အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

မြန်မာနိုင်ငံ၏ အနောက်တံခါး မောင်တောဒေသတွင် ARSA များ ပြန်လည်ခြေကုပ်လာ၍ ဒေသလုံခြုံရေး စိုးရိမ်စရာဖြစ်လာနေဟုဆို


  • ရေးသူ: Web Master (NN 16)
  • | ရက်စွဲ: ၁၉ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 1.3k

မြန်မာနိုင်ငံ၏ အနောက်တံခါးဖြစ်သော မောင်တောဒေသတွင် အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်(ARSA)ဟုခေါ်သည့် လက်နက်ကိုင်အဖွဲ့သည် ပြန်လည်ခြေကုပ်လာနေ၍ ဒေသလုံခြုံရေး အထူးစိုးရိမ်စရာဖြစ်လာနေသည်ဟု ဒေသခံများက ပြောသည်။

ARSA အဖွဲ့သည် ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ ဘူးသီးတောင်နှင့် မောင်တောဒေသတို့တွင် ရက္ခိုင့်တပ်တော်(AA)နှင့်ထိတွေ့တိုက်ပွဲများဖြစ်ပွားခြင်း၊ ဒေသနေမွတ်ဆလင်များထံမှ ငွေညှစ်တောင်းခံနေခြင်းနှင့် မွတ်ဆလင်စီးပွားရေးလုပ်ငန်းရှင်အချို့ကို ဖမ်းဆီးခေါ်ဆောင်ခြင်းများရှိလာနေ၍ ဒေသ၏လုံခြုံရေး အထူးစိုးရိမ်စရာဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။

မောင်တောမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးက “ဒေသအတွက်တော့ စိုးရိမ်ရတယ်ပေါ့။ ဒေသအတွက် သူတို့ ဘယ်လိုပုံစံမျိုး ပုံဖော်လာမယ်မှန်း မသိသေးဘူးလေ။ ဒေသခံပြည်သူတွေကတော့၊ အထူးသဖြင့် နယ်မှာရှိကြတဲ့ဒေသခံပြည်သူတွေကတော့ စိုးရိမ်ရတဲ့အခြေအနေတော့ရှိတယ်လို့တော့ သိရပါတယ်”ဟု ပြောသည်။



ပြီးခဲ့သည့် သြဂုတ်လ ၁၂ ရက်၊ ညနေ ၆ နာရီခန့်ကလည်း မောင်တောမြို့နယ်မြောက်ပိုင်း၊ စံပယ်ကုန်းကျေးရွာမှ ငါးပုစွန်လုပ်ငန်းပိုင်ရှင် ဦးဆာလာမန်ခန်း(ခေါ်)ဦးလှဝင်း (၃၂)နှစ်နှင့် ဦးအာရာဖတ်(၃၄)နှစ်တို့နှစ်ဦးကို လောင်းဒုံနှင့် ကြိမ်ချောင်းကျေးရွာသွား ကားလမ်းပေါ်တွင် ARSA အဖွဲ့ဝင် ၂ဝ ကျော်က လူမြင်ကွင်း၌ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ဦးလှဝင်းတို့စီးလာသည့်အိမ်စီးကားကိုလည်း ARSA က မီးရှို့ဖျက်ဆီးသွားခဲ့ပြီး ကားလမ်း၏အရှေ့ဘက်ခြမ်းရှိ တောင်ကြောဘက်သို့ ထွက်ခွာသွားခဲ့ကြသည်ဟု သိရသည်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားခဲ့သည့်နေရာ၏ အရှေ့ဘက်တွင် စစ်ကောင်စီတပ်စခန်းတစ်ခုနှင့် နယ်ခြားစောင့်တပ်စခန်းတစ်ခုတို့ရှိပြီး တောင်ဘက်တွင် လောင်းဒုံကင်းစခန်းနှင့် မြောက်ဘက်တွင်လည်း ကင်းစခန်းတစ်ခုရှိသေးသည်ဟု ဒေသခံများက ပြောသည်။

ယင်းနေ့က ARSA အဖွဲ့၏လှုပ်ရှားမှုများကို အဆိုပါစခန်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက မြင်နိုင်ခဲ့သော်လည်း တစ်စုံတရာတုံ့ပြန်မှုမရှိဘဲ လက်ပိုက်ကြည့်နေခဲ့မှုမှာ ARSA ကို စစ်ကောင်စီက မွေးစားထားသလိုဖြစ်နေသည်ဟု ဒေသခံများက ဝေဖန်ပြောဆိုကြသည်။

မောင်တောမြို့နယ်မှ မွတ်ဆလင်အမျိုးသားတစ်ဦးက “ဒီလို စခန်းအများနားမှာ လူတွေကို ဖမ်းပြီးတော့ ယူသွားလို့၊ ခေါ်သွားလို့ရတာက လုံခြုံရေး အရမ်းစိုးရိမ်စရာပဲ။ ကျနော်တို့ဒေသခံတွေ သုံးသပ်နေတာက ARSA အဖွဲ့ကို မြန်မာစစ်တပ်က မွေးစားနေသလိုမျိုးဖြစ်သွားပြီ။ အဲလိုမျိုး မြင်ပါတယ်”ဟု ပြောသည်။

ARSA က ဖမ်းဆီးသွားသူနှစ်ဦးနှင့်ပတ်သက်ပြီး ယနေ့ သြဂုတ်လ ၁၉ ရက်အထိ တစ်စုံတရာသတင်းအစအနမရ၍ အသက်အန္တရာယ်ကို စိုးရိမ်နေရသလို မောင်တောဒေသတွင် လုံခြုံမှု လုံးဝမရှိဖြစ်နေသည်ဟုလည်း ဒေသခံများက ပြောသည်။

အထက်ပါ မွတ်ဆလင်အမျိုးသားက “လုံခြုံရေးက လုံးဝ သူတို့လုံခြုံရေး၊ လုံခြုံမှုမရှိဘူးပေါ့ဒီနေရာမှာ။ မောင်တော၊ ဘူးသီးတောင်မှာပြောမယ်ဆိုရင်”ဟု ပြောသည်။



ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်ညနေပိုင်းနှင့် ၁၉ ရက်၊ နံနက်ပိုင်းတို့ကလည်း ဘူးသီးတောင်မြို့နယ်၊ အာကာပျံနှင့် ကျောက်စာတိုင်ရွာကြားရှိ မယူတောင်ထဲ၌ ARSA အဖွဲ့နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

မယူတောင်အတွင်း ARSA က ခြေကုပ်ယူရန်ကြိုးစားသည်ကို အနီးအနားကျေးရွာများမှ မွတ်ဆလင်များက အနီးရှိ စစ်ကောင်စီတပ်စခန်းများသို့ တိုင်ကြားကြသော်လည်း တစ်ခုမျှ ဆောင်ရွက်ပေးခြင်းမရှိ၍ AA ထံ တိုင်ကြားရာမှ AA က သွားရောက်နယ်မြေရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယင်းနေ့ကတိုက်ပွဲအတွင်း ARSA ဘက်မှ ၁ဝ ဦးထက်မနည်းကျဆုံးပြီး တစ်ဦးအရှင်ဖမ်းမိခဲ့သလို AA ဘက်က ၂ ဦး အသေးစားထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုကြားသိရကြောင်းလည်း AA နှင့် နီးစပ်သူများထံမှ သိရသည်။

ယင်းသို့ဖြစ်ပွားအပြီး တိုက်ပွဲဖြစ်ပွားရာနေရာအနီးတဝိုက်ဖြစ်သော သပိတ်တောင်၊ ကင်းချောင်း၊ စိမ့်ညှင်းပြား၊ နပျိုးချောင်းနှင့် ဖရုံချောင်းစသည့်ရွာများအနီးတွင် ဇူလိုင် ၂၁ ရက်မှစတင်ကာ စစ်ကောင်စီက အင်အားရာနှင့်ချီ တပ်ဖြည့်ထားသည်ဟု သိရသည်။

ဒေသခံများ၏အဆိုအရ ARSA အဖွဲ့သည် သူတို့ကို မထောက်ခံသူများကို ဖမ်းဆီးခေါ်ဆောင်နှိပ်စက်ခြင်းများ၊ ပြန်ပေးဆွဲခြင်းများနှင့် ငွေညှစ်တောင်းခံခြင်းများကို ယခုနောက်ပိုင်း ခပ်စိပ်စိပ်ပြုလုပ်နေသည်ဟု သိရသည်။

အဆိုပါလုပ်ရပ်များ ထပ်မံမဖြစ်ပေါ်စေရန်နှင့် ဒေသခံပြည်သူများ အေးချမ်းတည်ငြိမ်စွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရန်အတွက် ARSA များဝင်ရောက်လာမှုမရှိနိုင်စေရန် စစ်ကောင်စီအနေဖြင့် အလေးထားဆောင်ရွက်ပေးရန်လိုသည်ဟုလည်း မောင်တောမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးက ထောက်ပြသည်။

“သူတို့(အစိုးရ)က သိမှ၊ ကြားမှ အဲလိုပုံစံမျိုးမဟုတ်ဘဲ ကြိုတင်စီစဉ်ထားမှုတွေ၊ ကြိုတင်လုပ်ထားမှုတွေရှိနေဖို့လိုအပ်တယ်လေ။ ဒါမှ ဟိုဘက်ကဝင်လာတယ်ဆိုရင်လည်း ဥပဒေစိုးမိုးမှုတွေမရှိခဲ့ဘူး။ ငွေကြေးတောင်းစားမှုတွေရှိတယ်ဆိုရင်လည်း ဘယ်သူမှန်းမသိဘူးဝင်လာတယ်ဆိုရင်တော့ အဲလိုမျိုးလေးတွေပေါ့။ အဲဒါတွေကိုတော့ တင်းကျပ်ထားဖို့လိုတယ်လို့ ထင်မိတယ်”ဟု ပြောသည်။

ARSA သည် ၂ဝ၁၆ ခုနှစ်နှင့် ၂ဝ၁၇ ခုနှစ်တို့က မောင်တောမြို့နယ်ရှိ နယ်ခြားစောင့် ရဲစခန်းများနှင့် တပ်စခန်းအများအပြားကို ဝင်ရောက်တိုက်ခိုက်မှုကြောင့် မြန်မာစစ်တပ်ဘက်က အထိအခိုက်အကျအဆုံးများရှိခဲ့၍ စစ်တပ်က အကြီးအကျယ် နယ်မြေရှင်းလင်းခဲ့ရသည်။

ယင်းသို့ နယ်မြေရှင်းလင်းခဲ့မှုကြောင့် မောင်တောဒေသမှ မွတ်ဆလင် ၇ သိန်းကျော်သည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ တရားဝင် ပြန်လည်ဝင်ရောက်လာနိုင်ခြင်းမရှိသေးသည်ဟု သိရသည်။

ယင်းနောက်ပိုင်း ARSA သည် ၂ဝ၂၁ ခုနှစ်နှင့် ၂ဝ၂၂ ခုနှစ်တို့တွင်လည်း မောင်တောမြို့နယ်ရှိ နေရာအချို့တွင် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် ထိတိုက်တိုက်ပွဲအချို့ ဖြစ်ပွားမှုများရှိခဲ့သည်။

ARSA အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်အတွင်းနှင့် ရခိုင်ပြည်နယ်အတွင်း မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များတွင် စိမ့်ဝင်လှုပ်ရှားနေသည့်အဖွဲ့တစ်ခုဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များကလည်း ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများတွင် စိမ့်ဝင်လှုပ်ရှားနေသည့် ARSA အဖွဲ့များကို ယခုနောက်ပိုင်း ဖော်ထုတ်ဖမ်းဆီးခြင်းများပြုလုပ်လာနေ၍ ARSA အဖွဲ့သည် ရခိုင်ပြည်ဘက်သို့ ထွက်ပြေးကာ ပြန်လည်ခြေကုပ်ယူလာနေခြင်းဖြစ်နိုင်သည်ဟုလည်း သုံးသပ်မှုများရှိနေကြသည်။

Photo - ARSA

ဆက်စပ် သတင်းများ