တော်လှန်ရေးသမားများကို စော်ကားနေသူများအတွက် စာနာနားလည်တတ်စေရန်ဟုဆိုကာ ရက္ခိုင့်တပ်တော်(AA)ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က တော်လှန်ရေးအကြောင်းနှင့်ပတ်သက်သည့် စာတစ်ပုဒ်ကို ရေးသား ပြောဆိုလိုက်သည်။

ဒေါက်တာညိုထွန်းအောင်၏လူမှုကွန်ရက်စာမျက်နှာဖြစ်သော သူပုန်ဖြူစာမျက်နှာတွင် ယနေ့ဩဂုတ်လ ၁၉ ရက်၌ ရေးသားမျှဝေထားသည့် နွေဦးတော်လှန်ရေးမှတ်စုများ(၄) ထဲတွင် ယင်းသို့သတိပေးရေးသားထားခြင်းဖြစ်သည်။

၄င်းက "တော်လှန်ရေးအောင်ပွဲနှင့်အရသာဆိုသည်မှာ နောက်မှရ လာမည့် အသီးအပွင့်သာဖြစ်သည်။ လောလောဆယ်တွင် တော်လှန်ရေး Side Effects နှင့် ရန်သူ၏ တန်ပြန်တော်လှန်ရေးကိုအလူးအလဲခံနေရသည်မှာ သူတို့သာလျှင်အရင်ဆုံးဖြစ်သည်။ မသကာလျှင်,, တော်လှန်ရေးသမားများ၏ အသက်၊ ခန္ဓာ၊ ဘဝတို့သာမက သူနှင့် ပတ်သက်နေသူများ၏ အသက်၊ ခန္ဓာ၊ ဘဝတို့သည် အချိန်မရွေး ပေးဆပ်စွန့်လွှတ်သွားရလေ့ရှိသည်ကို ဤနိုင်ငံ၏ နေရာအများစု၌မျက်ဝါးထင်ထင်တွေ့မြင်ကြရပြီးဖြစ်သည်" ဟု ရေးသားပြောဆိုထားခြင်းဖြစ်သည်။

မည်သည့်တော်လှန်ရေးတွင်မဆို တော်လှန်ရေးထဲ၌ကိုယ်တိုင်ကိုယ်ကျ အချိန်ပြည့်ဇောက်ချ စိတ်ပါကိုယ်နှစ် ဘဝတစ်ခုလုံးကိုရင်းနှီးမြှုပ်နှံပြီး တော်လှန်ရေးထဲတွင် ထဲထဲဝင်ဝင်ပါဝင်နေကြသည့် တော်လှန်ပုန်ကန်နေကြသောသူများသည် အခြားသူများထက် ပိုပြီးပေးဆပ်ရလေ့ရှိသည်ဟု အဆိုပါမှတ်စုထဲတွင် ရေးသားထားသည်။

ယင်းအပြင် တော်လှန်သူကာယကံရှင်များနှင့်ဆက်စပ်နေကြသော မိသားစု၊ ဆွေမျိုး၊ ချစ်သူရည်းစား၊ ဇနီးသားသမီးများသည် တော်လှန်ရေးက အလိုအလျောက်ပေးအပ်ချီးမြှင့်လာသည့် ဆွေးဒဏ်၊ ဆိုးကျိုး၊ ဆိုးမှုမှန်သမျှကို အခြားသူများထက် အဦးဆုံးရှေ့ဆုံးတန်းမှနေ၍ ပို၍ခံစားကြရသည်ဟု ဆိုသည်။

နောက်ထပ်လည်း အချိန်မရွေး မည်သူမဆို ဈေးဦးပေါက်သွားနိုင်သည့် အရိပ်အယောင် လက္ခဏာများကိုနေရာတိုင်းတွင်တွေ့မြင်နေရဆဲဖြစ်ပြီး တော်လှန်ရေး မပြီးမချင်း ကြားမြင်နေရ၊ တွေ့မြင်နေရအုံးမည်သာဖြစ်သည်ဟု ဆိုသည်။

“တော်လှန်ရေးကို မှန်ကန်သောစိတ်နှင့်အနစ်နာခံပြီးလုပ်နေကြသော တော်လှန်ရေးသမားများကို အားမလို၊ အားမရခြင်းများစွာနှင့်အတူ အားမနာ၊ လျှာမကျိုး၊ ဆဲဆိုစော်ကားနေကြသူများအားလုံး၊ တော်လှန်ရေးကို ရိပ်စောင်းပုတ်ခတ် ငါတော်၊ ငါတတ်၊ ငါသိ သီအိုရီသမားတချို့အတွက် စာနာနားလည်တတ်စေရန် ရည်ရွယ်၍ ဤစာကိုရေးပါသည်”ဟု ပြောဆိုထားသည်။


ဆက်စပ် သတင်းများ