အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

စစ်တွေတွင် မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းပိုင် ဆိုင်ကယ်တစ်စီး ဓားထောက်လုယက်ခံရ


  • ရေးသူ: Web Master (NN 12)
  • | ရက်စွဲ: ၂၁ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 786

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းပိုင်ဆိုင်သည့် ဆိုင်ကယ်သည် ဓားထောက်လုယက်ခံလိုက်ရသည်ဟု သိရသည်။

လုယက်ခံလိုက်ရသည့်ဆိုင်ကယ်မှာ မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း၏ အသင်းပိုင်ဆိုင်ကယ်ဖြစ်ပြီး (CZI) အနီရောင် အမျိုးအစားဖြစ်သည်ဟု သိရသည်။

မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းမှ သွေးရှာပေးနေသည့် သွေးဘက်ဆိုင်ရာတာဝန်ခံသည် သြဂုတ်လ ၂၀ ရက်၊ နံနက် ၅ နာရီ၊ ၁၅ မိနစ်က စစ်တွေဆေးရုံကြီးတွင် သွေးလှူ၍ အဆိုပါဆိုင်ကယ်ဖြင့်ပြန်လာစဉ် စစ်တွေမြို့၊ ကျောင်းတက်လမ်းရပ်ကွက်၊ ကသစ်တောဘကျော်ခွဆုံအနီးအရောက်တွင် အမည်မသိ လူ ၄ ဦးက ဓားထောက်ပြီး ဆိုင်ကယ်ကိုလုယူခြင်းခံလိုက်ရခြင်းဖြစ်သည်ဟု အဆိုပါဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက နိရဉ္စရာကိုပြောသည်။

"သွေးဘက်ဆိုင်ရာတာဝန်ခံက အဲ့နေ့က ဆေးရုံမှာ သွေးလှူရင်းပြန်လာတာ။ နောက်ကျသွားတယ်။ မိုးလင်းခါနီးနေပြီ။ ရုံးကလူတွေကိုနှိုးရမှာ အားနာလို့ အိမ်ပြန်သွားတာ။ ဆိုင်ကယ်အပြင် ဖုန်းပါ ဓားထောက်ပြီးလုတာ။ ဖုန်းတော့ ပါမသွားခဲ့ဘူး"ဟု ပြောသည်။

ယင်းသွေးဘက်ဆိုင်ရာတာဝန်ခံမှာ ပြီးခဲ့သည့် သြဂုတ်လ ၁၉ ရက်ညက ဆေးရုံတွင်သွေးလှူးရင်း ညဉ့်နက်သွားသည့်အတွက် ရုံးမပြန်တော့ဘဲ အိမ်ပြန်ရာမှ လုယက်ခံလိုက်ရခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါဆိုင်ကယ်သည် အနယ်နယ်အရပ်ရပ်မှသွေးလိုအပ်သည့် လူနာများအတွက် သွေးရှာရန် သွားလာရေးတွင် အသုံးပြုနေသည့်ဆိုင်ကယ်ဖြစ်၍ တစ်စုံတရာတွေ့ရှိပါက အကြောင်းကြားကူညီပေးရန် သက်ဆိုင်ရာများနှင့် မိဘပြည်သူများကိုလည်း မေတ္တာရောင်ခြည် ဖောင်ဒေးရှင်းက အသိပေး ပန်ကြားထားသည်။

မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းသည် စစ်တွေတွင် လူမှုရေးကိစ္စများကို လိုက်ပါကူညီဆောင်ရွက်ပေးနေသည့် လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သည်။

ရခိုင်ပြည်နယ် စစ်ကောင်စီရုံးစိုက်ရာ ပြည်နယ်၏ မြို့တော် စစ်တွေတွင် တစ်နေ့တခြား ခိုး၊ ဆိုး၊ လုယက်၊ ဖောက်ထွင်းမှုများ ပိုမိုများပြားလာနေသည်။

နေ့စဉ်ရက်ဆက်ဆိုသလို ဖောက်ထွင်းမှုများ၊ ခိုးယူမှုများရှိလာနေ၍ မည်သည့်နေ့တွင် မိမိတို့အိမ် ဖောက်ထွင်းခံရမည်ဆိုသည်ကို စိုးရိမ်ကြောက်လန့်နေကြရသည်ဟု မြို့ခံများက ပြောဆိုကြသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၈ ရက်၊ ညဉ့် ၂ နာရီခန့်တွင် စစ်တွေမြို့၊ မင်းဘားကြီးလမ်းရှိ Dual Tech သက်မွေးဝမ်းကြောင်းသင်တန်းကျောင်းတွင် သံတံခါးနှစ်ထပ်ဖြင့် ပိတ်ထားသည့်ကြားမှ ဆိုင်ကယ်နှစ်စီး အခိုးခံခဲ့ရကြောင်း သိရသည်။

သြဂုတ်လ ၃ ရက်ကလည်း စစ်တွေမြို့၊ ရပ်ကွက်တစ်ခုရှိ နေအိမ်တစ်အိမ်တွင် အိမ်သားများမရှိချိန် နေ့ခင်းကြောင်တောင် ဝင်‌ရောက်ဖောက်ထွင်းခဲ့၍ ငွေကြေးအချို့ ပါသွားခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း

(ဓားထောက်လုယက်ခံလိုက်ရသည့် မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းမှ အသင်းပိုင်ဆိုင်ကယ်)



ဆက်စပ် သတင်းများ