အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

ရခိုင်ကမ်းရိုးတန်းတွင်အများဆုံးတွေ့ရသည့် ငါးသိန်းတုတ်(ခေါ်)ငါးရွှေမှုန် ဈေးကွက်အတွင်း စတင်ရောင်းချ


  • ရေးသူ: Web Master (NN 23)
  • | ရက်စွဲ: ၁၉ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 653

ရခိုင်ကမ်းရိုးတမ်းဒေသတွင် အများဆုံးတွေ့ရသည့် ရာသီပေါ်ငါးတစ်မျိုးဖြစ်သော ငါးသိန်းတုတ်(ခေါ်) ငါးရွှေမှုန်ကို ယခုမိုးနှောင်းပိုင်းမှ စတင်ရှာဖွေဖမ်းဆီးကာ ဈေးကွက်တွင်ရောင်းချနေပြီဟု သိရသည်။

ယင်းငါးကို ရခိုင်ပြည်နယ်ထဲမှ သံတွဲ၊ ကျိန္တလီ၊ ဂွမြို့နယ်များမှ ရေလုပ်သား တံငါသည်များက အဓိက ရှာဖွေဖမ်းဆီးလေ့ရှိပြီး ယခုလထဲတွင် ငါးများကို ဈေးကွက်တွင် ရောင်းချနေရပြီဟု သိရသည်။

တောင်ကုတ်မြို့က ငါးသိန်းတုတ်ငါးရောင်းချနေသူ အမျိုးသမီးတစ်ဦးက "ငါးသိန်းတုတ်တွေ ကိုယ့်ရခိုင်ကမှာယူပြီး ပြန်ရောင်းနေတာပါ။ အခုလောလောဆယ်တော့ ကျွန်မတို့ ကျိန္တလီဘက်ကမှာပါတယ်" ဟု ပြောသည်။

လက်ရှိတွင် ငါးသိန်းတုတ် နို့ဆီတစ်ဗူးကို ကျပ် ၅၀၀၀ ဖြင့် ရောင်းနေရကြောင်း သူမက ပြောသည်။

ငါးသိန်းတုတ်မှာ ရာသီပေါ်ငါးဖြစ်သလို စျေးကောင်းလည်းရသည့်အတွက် တံငါသည်များအတွက် ဝင်ငွေပိုအဆင်ပြေကြောင်း ရေလုပ်သားများက ပြောသည်။

ငါးသိန်းတုတ်ငါးကို အုန်းနို့နှင့် အချိုချက်စားလျှင်လည်း အရသာရှိသလို ကြော်၍ပင်စားစား၊ အိုးကပ်ပင်ချက်စားစား အရသာရှိသည့် ငါးတစ်မျိုးဖြစ်ကြောင်း သိရသည်။

အဆိုပါငါးမှာ မိုးနှောင်းပိုင်းကာလ ရေချိုရေငန်စပ်ရှိသည့် ချောင်းများတွင်ရှာဖွေဖမ်းဆီးနိုင်သည့် အလွန်သေးငယ်သော ငါးတစ်မျိုးဖြစ်ကြောင်း သိရသည်။

ငါးသိမ်းတုတ်ရှာဖွေသူများသည် နေခင်းဘက်ရေပြည့်နေစဉ် ချောင်းကမ်းစပ်တစ်လျှောက်တွင် ငါးအုပ်ရှိသည့်နေရာကို လှေလှော်သွားပြီး လှော်တက်ဖြင့်စမ်းကာရှာဖွေရသည်ဟု သံတွဲမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာမှ တံငါသည်အမျိုးသားတစ်ဦးက ပြောသည်။

"အဲဒီမှာ ရေပြည့်နေတဲ့အချိန် ချောင်းကမ်းနားတွေသွားပြီး ငါးအုပ်ရှိမယ့်နေရာကို လှော်တက်နဲ့စမ်းရတယ်။ စမ်းလို့ငါးအုပ်ရှိရင် တက်ကိုဖျင်းကနဲ့ ဖျင်းကနဲ ဝင်တိုးတာပေါ့" ဟု ပြောသည်။

ယင်းသို့ငါးအုပ်တွေ့သည်နှင့် ငါးဖမ်းသမားနှစ်ဦးက ရေထဲဆင်းကာ အနည်းဆုံး ၁၂ ကိုက်ခန့်ရှိသည့် ခြင်ထောင်နှင့်တူသော ငါးသိန်းတုတ်ပိုက်ဘောင်များကို ဆွဲ၍ ကူးခတ်သွားရပြီး တစ်ဦးက လှေပေါ်မှ ထိန်းပေးထားရကြောင်း သူက ပြောသည်။

"ပိုက်ကတော့ ခြင်ထောင်နဲ့အတူတူပဲ။ ငါးသိန်းတုတ်ပိုက်လို့ ရှိတယ်။ ငါးအုပ်ရှိလို့ရှိရင် နှစ်ယောက်က ရေထဲဆင်းရတယ်။ ပိုက်ကိုရေမှာဆွဲပြီး ရေနက်ရင်ရေကူးရတယ်။ နောက်တစ်ယောက်က လှေထက်ကလိုက်ပြီးထိန်းရတယ်။ လက်တောင်နှစ်ဆယ်လောက်ရေကူးပြီးတာနဲ့ ပိုက်ကို ကမ်းဘက်ဝိုက်ပြီး ကပ်တယ်။ ပြီးတော့ ပိုက်မှာပါလာတဲ့ငါးကို ခြင်းတောင်းထဲလှပ်ရတယ်" ဟု ပြောသည်။

ငါးသိန်းတုတ်(ခေါ်)ငါးရွှေမှုန်ငါးကို မြန်မာနိုင်ငံထဲတွင် ရခိုင်ဒေသ၌ အများဆုံးတွေ့ရလေ့ရှိပြီး ဧရာဝတီ၊ တနင်္သာရီ၊ မွန်၊ ကရင်၊ ပဲခူး ဒေသတို့တွင်လည်း အသင့်အတင့် တွေ့ရှိရကြောင်း သိရသည်။

ဓာတ်ပုံ - ကျိန္တလီမှ မှာယူထားသည့် ငါးသိန်းတုတ်များအား တောင်ကုတ်မြို့တွင်ရောင်းချနေစဉ်။

Photo - Su Su Khing

ဆက်စပ် သတင်းများ

ဆက်စပ်သတင်း မရှိပါ!!