Preview

ရခိုင်မှ ယခင်လျှပ်စစ်မီးရရှိခဲ့သည့် ကျေးရွာများ မုန်တိုင်းတိုက်ပြီး ၄ လနီးပါးကြာသည့်တိုင် လျှပ်စစ်မီးမရရှိသေး

သြဂုတ် ၂၂/ ၂၀၂၃ | ကြည့်ရှုသူ :964
ရခိုင် သတင်း

ရခိုင်မှ  ယခင်လျှပ်စစ်မီရရှိခဲ့သည့် မုန်တိုင်းသင့် ကျေးရွာအများအပြားမှာ ဆိုင်ကလုန်း မိုခါမုန်တိုင်းအပြီး ၄ လနီးပါး ကြာသည့်တိုင်လျှပ်စစ်မီးမရရှိသေးဟု သိ၇သည်။

မေလ ၁၄ ရက်နေ့ကတိုက်ခတ်သွားသည့် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ကျောက်တော်၊ပုဏ္ဏားကျွန်း၊ ၇သေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ဘူးသီးတောင်နှင့် မောင်တောစသည့်မြို့နယ်များတွင် လျှပ်စစ်မီးတိုင်များ၊အဆောက်အဦများပြိုလဲပြီး လျှပ်စစ်မီးများ ပြတ်တောက်သွားခဲ့သည်။

လက်ရှိမြို့ပေါ်တွင် လျှပ်စစ်မီး ပြန်ရနေပြီဖြစ်သော်လည်းယခင်လျှပ်စစ်မီး ရရှိခဲ့သည့်  ကျေးရွာအများအပြားတွင် ယနေ့အချိန်ထိလျှပ်စစ်မီး မရရှိသေးဟု ကျေးရွာသားများက ပြောဆိုသည်။

ကျောက်တော်မြို့နယ်၊ကန်စောက်ကျေးရွာမှ ကိုစိုးမင်းထွန်းက " လျှပ်စစ်မီးမရတော့ အခက်အခဲကအမျိုးမျိုးရှိတယ်။ လျှပ်စစ်မီးရတုန်းက အချိန်ကုန်လည်း သက်သာတယ်။လုပ်ငန်းပိုင်းဆိုင်ရာတွေကလည်း အဆင်ပြေတယ်။ လျှပ်စစ်မီးမရတော့ မီးစက်တွေ ဝယ်ရတယ်။ ဆီဖိုးအကုန်အကျတွေများတယ်" ဟု ပြောသည်။

အချို့ကျေးရွာများတွင်ပိုက်ဆံတတ်နိုင်သူများ ဝယ်ယူအသုံးပြုနေသည့် မီးစက်များ၌ ဖုန်း၊ အားဖြည့်မီးလုံးစသည်တို့ကိုကျပ် ၁ ထောင်မှ ကျပ် ၅ ထောင်ခန့်အထိ အခကြေးငွေပေးကာသွားရောက်အားဖြည့်နေရမှုများလည်း ရှိနေသည်ဟု ဒေသခံများက ပြောသည်။



လက်ရှိအချိန်အထိ လျှပ်စစ်မီးမရရှိသေးသည့်အတွက်ထမင်းဟင်းချက်ပြုတ်ရေးနှင့် ကျောင်းသား/သူများ စာဖတ်ရာ၌လည်းအခက်အခဲဖြစ်လျက်ရှိသည်ဟု ရသေ့တောင်မြို့နယ်မှ အမျိုးသမီးတစ်ဦးကပြောသည်။

"မီးကမရသေးတော့ ထမင်းဟင်းချက်ပြုတ်ရတာအဆင်မပြေဘူး။ မီးသွေးတွေရှာပြီး ဝယ်ယူနေရတယ်။ ပြီးရင် ကလေးတွေစာကျက်ရတာလည်း အခက်အခဲဖြစ်တယ်။ ဆိုလာနဲ့ ဘက်ထရီအိုးတွေ ဝယ်ပြီးသုံးနေတာ။နေသာတဲ့ရက်တွေအဆင်ပြေပေမဲ့ မိုးဆက်တိုက်ရွာနေတဲ့ ရက်တွေမှာကျတော့အဆင်မပြေဘူး" ဟု ပြောသည်။

ရခိုင်မှမုန်တိုင်းသင့်ကျေးရွာများကို စက်တင်ဘာလအတွင်း လျှပ်စစ်မီးရရှိနိုင်အောင်ပြည်နယ်လျှပ်စစ်ဌာနက ဆောင်ရွက်နေသည်ဟုလည်း သိရသည်။

ကျောက်တော်မြို့နယ်၊ လျှပ်စစ်အင်ဂျင်နီယာရုံးမှတာဝန်ရှိသူတစ်ဦးက "မီးမရရှိသေးတဲ့ ရွာတွေကို စက်တင်ဘာလအတွင်းမီးရရှိနိုင်အောင် ဆောင်ရွက်နေတာရှိတယ်။ ပျက်စီးမှုတွေက များတယ်။နယ်ဘက်ကရွာတွေကျတော့ ရွာတိုင်း မီးရတာမဟုတ်ဘူး။ အဲ့ဒီတော့ ပြတ်တောက်သွားတဲ့လျှပ်စစ်မီးကြိုးတွေကို တပ်ဆင်ရတဲ့အခါ ကြန့်ကြာမှုတွေရှိနေတာ"ဟု ပြောသည်။

၇ခိုင်တွင်ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမိုခါမုန်တိုင်းအပြီး ပုံမှန်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်အတွက် ပြည်မဘက်မှ ကျွမ်းကျင်လျှပ်စစ်ဝန်ထမ်း ၅၀၀ကျော်နှင့် ၇ခိုင်မှဝန်ထမ်း ၁၀၀၀ ကျော်တို့က ပြုပြင်ဆောင်ရွက်ခဲ့ရသည်။

ယင်းသို့ဆောင်ရွက်ခဲ့ပြီးနောက် နှစ်လခန့်အကြာတွင် စစ်တွေအပါအဝင်မုန်တိုင်းသင့်မြို့ ၁၀ မြို့စလုံး၏ မြို့ပေါ်ရပ်ကွက်များနှင့် မြို့အနီးရှိကျေးရွာအချို့ကို လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်ခဲ့သည်။ 

#လျှပ်စစ်မီး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.