အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

ရခိုင်တွင် စစ်​ဘေး​ရှောင်များနှင့် IDP များအား ​​ထောက်ပံ့သည့်ပစ္စည်းများ ​စျေးကွက်အတွင်း ကျယ်ပြန့်စွာ ​တွေ့လာရ


  • ရေးသူ: Web Master (NN 18)
  • | ရက်စွဲ: ၂၀ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 747

ရခိုင်ပြည်နယ်တွင်စစ်​ဘေးရှောင်များနှင့် IDP ဒုက္ခသည်များကိုထောက်ပံ့သည့် ပစ္စည်းများအား​စျေးကွက်အတွင်း ​အများအပြားတွေ့လာရသည်ဟု ​​​ဒေသခံများနှင့်အရပ်ဖက်အဖွဲ့အစည်းများက ​ပြောသည်။ 


အ​တွေ့များလာသည့် ပစ္စည်းများမှာ အမျိုးသမီးလစဥ်သုံးပစ္စည်းများ၊ ဆန်၊ မျက်နှာသုတ်၊ တာ​ပေါ်လင်၊ သွားတိုက်တံစသည့် ကယ်ဆယ်​ရေးအသုံးအ​ဆောင်များဖြစ်သည်ဟု စစ်​တွေမြို့မှ အမျိုးသမီးငယ်တစ်ဦးက ​ပြောသည်။

"
လစဥ်သုံး ပစ္စည်း​တွေက အမြဲတမ်း စစ်​တွေ​စျေးမှာ ​တွေ့ရတယ်။ လစဥ်သုံး​တွေက ပုံမှန်​စျေး ၁၀၀၀ ကျပ်ဆိုရင် အဲဒီက ၀ယ်ရင် ၈၀၀​ ကျပ်လောက်ပဲ​ပေးရတယ်"ဟု ဆိုသည်။

ယင်းအပြင် ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (Unicef) တံဆိပ်ပါ၀င်သည့် စာအုပ်၊ ခဲတံ၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တံဆိပ်ပါသည့် မျက်နှာသုတ်၊ တာ​ပေါ်လင်များအား စစ်​တွေအပြင် တခြားမြို့နယ်ရှိ ​စျေးများတွင်လည်း ​​ပေါ်​ပေါ်တင်တင် ​ရောင်းချ​နေသည်ဟုလည်း ​ဒေသခံများက ဆိုသည်။

မိုခါပြီး​နောက် ကယ်ဆယ်​ရေးဆန်များကိုလည်း ​စျေးကွက်တွင် ​တွေ့ရ​ကြောင်း  အမည်မ​ဖော်လိုသည့် အုပ်ချုပ်​ရေးမှူးတစ်ဦးက ဆိုသည်။

"
ဆန်က ​စျေးကွက်မှာ​တွေ့ရတာက ကယ်ဆယ်​ရေးပစ္စည်း​တွေယူဖို့အတွက် ကျသင့်တဲ့ခရီးစရိတ်ကို ​ပေးလာတဲ့အဖွဲ့အစည်း​တွေ၊ ဌာနဆိုင်ရာ​တွေက မ​ပေး​တော့ ဒီဖက်က ပစ္စည်း​တွေ ​စျေးကွက်ရောက်ကုန်တာ​ပါ" ဟု ဆိုသည်။

အမျိုးသမီး လစဥ်သုံးပစ္စည်းများ ​စျေးကွက်သို့ ​ရောက်လာခြင်းမှာ ​စစ်​​ဘေး​ရှောင်များ၏ စား၀တ်​နေ​ရေး အခက်အခဲများ​​ကြောင့်ဟု ဘူးသီး​တောင်မြို့ရှိ စစ်​ဘေး​ရှောင်စခန်းတစ်ခုမှ ​ခေါင်း​ဆောင်အမျိုးသမီးတစ်ဦးက ဆိုသည်။

"
ဒါက​တော့ နှစ်ပိုင်းရှိမယ်။ တစ်ပိုင်းက ​ပေးတဲ့လူ​တွေက အမျိုးသမီးအ​ရေအတွက်ကို ကြည့်ပြီးမှ ​​ပေးတာမဟုတ်ဘူး။ အိမ်ဆီ လိုက်​ပေးတဲ့အခါ မိန်းက​လေးငယ်မရှိတဲ့အိမ်မှာ pad ထုပ်တွေပို​နေလို့ ​စျေးအနည်းနဲ့ ထုတ်​ရောင်းတာရယ်။ တချို့ အိမ်​တွေမှာက စား၀တ်​နေ​ရေး မ​လောက်ငတာ​ကြောင့် အသုံးလို​ပေမဲ့ ထုတ်​ရောင်းတာရယ်ရှိပါတယ်"ဟု ဆိုသည်။

ယခုကဲ့သို့ ကူညီကယ်ဆယ်​ရေးပစ္စည်းများ ​စျေးကွက်သို့ ​ရောက်ရှိလာသည့်ကိစ္စမှာ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများအ​နေဖြင့် ကြီးကြပ်သင့်​ကြောင်း အရပ်ဖက် အဖွဲ့အစည်းများက ​ထောက်ပြကြသည်။

အရပ်ဖက်အဖွဲ့အစည်းမှ  လူငယ်တစ်ဦးက "ဒီလို အ​ကြောင်းအရာ​တွေက မဖြစ်သင့်ဘူး။ ကျမတို့လည်း ​စျေးထဲမှာ အမြဲ​တွေ့​နေရတယ်။ ဒါကို သက်ဆိုင်တဲ့အဖွဲ့အစည်း​​တွေ ​မြေပြင်ကွင်းဆင်းပြီး စစ်​ဆေးသင့်တယ်။ တချို့ပစ္စည်း​တွေဆို ကူညီလိုတဲ့ လူ​တွေဆီ လုံး၀မ​ရောက်ဘဲ တခါတည်း ​စျေးကွက်ကို ​ရောက်လာတယ်။ ဒါက မဖြစ်သင့်ဘူး"ဟု ဆိုသည်။ 

ယခုကိစ္စနှင့်ပတ်သက်ပြီး သိရှိိနိုင်ရန် UNHCR အပါအ၀င် တခြားအဖွဲ့များနှင့် အဆက်အသွယ်ရရှိရန် ကြိုစား​နေဆဲဖြစ်သည်။

ရခိုင်တွင် ၂၀၁၈ ခုနှစ်မှစတင်ကာ ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ ဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ဦးရေ ၇ သောင်းခန့်ရှိနေသေးသည်ဟု သိရသည်။

အလားတူ ၂၀၁၂ ခုနှစ်ကဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့်လည်း စစ်တွေ၊ မြေပုံနှင့် ကျောက်ဖြူစသည့်မြို့နယ်များတွင် IDP ဒုက္ခသည် သိန်းနှင့်ချီ ရှိနေသေးကြောင်း သိရသည်။

စစ်ဘေးရှောင်များနှင့် IDP ဒုက္ခသည်များကို အစိုးရက ကူညီထောက်ပံ့ခြင်းများမရှိတော့၍ နိုင်ငံတကာအဖွဲ့အစည်းများကသာ ကူညီထောက်ပံ့နေရခြင်းဖြစ်သည်ဟု သိရသည်။

ဆက်စပ် သတင်းများ